မဲဆောက်မှာ ပိုက်ဆံမပေးလို့ ထိုင်းဘုန်းကြီးကို မြန်မာတယောက်က ဦးခေါင်း အုတ်ခဲနဲ့ ထုသတ်

မတ်၊ ၅

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းဘုန်းတော်ကြီး တပါးကို မြန်မာအမျိုးသား တယောက်က အုတ်ခဲနဲ့ ခေါင်းကိုထုသတ်တဲ့ မှုခင်းတခု ဖြစ်ပွားခဲ့ပါတယ်။

 မတ်လ ၁ ရက်နေ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက မယ်ကုကျေးရွာမှာ သီတင်းသုံးနေတဲ့ သက်တော် ၆၂ နှစ်အရွယ် ထိုင်းဘုန်းတော်ကြီးတပါးဟာ ဘုန်းကြီးကျောင်း အခန်းထဲမှာ ဦးခေါင်းဒဏ်ရာတွေနဲ့ ပျံလွန်တော် မူနေတာကို ရွာသားတွေက တွေ့ရှိပြီး သတင်းပေးတာကြောင့် မဲဆောက် ရဲစခန်းက ရဲအရာရှိတွေ သေမှုသေခင်း သွားရောက် စစ်ဆေးခဲ့ပါတယ်။

 ဘုန်းတော်ကြီးဟာ ခေါင်းမှာ အပြင်းအထန် ရိုက်နှက်မှု ခံထားရတဲ့ ဒဏ်ရာကြောင့် အသက်ဆုံးရှုံးခဲ့တာဖြစ်ကြောင်း၊ လူသတ်မှုမှန်း သိသိချင်း အခန်းထဲကို စစ်ဆေးတဲ့အခါ ဘုန်းတော်ကြီးရဲ့ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ အဆောင်တွေ ပျောက်ဆုံးနေတာကို သတိပြုမိခဲ့တဲ့နောက် ပစ္စည်းလု လူသတ်မှုအဖြစ် သံသယ ဝင်လာခဲ့ကြောင်း မဲဆောက်ရဲတပ်ဖွဲ့ရဲ့ ရဲမှူး ဆန်မလစ် အင်ခမွန်က ပြောပါတယ်။

 အဲဒီနောက် ရဲတွေက ဘုန်းတော်ကြီးရဲ့ အခန်းနဲ့ ကပ်လျက်မှာ သီတင်းသုံးတဲ့ ကိုရင်တပါး အပါအဝင် ဘုန်းကြီးကျောင်းနဲ့ ဆက်စပ်သူ တချို့ဆီက ထွက်ချက်တွေကို ရယူခဲ့သလို လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကိုလည်း နောက်ကြောင်းပြန် စစ်ဆေးခဲ့ပါတယ်။

 အဲဒီ စစ်ဆေးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် လူသတ်မှု ကျူးလွန်သူ မြန်မာနိုင်ငံသား၊ အသက် ၃၂ နှစ်အရွယ် ဝင်းကျော်ဘိုကို မတ်လ ၄ ရက်နေ့ ညနေပိုင်းက မဲဆောက်မှာရှိတဲ့ ကုလသမဂ္ဂရုံး အနောက်ဖက်က နေအိမ်ထဲမှာ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

 လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ တရားခံကို ရဲတွေက ဖမ်းဆီးသွားချိန် ဒေသခံတွေက ဒေါသတကြီး ရန်မူဖို့ ကြိုးစားခဲ့တာကြောင့် ရဲတွေက အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားရတာကို တွေ့ရပါတယ်။ အဲဒီနောက် ဝင်းကျော်ဘိုက ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေတာကြောင့် အသုံးလိုလို့ ဘုန်းတော်ကြီးဆီက ပိုက်ဆံသွားတောင်းတာ မရတဲ့အတွက် လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။ တရားခံဟာ အသတ်ခံရသူ ဘုန်းတော်ကြီးနဲ့လည်း ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိတယ်လို့ ဆိုပါတယ်။

 ကျူးလွန်သူဟာ ဘုန်းတော်ကြီးကျောင်းကို အဝင်အထွက်ရှိပြီး ဘုန်းကြီးနဲ့လည်း ရင်းနှီးကြောင်း၊ အရင်ကလည်း ဘုန်းတော်ကြီးက သူ့ကို ငွေကြေး စွန့်ကြဲ ထောက်ပံ့မှုတွေ ရှိခဲ့ကြောင်း၊ အခုတကြိမ်မှာ ဘတ် ၅၀၀ တောင်းတာကို ဘုန်းတော်ကြီးက ငွေကြေး အဆင်မပြေလို့ မကူညီနိုင်ကြောင်း ရှင်းပြတဲ့အခါ ဝင်းကျော်ဘိုက အသင့်ယူလာတဲ့ အုတ်ခဲနဲ့ ဘုန်းတော်ကြီးရဲ့ ဦးခေါင်းကို ၅ ချက် ဆင့်ထုခဲ့ကြောင်း၊ အဲဒီနောက် အပြင်းအထန် ဒဏ်ရာရထားတဲ့ ဘုန်းတော်ကြီးကို ထားခဲ့ပြီး ဘတ်ငွေ ၃၅၀၀၊ ဖုန်းနဲ့ အဆောင် ၁၂ ခုကို ယူဆောင်ပြီး ထွက်ပြေးခဲ့တယ်လို့ ထွက်ချက် ရရှိထားကြောင်း ရဲမှူး ဆန်မလစ်က ဆိုပါတယ်။

 အမှုနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အမှုဖွင့်သွားမယ်လို့လည်း မဲဆောက် ရဲစခန်းက ဒေသခံ မီဒီယာတွေကို ပြောကြားထားပါတယ်။

Ref: Local CJ from Mae Sot