AA ထိုးစစ်ကြောင့်အမ်းမြို့ တိုင်းစစ်ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်အချို့ဆုတ်ခွာပြေး

မတ်၊ ၂၈
 
အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ခွဲတွေကို ရက္ခိုင့်တပ်တော်(AA)က စတင်ထိုးစစ်ဆင်နေပြီး ခမရ (၃၇၂) နဲ့ ထောက်ပို့တပ်ခွဲတို့ တပ်ဆုပ်ပြေးသွားပြီလို့ စစ်ရေးနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
AA ဟာ အမ်းမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်း၊ တပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မနေ့က ၂၇ ရက်နေ့မှာတော့ အမ်း-တပ်တောင်လမ်းပေါ် နပခအနီးရှိ အမှတ်(၉၂၆)ထောက်ပံ့၊ ပို့ဆောင်ရေးတပ်ခွဲကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
“၃၇၂ ရော၊ ထောက်ပို့တပ်ရော နပခထဲ ဝင်ပြေးသွားကြပြီ၊ မနေ့ညကတည်းက ဆုပ်သွားတာ၊ အသေးစိတ်တွေတော့ မသိရသေးဘူး၊ တပ်တော်(AA)ဘက်က ထုတ်ပြန်မှပဲ ပြောနိုင်မယ်”လို့ ဒေသတွင်းစစ်ရေးအခြေအနေတွေကို လေ့လာနေတဲ့ အမ်းဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် မနေ့က မတ်လ ၂၇ ရက်နေ့မှာပဲ နပခနဲ့တမိုင်ကျော်အကွာမှာရှိတဲ့ ပြောင်သေရွာနဲ့ လုံးရွာအနီးဝန်းကျင်တွေမှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အင်အား ရှစ်ဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက DNA ကို ပြောကြပါတယ်။
 
“အင်အားတရာ့ငါးဆယ်လောက် စစ်ကြောင်းထွက်သွားတာမှာ ခုနှစ်ဆယ်လောက်ပဲ ပြန်လာနိုင်တာတွေ့တယ်၊ ကျန်တာအကုန်သေသွားတယ်၊ သူတို့အခု လုံးရွာဘက်ကို ဆုပ်လာကြပြီ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ တိုင်းစစ်ဌာနချုပ်ကနေ ပြောင်သေရွာဘက်သို့ စစ်ကြောင်းထိုးခဲ့တာမှာ ဖြတ်တိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိခဲ့ပြီး လူနေကျေးရွာတွေအတွင်းသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်အပျက်အစီးတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောကြပါတယ်။
 
“မနေ့ကတရက်လုံး ပစ်ကြတယ်၊ ညလည်း ပစ်တယ်၊ လူတွေတော့ ထိတယ်မကြားသေးဘူး၊ ရွာသားတွေလည်း ထွက်ပြေးနေကြရတာမို့လို့လေ၊ အိမ်တွေတော့ အပျက်အစီးရှိတယ်”လို့ အမ်းဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
 
ဒီနေ့ မတ်လ ၂၈ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ မြို့ပေါ် တမိုင်ကုန်းစခန်းအပါအဝင် တပ်ရင်းတွေဆီကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။
 
တိုင်းစစ်ဌာနချုပ်အခြေစိုက်ပြီး လက်ရုံးတပ်တွေအပါအဝင် တပ်ရင်း၊ တပ်ခွဲတဆယ်ကျော်ရှိတဲ့ အမ်းမြို့နယ်မှာ AA ရဲ့ထိုးစစ်တွေအရှိန်ပြင်းလာနိုင်ပြီး မကြာခင် တပ်ရင်းတွေတခုပြီး တခုသိမ်းပိုက်ရနိုင်ခြေရှိနေတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ဒေသခံတွေက သုံးသပ်ကြပါတယ်။
 
