မတ် ၊ ၂၄
မူးယစ်ရမ်းကားမှုစွဲချက်နဲ့ ဖမ်းဆီးထားတဲ့ အရပ်သားတဦးကို သေဆုံးစေခဲ့တဲ့ ပစ်ခတ်မှုကျူးလွန်လို့ဆိုကာ သူတို့ တပ်ဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ် နှစ် နှစ်ဆယ်နဲ့ တလစီ ချမှတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
“လူသေမှုဖြစ်သွားတဲ့အတွက်ပေါ့နော်၊ တဖက်သားက ဆုံးရှုံးနစ်နာသွားတဲ့အတွက် အမြင့်ဆုံးအပြစ်ဒဏ်ကို ပေးထားတာဖြစ်ပါတယ်” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူ ကိုသာအယ်စိုးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ညက လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူရွာမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး ရပ်ရွာအတွင်း မူးယစ်ရမ်းကားတယ်ဆိုတဲ့ စွဲချက်နဲ့ KNDF က ဖမ်းဆီးထားစဥ် သေဆုံးခဲ့တာလို့ သိရပါတယ်။
KNDF ဘက်ကတော့ တပ်ဖွဲ့ဝင်တချို့ဟာ ပေးအပ်ထားတဲ့ လက်နက်ကို အသုံးပြုပြီး မလျော်ကန်တဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ဖြစ်စဥ်အသေးစိတ်ကိုတော့ ထုတ်ပြောတာမရှိပါဘူး။
အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက် ဗဟိုစုံစမ်းစစ်ဆေးရေး အဖွဲ့က ကနဦးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ အက်ဥပဒေ ပုဒ်မ (၄၉)အရ ပထမအဆင့် ဗျူဟာစစ် ခုံရုံးနဲ့ စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ပုဒ်မ (၄၈)အရ ဗဟိုစစ်တရားရုံး ချုပ်ကို ဖွဲ့စည်းပြီး စစ်အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀) အရ ဗဟိုစစ်ခုံရုံးအဖွဲ့ကနေ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလို့ ဆိုပါတယ်။
“ဗဟိုစစ်ခုံရုံးကနေပြီးတော့မှ ချမှတ်တဲ့အတွက် အယူခံတွေဘာတွေအတွက် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး၊ စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်က အတည်ပဲဖြစ်ပါတယ်” လို့လည်း ကိုသာအယ်စိုးက ပြောပါတယ်။
KNDF ကတော့ စစ်အက်ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက အတည်ပြုပြဋ္ဌာန်းထားပြီး အဲဒီဥပဒေအရပဲ အခုလို အရေးယူဆောင်ရွက်တာလို့ သိရပါတယ်။
အရင်ကတော့ တပ်တွင်းပြစ်မှုကျူးလွန်တာတွေကြောင့် အရေးယူခံရတဲ့ KNDF တပ်ဖွဲ့ဝင်တွေ ရှိခဲ့ပေမယ့် အရပ်သားသေဆုံးမှုကြောင့် အပြစ်ပေးအရေးယူခံရတာကတော့ အခုတကြိမ် ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
အခုလို ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူတွေဟာ KNDF တပ်ဖွဲ့မှာ တပ်သားအဆင့်ရှိသူတွေ ဖြစ်ပါတယ်။
ဗဟိုစစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက် သူတို့နှစ်ဦးဟာကရင်နီ တရားရေးဌာန လက်အောက်ခံ အကျဉ်းထောင်ရဲ့အကျဉ်းသားတွေအဖြစ် ရှိသွားမှာဖြစ်ပြီး ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က အခါအားလျော်စွာပေးမယ့် လွတ်ငြိမ်းခွင့်တွေကိုတော့ ခံစားခွင့်ရနိုင်တယ်လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူက ရှင်းပြပါတယ်။
ဓာတ်ပုံ – KNDF