အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံရတဲ့ ဒေသတွေမှာ အထွေထွေအကျပ်တည်းတွေနဲ့ ရင်ဆိုင်နေရ

မတ်၊ ၁၄
 
နိုင်ငံတဝန်းက တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ စစ်ကောင်စီက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားတာ၊ လက်နက်ကိုင်အင်အားစုတွေကို ဖိနှိပ်ဖို့ လုပ်ဆောင်တာတွေကြောင့် အဲဒီဒေသတွေက ပြည်သူတွေ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လေ့လာသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
အာဏာမသိမ်းခင်ကတည်းက တိုက်ပွဲပြင်းထန်ရာ ဒေသတွေမှာ ဆက်သွယ်ရေး ဖြတ်တောက်မှု လုပ်လေ့ရှိတဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်မှာလည်း အလားတူဆက်လုပ်နေတာကြောင့် နိုင်ငံတဝန်း ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ ဒေသနဲ့ လူဦးရေပိုတိုးလာပြီး လူဦးရေအများအပြား အခက်ကြုံနေကြရပါတယ်။
 
“အိမ်ကလူတွေနဲ့လည်း ဘယ်လိုမှ ဆက်သွယ်လို့မရဘူး၊ အရေးအကြောင်းဆိုရင်တောင် ဘာတွေဖြစ်နေလဲဆိုတာ မသိရဘူး၊ အဆင်ပြေလို့ ငွေလေးပို့ပေးချင်တာတောင် ဘယ်လိုလုပ်ရမယ်မသိဘူး၊ ကိုယ်ကလိုင်းပေါ်က တခုခုတွေ့လိုက်ရင် အရမ်းစိတ်ပူခဲ့ပြီး သူတို့ကို ဖုန်းဆက်လည်းမရဘူး” လို့ လက်ရှိ မန္တလေးမြို့ပေါ်မှာ နေထိုင်နေတဲ့ ကောလင်းဒေသခံ တဦးက ပြောပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့ အနက် ရှစ်ဆယ်နီးပါးကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချူပ်နိုင်ခဲ့တဲ့ ကောလင်းမြို့ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ချိန်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ရေးရည်ရွယ်ချက်အနေနဲ့ ဖြတ်တောက်ထားတာလို့ အသံအဖွဲ့က ဆိုထားပါတယ်။
 
စစ်ကိုင်းတိုင်းအတွင်းမှာ လက်ရှိအချိန်အထိ စစ်တပ်က အင်တာနက်နဲ့ ဖုန်းလိုင်ဖြတ်တောက်ထားတဲ့မြို့နယ်ပေါင်းဟာ ၂၇ ခုအထိ ရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲဒီမြို့နယ်ပေါင်းရှစ်ဆယ်ကျော်ထဲမှာ ရခိုင်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါး ပါ၀င်နေသလို မြို့တော်စစ်တွေမှာလည်း ဖေဖော်ဝါရီလ ၁၆ ရက်အထိ စစ်တပ်နဲ့နီးစပ်တဲ့ Mytel ဖုန်းလိုင်းတခုသာ အသုံးပြုနိုင်ပြီး ၁၇ ရက်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အားလုံးနီးပါး ပြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။
 
ရခိုင်ပြည်နယ်မှာ စစ်တပ်က ဆက်သွယ်ရေးဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာ ရှိသလို တာဝါတိုင်တွေကို ကုမ္ပဏီတွေက ဆီမဖြည့်ပေးနိုင်တာကြောင့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာမျိုးလည်း ရှိတယ်လို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
 
“ပြည်သူလူထုက သတင်းအချက်အလက်တွေ အမှန်မရတော့ဘူးပေါ့၊ စီးပွားရေး သတင်းအချက်အလက်ပဲဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် မိသားစုသာရေးမာရေးကိစ္စအကုန်လုံး မျက်ခြေပြတ်သွားတယ်၊ အကုန်လုံးဒုက္ခရောက်ကြရတာပေါ့၊ တချို့ဆိုရင် လိုင်းမိတဲ့နေရာ သွားကြရတာပေါ့၊ ဟိုအရင် အင်တာနက်မဖွံ့ဖြိုးခင်အခြေအနေ ပြန်ရောက်သွားတယ်” လို့ သူကဆိုပါတယ်။
 
ရခိုင်အပါအဝင် ပဋိပက္ခဒေသတွေမှာ ဒီလိုဆက်သွယ်ရေး ပြတ်တောက်တဲ့ အခြေအနေတွေကြောင့် စစ်ရှောင်တွေအပါအဝင် အကူအညီလိုအပ်နေသူတွေနဲ့အလှူရှင်တွေ အဆက်အသွယ်မရတော့ဘဲ အခက်ပိုတိုးသွားရတဲ့ အခြေအနေမျိုးတွေလည်း ရှိနေပါတယ်။
 
“အင်တာနက်တွေ၊ ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ပုဂ္ဂလိကအလှူရှင်တွေဆီကလည်း ရဖို့မလွယ်ဘူး” လို့ ရခိုင်ပြည်နယ်က စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက DNA ကိုပြောပါတယ်။
 
