မြန်မာ့အရေး ထိုင်းလွှတ်တော်မှာ ပထမဆုံးအကြိမ် ဆွေးနွေးမှု အစီအစဉ် ပြီးဆုံး

မတ်၊ ၄

တော်လှန်ရေး အင်အားစုတွေပါ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကြီး တခုကို ထိုင်းလွှတ်တော်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ် ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

မတ်လ ၂ ရက်နဲ့ ၃ ရက်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီက တင်းတင်းမာမာ ဝေဖန် ကန့်ကွက်ခဲ့ပြီး ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေလိမ့်မယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း စစ်တပ် အာဏာသိမ်းမှုအပြီး ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာ့အရေး အထူးဆွေးနွေးပွဲ တခုကို အကောင်အထည် ဖော်ခဲ့တာဟာ မြန်မာ့ အကျပ်အတည်းတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းပြီး အရှည်ထိန်းသိမ်းနိုင်အောင် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆွေးနွေးမှုကို ကမကထပြုခဲ့သူ ရှေ့သို့ချီပါတီ (MFP) အမတ် ရန်စီမန်ရုမ်က ပြောပါတယ်။ သူဟာ ထိုင်းလွှတ်တော် အမျိုးသား လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူပါ။

ထိုင်းအစိုးရဟာ မြန်မာ့အရေး ကူညီဖြေရှင်းမှုမှာ လူသားချင်း စာနာမှုတွေ အထောက်အပံ့ပေးတဲ့ လမ်းကြောင်းကနေ ပိုမိုချဉ်းကပ်ဖို့ ရည်ရွယ်ထားပြီး အဲဒီ အစီအစဉ်ကို အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်း အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေပါတယ်။ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ ရည်ရွယ်ချက် ကောင်းမွန်တဲ့ အဲဒီလုပ်ရပ်မျိုးကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု (EAO)တွေနဲ့ လူထုအခြေပြု အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ စစ်ကောင်စီ၊ ဒါမှမဟုတ် စစ်ကောင်စီ လက်အောက်ခံ အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ်ဆိုရင် တကယ်တမ်း လိုအပ်နေတဲ့ ပြည်သူတွေဆီကို ရောက်ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း အရပ်ဖက် အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။

မြန်မာ့အရေး ဆွေးနွေးမှု အစီအစဉ်ကို ထိုင်းလွှတ်တော်အမတ်တွေအပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူး၊ NUGရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အထူးကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ EAO ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်တွေ ချိတ်ဆက် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေး ကျင်းပတဲ့ ၂ ရက်တာအတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက တက်ရောက် မိန့်ခွန်းပြောဖို့ လျာထားခဲ့ပေမယ့် နောက်ဆုံးမိနစ်ပိုင်းလောက် အလိုမှာတော့ အစီအစဉ်ကို အကြောင်းပြချက် ဘာမှမပေးဘဲ ဖျက်သိမ်းသွားခဲ့ပါတယ်။

ထိုင်းမှာ အတိုက်အခံတွေပါ ပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက ဘာမှတ်ချက်မှ မပေးသေးသလို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နှုတ်ဆိတ်နေဆဲပါ။

အာဏာသိမ်းပြီး သုံးနှစ်အကြာလို့ ခေါင်းစဉ်တပ်ထားတဲ့ ဆွေးနွေးပွဲရဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ ဆွေးနွေးပွဲရဲ့ ကနဦး ရည်ရွယ်ချက်ဟာ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်ပေးဖို့ဖြစ်ပြီး အဲဒီမျှော်မှန်းချက်ကို လက်တွေ့ အကျိုးပြုခဲ့သလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ သမားဆက် တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသီ ဒေါက်တာ ဒူလ်ယာပက်ခ် ပရီချာရက်ရှ်က ပြောကြားသွားခဲ့ပါတယ်။

 

Ref: Bangkok Post