ကန့်ကွက်မှုတွေ ရှိနေပေမယ့် ရာဖာဟ်မြို့ကို စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ်ပြော

ဖေဖော်ဝါရီ ၊ ၁၅

ဝေဖန် ကန့်ကွက်မှုတွေ ဆက်တိုက် မြင့်တက်နေပေမယ့်လည်း ဂါဇာ ကမ်းမြှောင် တောင်ဖက်စွန်းက ရာဖာဟ်မြို့ကို စစ်ဆင်ရေး အရှိန်အဟုန် တိုးမြှင့် တိုက်ခိုက်သွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက ပြောပါတယ်။

 အစ္စရေးဟာ အောက်တိုဘာ ၇ ရက်က အစပြုခဲ့တဲ့ ဂါဇာထိုးစစ်အတွင်း မြောက်ပိုင်းက ဂါဇာစီးတီး၊ အလယ်ပိုင်းက ခန်ယူနစ်တို့လို မြို့တွေကို ထိုးဖောက်ပြီး အခုအခါ အီဂျစ်နဲ့ နယ်စပ်မှာရှိတဲ့ ဂါဇာ တောင်ဖက်စွန်း၊ ရာဖာဟ်မြို့နားကို ရောက်ရှိနေပါပြီ။

 ဂါဇာမှာ ဟားမားစ် ပြောက်ကျားတွေရဲ့ ကြီးစိုးမှုကို အပြီးတိုင် အဆုံးသတ်ပစ်မယ်လို့ ကြွေးကြော်ထားတဲ့ နေတန်ယာဟူဟာ ရာဖာဟ်ကိုလည်း ချမ်းသာမပေးဘဲ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရာဖာဟ်မှာ ပါလက်စတိုင်း ဒုက္ခသည်တွေ အများအပြားဟာ ပြေးပေါက်မရှိဘဲ ပိတ်မိနေပြီး အခုဆိုရင် အစ္စရေးရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ စတင်နေပါပြီ။ ပြီးတော့ စစ်ကြောင်းထိုးမယ့် ကြည်းတပ်တွေကလည်း မြို့ရဲ့ ဆင်ခြေဖုံး ဧရိယာတွေကို ဝန်းရံ ပိတ်ဆို့ထားပြီး မြေပြင်ထိုးစစ်အတွက် အသင့်ဖြစ်နေပါတယ်။

 နိုင်ငံတကာ အသိုက်အဝန်းကတော့ အခုကတည်းက အကြီးအကျယ် ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ခံစားနေရပြီး ရာဖာဟ်မြို့မှာ ပိတ်မိနေသူ ၁.၄ သန်းလောက်အတွက် ငဲ့ညှာစဉ်းစားသင့်ကြောင်း အစ္စရေး အစိုးရကို ဖိအားပေး တောင်းဆိုနေပါတယ်။

 နေတန်ယာဟူက အစ္စရေး စစ်တပ်ဟာ လက်ရှိ အခြေအနေမှာ စစ်ဆင်ရေး အခြေအနေတွေကို​ လျှော့ချလိုက်စရာ ဘာအကြောင်းမှ မရှိသလို ဟားမားစ်တွေကို အမြစ်ပြတ် ​ချေမှုန်းဖို့ နောက်ထပ် အင်ပြည့်အားပြည့် ထိုးစစ်အသစ်ကို အစပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမားစ်တွေကို တောင်ဖက်စွန်းက မြို့ထဲမှာ အပြီးသတ် ရှင်းလင်းပစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သူက ဆိုပါတယ်။

 အစ္စရေးဟာ အလုံးစုံ အောင်ပွဲခံနိုင်တဲ့ထိ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပြီး ရာဖာဟ်မှာ အင်ပြည့်အားပြည့် စစ်ဆင်ရေးတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ တဖက်မှာလည်း အရပ်သားတွေကို စစ်ပွဲဇုန်ကနေ ထွက်ခွာနိုင်အောင် အချိန်ပေးထားကြောင်း နေတန်ယာဟူက ပြောပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ စစ်မြေပြင် ဖြစ်လာမယ့် မြို့ထဲကနေ အကြောင်းအမျိုးမျိုးကြောင့် မစွန့်ခွာနိုင်သေးသူ သန်းနဲ့ချီ ရှိနေတယ်လို့ လူသားချင်း စာနာမှု အဖွဲ့အစည်းတွေက ပြောပါတယ်။

 အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို တိုက်ခိုက်ခဲ့သလို လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်၊ ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ရာက ဂါဇာမှာ စစ်ပွဲ စတင်ခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးရဲ့ ပြင်းထန် ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေအတွင်း ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် လူပေါင်း ၂၈၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

 Ref: BBC