မြန်မာနဲ့ ဆက်စပ်တဲ့ နျူကလီးယား သတ္တုတွေကို ယာကူဇာခေါင်းဆောင် မှောင်ခို ရောင်းချဖို့ ကြံစည်ခဲ့တယ်လို့ဆို

ဖေဖော်ဝါရီ ၊ ၂၂

အမေရိကန်မှာ တရားရင်ဆိုင်နေရတဲ့ ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် တဦးဟာ မြန်မာနိုင်ငံကနေ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ဓာတ်သတ္တု ကုန်ကြမ်းပစ္စည်းတွေ အီရန်ကို တင်ပို့ရောင်းချဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန် တရားရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 ၂၀၂၂ ခုနှစ်တုန်းက မက်ဟမ်တန်မှာ ထိုင်းနိုင်ငံသား ကြံရာပါ တဦးနဲ့အတူ ဖမ်းဆီး ခံခဲ့ရတဲ့ ထိပ်တန်း ယာကူဇာ အဖွဲ့ဝင် တာကီရှီ အီဘီဆာဝါဟာ မူးယစ်ဆေးဝါးမှု၊ လက်နက်မှောင်ခိုမှုတွေနဲ့ တရားရင်ဆိုင်နေရပြီး အခုတော့ နျူကလီးယား စစ်လက်နက် ဆက်စပ် ပစ္စည်းတွေကိုပါ မှောင်ခို ရောင်းဝယ်မှုနဲ့ စွဲချက်တင် ခံလိုက်ရပြီလို့ ဆိုပါတယ်။ အဲဒီ အမှုတွေအတွက် ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အီဘီဆာဝါဟာ ထောင်ဒဏ်တသက်ထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။

 သူဟာ ၂၀၂၀ ပြည့်နှစ်တုန်းက အမေရိကန်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန (EDA)ရဲ့ လျှို့ဝှက် အေးဂျင့် တဦးနဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ အဲဒီ အေးဂျင့်က အီရန် ထိပ်တန်း စစ်ဗိုလ်ချုပ် တဦးနဲ့ ရင်းနှီးတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခိုကုန်သည် တဦးအဖြစ် အသွင်ယူ လှုပ်ရှားနေခဲ့တာပါ။ 

အီဘီဆာဝါက မြန်မာနိုင်ငံထဲမှာရှိတဲ့ အမည်ဖော်မပြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုရဲ့ အဆက်အသွယ်နဲ့ ရရှိလာတဲ့ ယူရေနီယမ်နဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေကို အီရန်ဆီ မှောင်ခိုရောင်းချလိုကြောင်း စကားကမ်းလှမ်းခဲ့ပြီး နမူနာတွေကိုလည်း ပြသခဲ့တယ်လို့ ဆိုပါတယ်။ သူက ယူရေနီယမ် ရောင်းဖို့အတွက် ဝယ်လက်တွေ ရှာနေတယ် ဆိုတာကို အီဘီဆာဝါကို အသိပေးခဲ့ပြီး အပြန်အလှန်အဖြစ် လေယာဉ်ပစ် ဒုံးကျည်တွေ၊ ရိုင်ဖယ်သေနတ်တွေ အပါအဝင် စစ်လက်နက်တွေ ပြန်ဝယ်ယူဖို့ စီစဉ်နေကြောင်းလည်း ပြောပြခဲ့ပါတယ်။

 အီဘီဆာဝါက ရေဒီယို သတ္တုကြွနေကြောင်း စက်ကိရိယာနဲ့ တိုင်းတာထားတဲ့ သတ္တုအတုံးအခဲငယ် တချို့ရဲ့ ဓာတ်ပုံကို DEA အေးဂျင့်ဆီ ပို့ပေးခဲ့ပါတယ်။ အဲဒီနောက် DEA အေးဂျင့်က အီရန် စစ်ဗိုလ်ချုပ် တဦးအဖြစ် ဟန်ဆောင်ထားတဲ့ တခြား ဝယ်လက်ဆီ အဲဒီ နျူကလီးယား ကုန်ကြမ်းပစ္စည်းတွေ ရောင်းချနိုင်ရေး ကူညီဖို့ သဘောတူခဲ့ကြောင်း တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။

 

ဆက်စပ် ရရှိထားတဲ့ ဗီဒီယို မှတ်တမ်းတွေအရ အီဘီဆာဝါ ချိတ်ဆက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဆိုသူမှာ အဲဒီလိုမျိုး နျူကလီးယား ဆက်စပ် ဓာတ်သတ္တုတွေ ကီလိုဂရမ် ထောင်ချီ ရှိနေပြီး နျူကလီးယားဗုံး ထုတ်လုပ်နိုင်တဲ့ ဓာတ်သတ္တု ၅ တန်လောက် သန့်စင် ထုတ်ယူနိုင်မယ်လို့ ပွဲစားတွေက ပြောဆိုခဲ့တာကိုလည်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

 ဗီဒီယို ဖုန်းခေါ်ဆိုမှုတွေနဲ့ အချိတ်အဆက် လုပ်ခဲ့တဲ့အခါ DEA အေးဂျင့်က အဲဒီ ဓာတ်သတ္တု ပစ္စည်းတွေကို အီရန်ဆီက စစ်လက်နက်တွေနဲ့ အလဲအလှယ် သဘောမျိုး လုပ်ဖို့ ကမ်းလှမ်းတဲ့အခါ အီဘီဆာဝါရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်ကပါ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

 ၂၀၂၂ ခုနှစ်မှာတော့ ထိုင်းအာဏာပိုင်တွေက မြန်မာဖက်ကနေ မှောင်ခို တင်သွင်းထားပြီး မူလက ပွဲစားတွေကနေတဆင့် DEA အေးဂျင့်ဆီ ပြသထားတဲ့ နျူကလီးယား ဆက်စပ် ကုန်ကြမ်းတွေကို သိမ်းဆည်းရမိပြီး အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အမေရိကန်မှာ ဓာတ်ခွဲ စစ်ဆေးတဲ့အခါ အဲဒီ အစိုင်အခဲတွေထဲမှာ ယူရေနီယမ်၊ သိုရီယမ်နဲ့ ပလူတိုနီယမ် သတ္တုတွေ ရောနှောပါဝင်နေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 တကယ်လို့ လုံလောက်တဲ့ ပမာဏမျိုး စုဆောင်းနိုင်မယ်ဆိုရင် အဲဒီ ပလူတိုနီယမ်ရဲ့ အရည်အသွေးဟာ နျူကလီးယားဗုံး ထုတ်လုပ်ဖို့ စံချိန်မီနိုင်တယ်လို့လည်း ဓာတ်ခွဲခန်းက မှတ်ချက်ပေးခဲ့ပါတယ်။

 အမေရိကန် တရားရေး ဝန်ကြီးဌာနရဲ့ စွဲချက်ကိစ္စကို ကြေညာအပြီးမှာ CNN သတင်းဌာနက အီဘီဆာဝါရဲ့ ရှေ့နေဆီ ဆက်သွယ်နေပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။

 Ref: CNN