မွန်မှာ လာမယ့်သင်္ကြန်ကာလ လုံခြုံရေးချဖို့ စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့တွေဆီ လူစာရင်းတောင်း

မတ်၊ ၁၃
 
လာမယ့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလမှာ မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကျပ်သွားဖို့ စစ်ကောင်စီက စီစဉ်နေပြီး မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဆီကနေ လုံခြုံရေးတာဝန် ထမ်းဆောင်မယ့် လူစာရင်းတွေတောင်းနေတယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။
 
“စာရင်းတောင်းထားတဲ့ အဆင့်ပဲ ရှိသေးတာ၊ ကိုယ့်ရပ်ရွာက လူတွေပေါ့နော်၊ အလကားတော့ မဟုတ်ဘူး၊ သတ်မှတ်ရက်အတွင်း ပိုက်ဆံပေးမှာပေါ့” လို့ ပေါင်မြို့နယ်က အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ မြို့နယ်တမြို့နယ်ကို လူအင်အား အနည်းဆုံး နှစ်ဆယ်ကနေ သုံးဆယ်ကြား ပေးရမှာဖြစ်ပြီး အဲဒီလူတွေဟာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သာမန်အရပ်သားပြည်သူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။
 
အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက်ဖြတ်သန်းရမယ့် အခုနှစ် သင်္ကြန်ပွဲတော် စည်ကားစေဖို့ စစ်ကောင်စီရည်ရွယ်ပြင်ဆင်နေပြီး အဲဒီပွဲတော်ကာလတလျှောက်လုံးကို လုံခြုံရေးတင်းကျပ်ထားဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
 
“တခြား ပြည်သူ့စစ်တို့၊ ဘာတို့က သူတို့ကို တာဝန်ပေးထားပြီးပြီလေ၊ သူတို့က ပုံမှန်တာဝန်ထမ်းဆောင်နေတာပေါ့၊ အဲဒီထဲကမှ အရန်မီးသတ်အဖွဲ့ဝင်ခေါ်လို့ရမယ်၊ အရပ်သားတွေခေါ်ပေါ့၊ ဥပမာ-ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေမှာ ပါတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးလည်း ရတယ်” လို့ အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
 
အရင်နှစ်တွေက ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲတော်ကာလတွေမှာ ပြည်နယ်အဆင့် (ဗဟို) မဏ္ဍပ်အနီး အပါအဝင် မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် အခုနှစ်သင်္ကြန်ကို အဲဒီလို ဖောက်ခွဲတိုက်ခိုက်မှု တွေ ထပ်မကြုံရဖို့ စစ်ကောင်စီက ပြင်ဆင်နေတာလို့ သိရပါတယ်။
 
လတ်တလော အစည်းအဝေးဆုံးဖြတ်ချက်အရ မွန်ပြည်နယ်အတွင်း မြို့နယ်အဆင့်ဗဟိုမဏ္ဍပ်တွေကို မြို့နယ်အားလုံးမှာ ပြုလုပ်သွားမှာ မဟုတ်ဘဲ မော်လမြိုင်၊ ပေါင်၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ် စတဲ့ မြို့နယ်တွေ မှာသာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
 
ကျန်တဲ့မြို့နယ်တွေကတော့ လုံခြုံရေးအပြည့်အဝ မပေးနိုင်တာကြောင့် ကျင်းပဖို့ အစီအစဉ်မရှိသေးပေမယ့် နောက်ထပ်ကျင်းပမယ့် အစည်းအဝေးမှာ ကျင်းပဖို့သင့်၊ မသင့် သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေရဲ့ တင်ပြချက်အပေါ်မူတည်ကာ ဆုံးဖြတ်ချက်ချမှတ်သွားမယ်လို့ ဆိုပါတယ်။
 