တိုင်းစစ်ဌာနချုပ်(နပခ)အထိုင်ချထားတဲ့ အမ်းမြို့နယ်မှာ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၇၁၊ ၃၇၂၊ ၂၇၂ နဲ့ အမြောက်တပ် ၃၇၄ တို့ အခြေစိုက်ပြီး လက်ရုံးတပ်တွေလည်း ရှိနေတာပါ။
 
အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ တိုက်ပွဲကာလတွေကတည်းက AA နဲ့ စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး အခုတကျော့ပြန်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းအများစုကို ဆုပ်ခွာရုပ်သိမ်းခဲ့တာ တွေ့ရပါတယ်။
 
“အခုက တပ်ရင်းဌာနချုပ်တွေပါ တခုပြီး တခု ဆုပ်လာနိုင်တယ်၊ နပခထဲမှာ စုခံကြမယ့်သဘောတွေ့နေရတယ်၊ မနေ့ကတပ်ရင်းတွေ ဆုပ်တာလည်း နပခကို ကာကွယ်ဖို့ ဆုပ်ကြတာ”လို့ အမ်းဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုတွေ အပြင်းအထန်လုပ်လာခဲ့ရင် ရေနံနဲ့ သဘာ၀ဓါတ်ငွေပိုက်လိုင်းတွေကို ထိခိုက်မိမှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မနေ့က တိုက်ပွဲဖြစ်နေခဲ့တဲ့ ထောက်ပို့တပ်ခွဲဆိုရင် ပိုက်လိုင်းနဲ့ မိုင်ဝက်ဝန်းကျင်အကွာမှာ တည်ရှိတာပါ။ “ပေါက်တောတို့၊ ရမ်းဗြဲတို့ကိုလိုမျိုး လေယာဉ်နဲ့အပြင်းအထန် ပစ်လာရင် ပိုက်လိုင်းထိပြီး မီးလောင်တာတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်၊ အဲလိုဖြစ်လာရင် ဒေသခံတွေအတွက် အန္တရယ်တော်တော်ကြီးတယ်”လို့ အမ်းဒေသခံလူမှုရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
 
တရုတ်ရဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ပိုက်လိုင်းဟာ ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ အမ်းမြို့နယ်ကို ဖြတ်ပြီး မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်တို့ကနေတဆင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားတာပါ။
 
ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လေကြောင်း၊ လက်နက်ကြီးတွေဟာ တရုတ်ပိုက်လိုင်းအနီးဝန်းကျင်တွေမှာ ကျရောက်တာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေက ထုတ်ပြောခဲ့ကြပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ရှစ်ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅)အခြေစိုက်ရာ ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်မြို့တဲ့ မောင်တောမြို့နယ်တို့မှာလည်း ထိုးစစ်တွေ တပြိုင်တည်းလုပ်နေပါတယ်။
 
ဒါ့အပြင် ပြည်နယ်တောင်ပိုင်းရှိ သံတွဲ၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ မကြာခဏ ရှိနေပြီး မြို့တော်စစ်တွေကိုလည်း AA က ပတ်လည်ဝိုင်းရံကာ ပိတ်ဆို့ထားပါတယ်။ ရခိုင်ဒေသတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေပေမယ့် AA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကတော့ တရုတ်နိုင်ငံအတွင်း ဆွေးနွေးမှုတွေ ပုံမှန်ရှိနေပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ကတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တခုမကျန်တိုက်ခိုက်သိမ်းပိုက်သွားမှာမို့ အချိန်မနှောင်းခင် လက်နက်ချအညံ့ခံကြဖို့ဆိုပြီး စစ်ရေးသတင်းထုတ်ပြန်ချက်တွေမှာ မကြာခဏထည့်သွင်းသတိပေးနေတာ တွေ့ရပါတယ်။
 
ဓာတ်ပုံ – AA Info Desk
ပုံစာ – မောင်တောစခန်းသိမ်းတိုက်ပွဲတခုအပြီးAAတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဥ်