မတ်၊ ၁၆
လက်ရှိနိုင်ငံတဝန်းမှာ နေပြည်တော်၊ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေမှာကအစ စစ်မှုထမ်းဖို့ဆိုပြီး စာရင်းကောက် ယူနေတာတွေရှိနေပါတယ်။
အဲ့ဒီလို စာရင်းစတင်ကောက်ယူလာတဲ့တချိန်တည်းမှာပဲ ဒေသတချို့မှာတော့ စစ်မှုထမ်းရမယ့်သူကို တပါတည်း မဲနှိုက်ရွေးချယ်တာ၊စစ်မှုထမ်းစာရင်းထဲမပါရေး ငွေကျပ်သိန်းချီ ပေးရတာတွေလည်းရှိနေတယ်ဆိုတဲ့ သတင်းတွေ လည်းထွက်နေပါတယ်။
စစ်မှုထမ်းဥပဒေစတင်အသက်ဝင်ကြောင်း ကြေညာချိန်ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ရက်ကစလို့ ဒီကနေ့အထိ တလ ကျော်အတွင်း စစ်မှုထမ်းစုဆောင်းရေးအတွက် လိုအပ်တဲ့ ယန္တရားတွေနဲ့ အခြေခံအဆောက်အဦတွေကိုစစ်ကောင် စီကဖွဲ့စည်းပြင်ဆင်ခဲ့ပါတယ်။
ဥပဒေအသက်ဝင်သွားတဲ့နောက် ဗဟိုကနေ မြို့နယ်အဆင့်အထိ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ဖွဲ့စည်းရမှာ ဖြစ်ပြီး အဲ့ဒီအဆင့်ကို စစ်ကောင်စီက အကောင်အထည်ဖော်ပြီးပါပြီ။
အဲ့ဒီနောက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာနေထိုင်သူတွေထဲက လက်ရှိ နှစ်ရဲ့ဒီဇင်ဘာ ၃၁ရက်မှာ စစ်မှုထမ်းဖို့အသက်အရွယ်ရောက်သူစာရင်းကိုပြုစုပြီး မြို့နယ်စစ်မှုထမ်းဆင့်ခေါ် ရေး အဖွဲ့ဆီပြန်ပေးပို့ရမှာပါ။
မြို့နယ်အဖွဲ့ကတော့သူတို့ဆီပေးပို့လာတဲ့ စာရင်းကိုအခြေခံကာ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့အသက်အရွယ်ရှိသူ တိုင်းကို ဆင့်ခေါ်ပြီး မှတ်ပုံတင်ထားမှာဖြစ်ပါတယ်။ဒီလိုမှတ်ပုံတင်ထားမှုအတွက် မှတ်ပုံတင်လက်မှတ်ကိုလည်း ထုတ်ပေးရမယ်လို့ ဥပဒေကဆိုပါတယ်။
စစ်မှုထမ်းဖို့ အကျုံးဝင်သူအဖြစ် မှတ်ပုံတင်လက်မှတ်ရထားသူတိုင်းဟာ အချိန်မရွေးဆေးစစ်ဖို့ ဆင့်ခေါ်တာခံရ နိုင်ပါတယ်။ဆေးစစ်မှုကိုတော့ စစ်တပ်ရဲ့ ဆေးစစ်ရေးဘုတ်အဖွဲ့တွေကလုပ်မှာပါ။
ဒီလို ဆေးစစ်တဲ့အခါ စစ်မှုထမ်းဖို့ ကျန်းမာရေးအဆင့်မမီသူအဖြစ် ဆေးစစ်ရေးဘုတ်အဖွဲ့ကသတ်မှတ်လိုက်ရင် တော့ စစ်မှုထမ်းတာဝန်ကနေ ယာယီရွှေ့ဆိုင်းခွင့်ရတဲ့စာရင်းထဲ အကျုံးဝင်သွားပါလိမ့်မယ်။
ဥပဒေအရ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်တဲ့ အုပ်စုခြောက်ခုရှိပြီး ကျန်းမာရေးအဆင့်မမီသူ၊နိုင်ငံ့ဝန်ထမ်း၊ ပညာသင် ကြားနေသူ၊ပြုစုသူမရှိတဲ့ မိအိုဖအိုတွေကို လုပ်ကျွေးနေသူ၊မူးယစ်ဆေးဖြတ်ဖို့ ဆေးကုသနေသူ၊ထောင်ဒဏ်ကျခံ နေရသူတွေပါဝင်ပါတယ်။
ဒီလိုယာယီရွှေ့ဆိုင်းခွင့် ရလိုက်သူတွေသတိပြုရမှာကတော့ စစ်မှုထမ်းဖို့သတ်မှတ်ထားတဲ့ အသက်အရွယ် ကျော် သွားရင်လည်း သတ်မှတ်ထားတဲ့ စစ်မှုထမ်းကာလပြည့်တဲ့အထိ ပြန်ပြီးအမှုထမ်းပေးရမယ်ဆိုတာပါ။
ဒီလို မဟုတ်ဘူးဆိုရင်တော့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ ဆင့်ခေါ်တာကိုခံရမှာဖြစ်ပါတယ်။
စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်တဲ့ အမိန့်စာကို ကာယကံရှင်ကိုတိုက်ရိုက်ပေးဖို့၊ကာယကံရှင်နဲ့ မတွေ့ရင်တော့ အ တူနေမိသားစုဝင်တဦးဦးလက်ထဲ သက်သေရှေ့မှာပေးရမယ်လို့လည်းဆက်လက်ဖော်ပြထားပါတယ်။
