မြဝတီက ဖလူး စစ်စခန်းနဲ့ သင်္ဃန်းညီနောင် ခမရ ၃၅၆တို့ကို KNLA ပူးပေါင်းတပ်သိမ်းပိုက်၊စစ်သား တချို့ ထိုင်းဘက်ထွက်ပြေး

မတ်၊ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ဖလူး စစ်စခန်းနဲ့ သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၅၆တို့ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KUN တပ်မဟာ ၆ ပြောရေးဆိုခွင့် ရှိ သူ ပဒိုစောလစ္စတန်က DNA ကို ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ၁၅ မိုင်လောက်အကွာမှာရှိပြီး စစ်တပ်က နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တပ်စွဲနေရာယူခဲ့တဲ့ ဖူးစစ် စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA နဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီကနေ့ မွန်းလွဲ ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့ပြီး နှစ်နာရီခွဲအကြာ ညနေ လေးနာရီခွဲမှာ သိမ်း ပိုက်နိုင်ခဲ့တာလို့သိရပါတယ်။

“သတင်းပို့ချက်အရဆိုရင် မတိုက်ခင်ကတည်းကလက်နက်ချမဲ့ပုံမျိုးပါ၊ တိုက်ရတာတနာရီနှစ်နာရီ တောင်မရှိဘူး ပြောတာ ပဲ”လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။

အဲဒီဖလူးစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀လောက်ရှိပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရသူတွေနဲ့ ထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ သိရပေမယ့် အချက်အလက်တိတိကျကျတော့မသိရသေးပါဘူး။

“သူတို့ ထွက်ပြေးတာ ၁၂ ယောက်လောက်ရှိတယ် ၊ သို့ပေသိ ဓာတ်ပုံ မှာ ခြောက်ယောက်ပဲတွေ့ရပီး အခြား ခြောက် ယောက်ကထိုင်းကိုစိတ်မချလို့ဆက်ပီးထွက်ပြေးတယ်လို့သိရပါတယ်”လို့ ပဒိုစောလစ္စတန်က ပြောပါတယ်။

ခမရ ၃၅၆ တပ်ရင်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။

မြဝတီမြို့အနောက်ဘက် ၁၂ မိုင်အကွာမှာရှိတဲ့ သင်္ဃန်းညီနောင်မြို့ စစ်ကောင်စီလက်အောက်ခံ အခြေစိုက် ခလရ-၃၅၅၊ ခလရ-၃၅၆၊ ခလရ-၃၅၇ တပ်ရင်းတွေကို မတ်လ ၇ ရက်ကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေကထိုးစစ်ဆင်နေကြပြီး ဒီကနေ့အထိ မြဝတီမြို့တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ် နေပါ တယ်။

တော်လှန်ရေးအင်အားစုတွေက ထိုးစစ်စတင်အပြီး တရက်အကြာမှာ ခမရ-၃၅၅ ကို သိမ်းပိုက်ခဲ့သလို နောက်တရက်မှာ တော့  သင်္ဃန်းညီနောင်ရဲစခန်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU တပ်မဟာ ၆ ပြောခွင့်ရက DNA ကို အတည်ပြု ထားပါတယ်။

လက်ရှိ မြဝတီမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ရင်းတပ်စခန်းတွေကို တော်လှန်ရေး အင်အား စုတွေဘက် ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်နေတဲ့အပြင် ကျန်နေတဲ့ တပ်ရင်း၊ တပ်စခန်းတွေကို ထပ်မံ  ရရှိဖို့ ဆက် လက်တိုက်ခိုက်နေကြတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ သင်္ဃန်းညီနောင်မြို့မှာတော့  စစ်ကောင်စီဘက်က လေကြောင်းသာမ  ကလက်နက် ကြီးပစ်ခတ်မှုတွေ ရှိနေပြီး ပိတ်မိနေတဲ့အရပ်သားတွေကို ကူညီကယ်ထုတ်ပေးဖို့ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မြို့ထဲမှာ ပိတ်မိနေတာများတယ်၊ ရွာဘက်လည်းရှိတယ်၊ ခန့်မှန်ခြေ တရာကျော်လောက်မကဘူးထင်တယ်ပေါ့၊ ပစ်ခတ်မှု ငြိမ်တာနဲ့ ရနိုင်သလောက် ကယ်ထုတ်နေကြတာပဲ၊ ခုထိမကုန်သေးဘူး” လို့ သင်္ဃန်းညီနောင်ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု သုံးဦးထက် မနည်းရှိကာ ဒဏ်ရာရသူ ဆယ်ဦးကျော်ရှိပြီး ထိခိုက်သေဆုံးတဲ့အရပ်သားဦးရေ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်မြို့ပေါ်နဲ့ အနီးတဝိုက်ကျေးရွာမှ ဒေသခံပြည်သူထောင်ချီက မြဝတီမြို့ပေါ်ကို တိမ်းရှောင်လာကြပြီး စစ်ရှောင်ဦးရေနေ့စဉ်အမျှ တိုးလာနေတဲ့အတွက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါ တယ်။

“ပိုက်ဆံရှိရင် အိမ်ငှားနေကြ၊ မရှိတဲ့သူက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းမှာ နေကြတာပေါ့၊ စားသောက်ဖို့တော့ ဟိုလူ လာလှူ၊ ဒီလူလာလှူနဲ့ စားနေကြတာပေါ့၊ လိုအပ်ချက်က ရှိနေတာပေါ့” လို့ အထက်ပါ သင်္ဃန်းညီနောင်ဒေသခံက ပြောပါတယ်။