ကပွဲခန်းမ တိုက်ခိုက်မှုကြီး အစွန်းရောက် အကြမ်းဖက်တွေ လက်ချက်လို့ ပူတင် ပထမဆုံးအကြိမ် အတည်ပြု

မတ်၊ ၂၇

မော်စကိုမြို့ ကပွဲရုံ အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ အစ္စလာမ်မစ် အစွန်းရောက် ဂျီဟတ်ဒ်ဝါဒီတွေလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပထမဆုံးအကြိမ် လက်ခံ အသိအမှတ် ပြုခဲ့ပေမယ့် နောက်ကွယ်က အဓိက ကြိုးကိုင်တဲ့ အင်အားစုကို အတည်မပြုနိုင်သေးဘူးလို့ ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မော်စကိုမှာရှိတဲ့ Crocus City Hall ကပွဲရုံ ခန်းမကြီးမှာ လူတွေ ထောင်နဲ့ချီ စုဝေးနေတုန်း လက်နက်ကိုင် တစုက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တဲ့အတွက် ၁၃၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကို သူတို့ကျူးလွန်ပါတယ်လို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှာ ဖြန့်ကျက်လှုပ်ရှားနေတဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ခွဲ တခုက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားထောက်လှမ်းရေးတွေက နောက်ပိုင်းမှာတော့ ပြစ်မှုကျူးလွန်သူ တာဂျစ်ကစ္စတန် နိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ကြံရာပါလို့ စွပ်စွဲ ခံရသူ ၇ ဦးကိုပါ ထိန်းသိမ်းခဲ့ပါတယ်။ မူလတုန်းက မော်စကို အကြမ်းဖက်မှုကြီးရဲ့ နောက်ကွယ်မှာ ယူကရိန်းက ပါဝင်ပတ်သက်နိုင်တယ်လို့ ရုရှားက စွပ်စွဲခဲ့ပေမယ့် အခုသီတင်းပတ်မှာတော့ ပူတင်က ဒီကိစ္စဟာ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် ဝါဒနဲ့ ဆက်နွှယ်နေတယ်လို့ ပထမဆုံးအကြိမ် လက်ခံ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်တယ် ဆိုတာကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

ပူတင်က အဲဒီ အကြမ်းဖက်သမားတွေကို ဘယ်သူက စေခိုင်းခဲ့သလဲ ဆိုတာကို ဆက်လက် စုံစမ်းဖို့ လိုအပ်နေပြီး သူတို့က အကြမ်းဖက်မှု ကျူးလွန်ပြီးတဲ့အချိန် ဘာကြောင့် ယူကရိန်းဖက်ကို ထွက်ပြေးဖို့ ကြံစည်ခဲ့သလဲ ဆိုတာကိုလည်း အဖြေရှာရမယ်လို့ ပြောပါတယ်။ အဲဒီမှာ သူတို့ကို ဘယ်သူက စောင့်ကြိုနေသလဲ ဆိုတာကလည်း ပဟေဠိ ဆန်နေတယ်လို့ ပူတင်က ဆိုတယ်။ အဓိပ္ပါယ်ကတော့ ပူတင်ဟာ ဒီတိုက်ခိုက်မှုနဲ့ ယူကရိန်းကြား ဆက်နွှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အလုံးစုံ မစွန့်လွှတ်လိုသေးတဲ့ သဘောပါပဲ။

ဒါပေမဲ့ နိုင်ငံရေး အကဲခတ်တွေကတော့ ပူတင်နဲ့ ရုရှားနိုင်ငံရေးသမားတွေဟာ ပြည်တွင်းမှာ ကြုံလာတဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုကြီး တခုကို ယူကရိန်း စစ်ပွဲနဲ့ အတင်းဆွဲ ဆက်စပ်ပြီး ဝါဒဖြန့်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

အမေရိကန် အစိုးရကလည်း အာရှအလယ်ပိုင်း အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်း တခုက ရုရှားမှာ တိုက်ခိုက်မှုကြီးတခု လုပ်ဆောင်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကို ရုရှား အာဏာပိုင်တွေဆီ ကြိုတင် ပေးပို့ထားခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမဲ့လည်း ရုရှားအစိုးရဟာ မော်စကို အကြမ်းဖက်မှုကြီးရဲ့ နောက်ကွယ်မှာ ယူကရိန်းက ဆက်စပ် ပါဝင်နေနိုင်တယ်ဆိုတဲ့ အယူအဆကို အလုံးစုံ စွန့်လွှတ်ဖို့ နှောင့်နှေးနေတာလည်း ဖြစ်ပါတယ်။

 

Ref: CNN