ဆင့်ခေါ်ခံရသူဟာ အမိန့်စာမှာဖော်ပြထားတဲ့ တပ် ဒါမှမဟုတ်ဌာနကို သတ်မှတ်ကာလအတွင်း မပျက်မကွက် သ တင်းပို့ရမယ်လို့ စစ်မှုထမ်းဥပဒေမှာဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီလိုဆင့်ခေါ်ခံရသူဟာ ကင်းလွတ်ခွင့်ပြုဖို့၊စစ်မှုထမ်းရမယ့်ကာလ လျှော့ပေးဖို့၊ရွှေ့ဆိုင်းပေးဖို့ စတာ တွေအ တွက် ပြန်လည်လျှောက်ထားခွင့်ကို ဥပဒေက ခွင့်ပြုပေးထားပါတယ်။
အဲ့ဒီလျှောက်ထားမှုကိုလည်း မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကပဲ မှန်ကန်မှုရှိမရှိ ပြန်စိစစ်မှာပါ။
စိစစ်ပြီးတဲ့နောက် တွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်၊ဆေးစစ်ရေးဘုတ်အဖွဲ့ရဲ့ တွေ့ရှိချက်တို့နဲ့အတူ ခရိုင် အဖွဲ့ ဆီ ဆက်လက်တင်ပြမှာဖြစ်ပါတယ်။
ဒီလိုသဘောထားမှတ်ချက်၊တွေ့ရှိချက်တွေနဲ့ အဆင့်ဆင့်တင်ပြချက်တွေဟာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဆီ မှာ အဆုံးသတ်ပါတယ်။ဗဟိုအဖွဲ့ကပဲ နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်တွေချပေးမယ့်သဘောပါ။
အဲ့ဒီအဖွဲ့ကိုတော့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးကဦးဆောင်ကာ စစ်ရေးချုပ်က အတွင်းရေးမှူးအဖြစ် ပါ ဝင်ပြီး ပညာရေး၊ကျန်းမာရေးနဲ့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးတွေနဲ့ စစ်ထောက်ချုပ်၊စစ်ဥပဒေချုပ်စတဲ့ စစ်ဖက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေကအဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။
ဥပဒေအရ စစ်မှုထမ်းရမယ့်တာဝန်ကနေ လုံးဝကင်းလွတ်ခွင့်ပြုထားတဲ့ အုပ်စု ငါးခုလည်းရှိပါသေးတယ်။
အဲ့ဒီအထဲမှာတော့ သာသနာ့ဝန်ထမ်း၊အိမ်ထောင်ပြိုကွဲထားတဲ့ မိခင်တွေအပါအဝင် အိမ်ထောင်သည် အမျိုးသမီး၊ ကိုယ်လက်အင်္ဂါအမြဲတမ်းမသန်စွမ်းနေသူတွေ၊ကျန်းမာရေးအရစစ်မှုထမ်းဖို့အမြဲတမ်းမသင့်လျော်သူအဖြစ်သတ် မှတ်ခံရသူတွေပါဝင်ပါတယ်။
ဒါ့အပြင် အထူးခြားဆုံးတချက်ကတော့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး စစ်မှုထမ်းခွင့် ကင်း လွတ်ခွင့်ပေးနိုင်တဲ့အချက်ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေအရ ပြစ်မှုပြစ်ဒဏ်ပြဌာန်းချက်တွေမှာတော့ ဆင့်ခေါ်မှုတွေကိုလိုက်နာဖို့ပျက်ကွက်တာ၊ကိုယ်ရေး အချက်အလက်တွေ လိမ်လည်ဖော်ပြတာ၊စစ်မှုထမ်းတာဝန်ကိုတိမ်းရှောင်နိုင်ဖို့ ဟန်ဆောင်လိမ်လည်မှု တွေလုပ် တာ တွေကို အနည်းဆုံး ထောင်ဒဏ်တနှစ်ကနေ အများဆုံးသုံးနှစ်အထိဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တဲ့ ပြဌာန်းချက်တွေပါဝင်ပါတယ်။
ဒါပေမယ့် ဒီလိုကျူးလွန်မှုတွေကြောင့် သက်ဆိုင်တဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီးပြီဆိုရင်လည်း စစ်မှုထမ်းရမယ့် တာဝန် ကနေ ကင်းလွတ်ခွင့်မရှိဘူးလို့ ပြဌာန်းထားပါသေးတယ်။
ဒါဟာ ဥပဒေပြဌာန်းချက်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ ပြစ်မှု၊ပြစ်ဒဏ်တွေသာဖြစ်ပါတယ်။
စစ်ကောင်စီဟာ စာရင်းကောက်ယူမှုစပြီး လုပ်နေတဲ့အခုအချိန်အထိစစ်မှုထမ်း ဥပဒေ အတွက်လိုအပ်တဲ့ နည်းဥပဒေနဲ့ လုပ် ထုံးလုပ်နည်းတွေကို ပြဌာန်းထုတ်ပြန်ခြင်းမရှိသေးသလို ဒီဥပဒေအသက်မသွင်းခင်ကရော အသက်ဝင်ပြီး နောက်မှာပါ လူ သစ် စုဆောင်းမှုတွေ၊ဖမ်းဆီးငွေညှစ်မှုတွေကတော့ ရှိနှင့်နေပြီဖြစ်ပါတယ်။