ဒါ့အပြင် စစ်တပ်က ရခိုင်ဒေသမှာ ကုန်းကြောင်း၊ ရေကြောင်း သွားလာခွင့်တွေကိုပါ ပိတ်ပင်တားမြစ်ထားတာကြောင့် ကုန်သွယ်မှုလုပ်ငန်းတွေ ရပ်တန့်သွားသလို ကုန်စျေးနှုန်း ကြီးမြင့်မှုတွေလည်း ဖြစ်လာတယ်လို့ ဦးဖေသန်းက ပြောပါတယ်။
 
“ကုန်စည်က ဘယ်မှာပေါတယ်၊ ဘယ်မှာရှားတယ်ဆိုတာလည်း မသိတော့ဘူး၊ နောက်ပြီး ဘယ်နေရာမှာ ဘယ်စျေးရှိတယ်ဆိုတာလည်း ပြည်သူက မသိရတော့ သူတို့(ကုန်သည်) ပြောတဲ့စျေးနဲ့ပဲ ၀ယ်သုံးနေရတယ်” လို့ သူကဆိုပါတယ်။
 
အသံအဖွဲ့ကတော့ စစ်တပ်က ရခိုင်မှာ အခုလိုအခြေအနေတွေကို ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီးကာ ဆေးဝါးနဲ့ အစာရေစာ ဖြတ်တောက်ဖို့ ကြိုးစားနေသလို ဖြတ်လေးဖြတ် နည်းဗျူဟာကို အသုံးပြုရင်း တော်လှန်ရေးလုပ်ငန်းတွေရဲ့ ချိတ်ဆက်မှုကို တားဆီးဖို့ လုပ်နေတာလို့ ဝေဖန်ထားပါတယ်။
 
အဲဒီလို ဖြတ်တောက်မှုတွေကြောင့် ပြည်သူလူထုကြား သတင်းစီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး ဘဏ်လုပ်ငန်းတွေ အင်တာနက် အခြေပြုလုပ်ကိုင်နေတဲ့ ငွေလွှဲလုပ်ငန်းတွေအပြင် အွန်လိုင်း၀န်ဆောင်မှု လုပ်ငန်းတွေပါ ရပ်တန့်လုနီးပါး ဖြစ်သွားတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။
 
စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးလှုပ်ရှားမှု အားကောင်းပြီး စစ်ရေးတင်းမာမှုတွေလည်း အများအားဖြင့် ရှိနေတတ်တဲ့ အင်းတော်မြို့နယ် ဒေသခံတဦးကတော့ အများအားဖြင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာကြောင့် အခက်အခဲအများအပြား ကြုံကြရတယ်လို့ ပြောပါတယ်။
 
“ဒီမှာက အင်တာနက်က ဖွင့်လိုက်ပိတ်လိုက်ပဲ မရတာကတော့ များပါတယ်၊ငွေလွှဲငွေထုတ်လုပ်တဲ့ အွန်းလိုင်သမားတွေကျတော့ ထိတာပေါ့၊ ရင်းနှီးသူတွေဆိုရင်တော့ ဟိုဘက်ကငွေလွှဲတဲ့ စာကိုပြပြီးတော့ ထုတ်လို့ရတယ်၊ သူတို့ကတော့ ကြည့်မရဘူး၊ ကျွန်တော်တို့ဆိုရင်လည်း အွန်လိုင်းက သင်တန်းလေးတက်မယ်ဆိုရင်တောင် ဘယ်အချိန် အင်တာနက်ပျက်မလဲ စိုးရိမ်နေရတယ်” လို့ သူကပြောပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ၀န်ကြီးဌာနကတော့ သူတို့ ထိန်းချုပ်ထားနိုင်တဲ့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကချင်ပြည်နယ်ထဲက နေရာပေါင်း ခြောက်ဆယ်ကျော်လောက်မှာ အင်တာနက်တပ်ဆင်ထားနိုင်တယ်လို့ ဆိုပါတယ်။
 
လက်ရှိဒေသတချို့က တော်လှန်ရေးအင်အားစုတွေဟာ အမေရိကန်နိုင်ငံအခြေစိုက် စတားလင့် ဂြိုလ်တု အင်တာနက် ဆက်သွယ်ရေးကို ပြည်တွင်းမှာ ဝယ်ယူတပ်ဆင်အသုံးပြုကြတာမျိုး ရှိပေမယ့် သာမန်အင်တာနက်တွေထက် ကုန်ကျစရိတ် ကြီးမားတာကြောင့် သာမန်ပြည်သူအများစုကြား သုံးစွဲနိုင်တဲ့ အခြေအနေမျိုးတော့ မရှိသေးပါဘူး။
 
ဓာတ်ပုံ – DMG (ပုံဟောင်း)
ပုံစာ – ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖြတ်တောက်ထားတာ ရပ်တန့်ဖို့ ဆန္ဒပြနေကြသူတွေကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။