စစ်ရေးဆက်လက်တင်းမာနေလို့ လေးကေ့ကော်နဲ့ မယ်ဝါးခီး ဒေသခံတွေ ထပ်မံတိမ်းရှောင်

မတ်၊ ၁၈
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား စစ်ရေးဆက်လက်တင်းမာနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့နဲ့ အနီးရှိ မယ်ဝါးခီးရွာက ဒေသခံတွေ အခု ရက်ပိုင်းအတွင်း ထပ်ပြီးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
“မယ်ဝါးခီးကလည်း တရွာလုံးပဲ၊ လေးကေ့ကော်ကလည်း တချို့ပါတယ်၊ ဒီမှာ လူနှစ်ရာကျော်လောက်ရှိတယ်” လို့ တိမ်းရှောင်နေရတဲ့ လေးကေ့ကော်ဒေသခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိမှာတော့ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နယ်မြေထဲရှိနေတဲ့ ထိုင်း-မြန်မာvနှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်နံဘေးရှိ မင်းလက်ပံရွာနားက ကြို့ပင်ဂိတ်ဘက်မှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
လေးကေ့ကော်မြို့နဲ့ နှစ်မိုင်လောက်အကွာ စွယ်တော်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်ရတာကြောင့် အခုလို ထပ်မံတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
 
“သူတို့တွေကတော့ (တော်လှန်ရေးတပ်) တကယ်လို့ အမြှောက်ကုန်း (စွယ်တော်ကုန်း)ကနေ ပစ်လို့ရှိရင် မယ်ဝါးခီးရော၊ လေးကေ့ကော်ရော မလွတ်ဘူး၊ အဲဒါကြောင့် ရှောင်ပေးရမယ်ပြောတယ်” လို့လည်း အထက်ပါဒေသခံ အမျိုးသမီးက ပြောပါတယ်။
 
လေးကေ့ကော်ရဲ့ အရှေ့တောင်ဘက် ခြောက်မိုင်လောက်အကွာက စစ်ကောင်စီတပ်ရဲ့ ဖလူးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပါတယ်။
 
နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ခြေကုပ်ရယူထားတဲ့ ဖလူးစခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် စစ်ကောင်စီတပ်က အဲဒီအနီးတဝိုက်က ကျေးရွာတွေဘက်ကို နေ့စဉ်ရက်ဆက်လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
 
အဲဒါကြောင့် ဖလူးတိုက်ပွဲဖြစ်ပြီးကတည်းက အနီးအနားရှိ မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီး အစရှိတဲ့ ကျေးရွာတွေက ဒေသခံနှစ်ထောင်ကျော် သောင်းရင်းမြစ်ကမ်းဘေးတလျှောက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
 
“ဒီမှာတော့ ပါလာတဲ့ ဆီလေးတွေ၊ ဆန်လေးတွေနဲ့ ကိုယ့်ဟာကိုယ်ချက်တယ်၊ ကိုယ့်အိုးနဲ့ကိုယ်ပဲ ချက်စားကြတယ်လေ၊ မနေ့ကတော့ တယောက်ကို ဆန်ခြောက်ပြည်တအိတ်နဲ့ ဆီတဘူးစီ၊ မာမားက ငါးထုပ်စီ ဝေပေးတယ်” လို့ လက်ရှိ ကြို့ပင်ဂိတ်ဘက်မှာ တိမ်းရှောင်နေတဲ့ အထက်ပါ ဒေသခံက ပြောပါတယ်။
 
အခုလို တိမ်းရှောင်နေရသူတွေဟာ တိုက်ပွဲတွေကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိပြီး အရင်ကတော့ ထိုင်းနိုင်ငံဘက်ကို သွားရောက်တိမ်းရှောင်မှုတွေ ရှိခဲ့ပေမယ့် အခုတကြိမ်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်း လုံခြုံရေးတင်းကျပ်ထားသလို နယ်စပ်ဖြတ်ကျော်ခွင့်လည်း မပေးတော့ဘူးလို့ သိရပါတယ်။
 
လက်ရှိမှာတော့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင်နဲ့ ဖလူးဘက် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ခုနှစ်ထောင်နီးပါး ရှိပြီလို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – သောင်ရင်းမြစ်နံဘေးတွေ့ရတဲ့ စစ်ဘေးရှောင်တချို့