တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုမှာ ဖိလစ်ပိုင်ဖက်က အပြည့်အဝ ရပ်တည်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

မတ်၊ ၁၉

ရေပိုင်နက် အငြင်းပွားမှုကိစ္စ တရုတ်နဲ့ တင်းမာနေတဲ့ အခြေအနေမှာ ဖိလစ်ပိုင်ဖက်က ရာနှုန်းပြည့် ထောက်ခံ ရပ်တည်မယ်လို့ အမေရိကန်က ကတိပြုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဖိလစ်ပိုင်ကို အလည်အပတ် ခရီးစဉ် သွားရောက်ချိန်မှာ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ် ဆက်ဆံရေးဟာ အရမ်း အခြေခံ ခိုင်မာပြီး အားကောင်းနေဦးမှာ ဖြစ်တယ်လို့လည်း အာမခံသွားခဲ့ပါတယ်။ 

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တခုလုံး နီးပါးကို ပိုင်နက်အဖြစ် သိမ်းသွင်းဖို့ ကြိုးစားလာရာကနေ ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲဒီရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်တွေကြား ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခ ဖြစ်မှုတွေလည်း ခပ်စိပ်စိပ် ကြုံလာရပါတယ်။

ဘလင်ကန်က တောင်တရုတ်ပင်လယ် ရေကြောင်း သွားလာမှုဟာ ဖိလစ်ပိုင်ရဲ့ လုံခြုံရေး၊ စီးပွားရေး ကဏ္ဍတွေအတွက် အထူးအရေးကြီးကြောင်း၊ ဒါ့အပြင် ဒေသတခုလုံး၊ အမေရိကန်နဲ့ ကမ္ဘာကြီး အတွက်လည်း အရေးပါနေကြောင်း၊ ဒါကြောင့်လည်း နိုင်ငံတခုတည်းက အဲဒီ အခြေအနေတွေကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတာကို ဆန့်ကျင်နေတဲ့ ဖိလစ်ပိုင်ဖက်က အခိုင်အမာ ရပ်တည်မှာဖြစ်ကြောင်း ဘလင်ကန်က ဆိုပါတယ်။

ဘလင်ကန်ဟာ မနီလာမြို့မှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်းနရစ် မန်နာလို အပါအဝင် အစိုးရ ထိပ်သီး အရာရှိတွေနဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ဆွေးနွေးခဲ့ပါသေးတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ အမေရိကန်ရဲ့ အဓိက စစ်ရေးမဟာမိတ် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေသလို ဒေသတွင်း တရုတ်နဲ့ အမေရိကန်တို့ကြား အားပြိုင်မှုမှာ ပင်မဝင်ရိုး တခုအဖြစ်လည်း ရုပ်လုံးပေါ်လာနေခဲ့ပါတယ်။

 

Ref: BBC