လိုင်စင်ရယူထားတဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ တဝက်နီးပါး အလုပ်သမားမပို့နိုင်

ဖေဖော်ဝါရီ ၊ ၂၂

 တရားဝင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ တဝက်လောက်ဟာ အလုပ်သမား စေလွှတ်နိုင်ခြင်းမရှိဘူးလို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်း တွေအရသိရပါတယ်။ အဲဒီဌာနကထုတ်ပြန်တဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့လအလိုက်အလုပ်သမားစေလွှတ်တဲ့အခြေအနေတင်ပြချက်မှာ အေဂျင်စီ ၂၀၇ခုက အလုပ်မပို့နိုင်ဘူးလို့ဖော်ပြထားပါတယ်။

“အေဂျင်စီအသစ်တွေအနေနဲ့အလုပ်သမားပို့နိူင်ဖို့ခက်နေတယ်၊လုပ်ငန်းအတွေ့အကြုံမရှိဘဲ ဝင်လုပ်တော့ဘယ် လွယ်မလဲ၊ဒီကြားထဲ တခြားရည်ရွယ်ချက်တွေနဲ့ဝင်လာတာတွေလည်းရှိနေတယ်”လို့ လုပ်သက်ရင့်ပြည်ပ အလုပ် အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လစဥ် ပြည်ပကိုအလုပ်သမားစေလွှတ်ထားတဲ့အရေအတွက်ကို အလုပ်သမားညွန်ကြားရေးဦးစီးဌာနဆီ ပေးပို့ရပြီး အေဂျင်စီတွေရဲ့ တင်ပြမှုအခြေအနေကို ဌာနကပြန်လည်ထုတ်ပြန် ထားတာဖြစ်ပါတယ်။

ဇန်နဝါရီလမှာ အလုပ်သမားစေလွှတ်ထားတဲ့ အရေအတွက်ကို အေဂျင်စီ၄၉၁ခုက တင်ပြရာမှာ အေဂျင်စီ ၂၀၇ က စေလွှတ်အလုပ်သမားမရှိဘူးလို့ ဖော်ပြထားတာပါ။ ဒါ့

အပြင် အေဂျင်စီ ၁၃ခုကတော့ စေလွှတ်ထားတဲ့အလုပ်သမားဦးရေစာရင်း တင်ပြဖို့ပျက်ကွက်ခဲ့နေတယ်လို့ ဆိုပါ တယ်။ ပြည်ကိုအလုပ်သမားစေလွှတ်ခွင့်အတွက် အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီအရေအတွက်ဟာ ၅၄၀ ကျော်ရှိပြီး တဝက်လောက်ကအလုပ်သမားမပို့နိုင်ကြတာဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်ကပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်ပဲရှိပြီး အာဏာသိမ်းကာလမှာဖွင့်လှစ် လုပ် ကိုင်မှု တရှိန်ထိုးများလာတာလည်းဖြစ်ပါတယ်။

“အရေအတွက်သာများလာပြီး တကယ်ကျတော့အလုပ်မဖြစ်တဲ့သဘောပေါ့၊တခြားနယ်ပယ်က ပိုက်ဆံရှိသူ တွေက လိုင်စင်ယူထားကြတာများတယ်၊အရင်ဝန်ကြီးဒေါက်တာပွင့်ဆန်းလက်ထက်မှာ အေဂျင်စီတွေဖောင်း ပွမှုစကြုံတာပဲ”လို့ အမည်မဖော်လိုတဲ့အေဂျင်စီလုပ်ငန်းရှင်တဦးကပြောပါတယ်။

 ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ ဝန်ဆောင်ခကြေးပေးထားတာနှစ်နဲ့ချီကြာနေပြီး ပြည်ပကိုမသွားရသေး တဲ့ဖြစ်ရပ်တွေလည်းကြုံနေရတယ်လို့ သက်ဆိုင်ရာအလုပ်သမားတချို့ကဆိုပါတယ်။

“အလုပ်သမားတွေကတော့အေဂျင်စီအသစ်လား၊အဟောင်းလားဘယ်ခွဲခြားသိမလဲ၊ငွေသွင်းထားရပြီး မသွား ရတဲ့ ဖြစ်စဥ်တွေကတော့တော်တော်ဖြစ်နေတယ်”လို့ ပြည်ပသွားဖို့ စောင့်ဆိုင်းနေတဲ့အလုပ်သမားတဦးက ပြောပါ တယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ထိုင်း၊မလေးရှား၊စင်ကာပူ၊ ကိုရီးယား၊ဂျပန်၊ ယူအေအီး၊ မကာအို စတဲ့ နိုင်ငံတွေဆီအလုပ်သမားစေလွှတ်ခွင့်ရထားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပထွက်အလုပ်လုပ်လိုသူတွေများပြားခဲ့သလို မကြာခင်က ထုတ် ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်လိုတဲ့လူငယ်တွေတရှိန်ထိုးမြင့်တက်လာတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းဆီကသိရပါတယ်။

ဒါပေမယ့် တဖက်နိုင်ငံက ​ခေါ်သလောက်ပဲအလုပ်သမားစေလွှတ်ရတာဖြစ်လို့ သွားချင်တဲ့အရေအတွက်နဲ့ ခေါ်ယူ တဲ့အရေအတွက်ကွာဟချက်ကြီးမားနေတယ်လို့သူတို့ကပြောပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ တလကို အလုပ်သမား တသောင်းဝန်းကျင်လောက်ပဲ ပြည် ပကိုစေလွှတ်ပေးနိုင်တာဖြစ်တယ်လို့ တရားဝင်မှတ်တမ်းတွေအရသိရပါတယ်။