သင်္ကြန်ကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ စာရင်းပေးထားတဲ့ သူတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက စိစစ်ရွေးချယ်သွားမှာဖြစ်ကာ ရွေးချယ်ခံရတဲ့သူတွေကို တာဝန်ထမ်းဆောင်နေတဲ့ တပတ်တာအတွင်း နေ့စားလုပ်အားခ ပေးမယ်လို့ ဆိုပါတယ်။
 
လုံခြုံရေးတာဝန် ထမ်းဆောင်သူတွေဟာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အလှည့်ကျ တာဝန်ယူရမှာဖြစ်ပြီး သူတို့တွေအားလုံးဟာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ သတ်မှတ်နေရာမှာ လုံခြုံရေးယူပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
တဖက်မှာလည်း စစ်ကောင်စီပြုလုပ်မယ့် ဗဟိုမဏ္ဍပ်နေရာအပါအဝင် လူစည်းကားတဲ့နေရာတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားမှာဖြစ်သလို စစ်တပ်က စနိုက်ပါသမားတွေကို ကင်းပုန်းချထားမှာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီးမချနိုင်အောင် Jammer တွေပါ တပ်ဆင်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
“ခေါ်ထားတဲ့လူတွေက အရပ်ဝတ်နဲ့ လှုပ်ရှားဖို့အတွက်လည်း ပါတယ်၊ အားလုံးက အချိတ်အဆက်နဲ့သွားမှာ၊ ဟာကွက် တခုမှမရှိအောင် စီစဉ်ထားတာ၊ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်တဲ့သူတွေကို အဆင်သင့်ဖမ်းနိုင်တဲ့အထိ အကွက်ကျကျ စီစဉ်ထားတာ” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
သင်္ကြန်ပွဲတော်ကာလမှာ မသင်္ကာဖွယ်ရာ တွေ့ရှိပါက ရှာဖွေစစ်ဆေးမှုကို မခံယူဘဲ ပြန်လည်ခုခံလာသူမှန်သမျှကို ပစ်ခတ်ဖမ်းဆီးဖို့ အမိန့်အပြည့်အဝပေးထားတယ်လို့လည်း ဆိုပါတယ်။
 
အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်မှု မရှိတဲ့ ကိစ္စတွေထဲမှာ စစ်ကောင်စီ ကြီးကြပ်ကျင်းပတဲ့ သင်္ကြန်ပွဲတော်တွေလည်း ပါဝင်လာပြီး ပြီးခဲ့တဲ့ သင်္ကြန်ကာလသုံးခုလုံးဟာ အာဏာမသိမ်းခင်ကလောက် စည်ကားမှု မရှိခဲ့ပါဘူး။
 
အခုနှစ် စစ်ကောင်စီကျင်းပမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာလည်း အရင်နှစ်ကနည်းတူ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ မပါဝင်ကြဖို့နဲ့ မိမိအဝန်းအဝိုင်းမှာသာ မိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းသွားကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းပါတယ်။
 
“ခါတိုင်းနှစ်လိုပဲ၊ ပြည်သူတွေ ပါဝင်ကြမယ်ဆိုရင် သူတို့(စစ်ကောင်စီ)က ဘာမှ တတ်နိုင်မှာမဟုတ်ဘူး၊ သူတို့က ဘယ်လိုပဲ စီစဉ်ထားပါစေ၊ ကျွန်တော်တို့က အစီအစဉ်အတိုင်း လုပ်ရမှာပဲ၊ ပြည်သူတွေက လုပ်စရာရှိတာလုပ်၊ ကျွန်တော်တို့လည်း လုပ်စရာရှိတာလုပ်ရင် စုပေါင်းအားနဲ့ဆို စစ်တပ်က ဘာမှတက်နိုင်မှာမဟုတ်ဘူး” လို့ မွန်ပြည်နယ်အခြေစိုက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
 
ပုံစာ – မော်လမြိုင်မြို့က သင်္ကြန်မဏ္ဍပ်ကို၂၀၂၂ ခုနှစ်က တွေ့ရစဉ်။