မြိတ်ကျဉ်းထောင်ရှိ နိုင်ကျဉ်းနှစ်ရာလောက် ကော့သောင်းထောင်သို့ ပြောင်းရွေ့ခံရ

ဖေဖော်ဝါရီ၊ ၁၄

တနင်္သာရီတိုင်း မြိတ်မြို့ရှိ ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသူ နှစ်ရာ၀န်းကျင်လောက်ကို ဒီကနေ့ နေ့ခင်းပိုင်းလောက်ကစပြီး ထောင်အာဏပိုင်တွေက ကော့သောင်းအကျဉ်းထောင်ကို ပြောင်းရွေ့နေတယ်လို့ အဲဒီတောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးက DNA ကိုအတည်ပြုပြောပါတယ်။

“ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေချိန် ဒီလိုလုပ်လိုက်တာ တော်တော်လေး ရုပ်ပေါက်တယ်လို ပြောရမယ်။ မြိတ်အကျဉ်းထောင်မှာက မြို့က လူတွေက တရာမှာ ငါးဆယ်လောက်ပဲရှိတယ် တော်တော်များများက နီးစပ်ရာ ရွာတွေက ဖြစ်တယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင် အာဏပိုင်တွေက လုံခြုံရေးအကြောင်းပြပြီး နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့မိသားစုနဲ့ဝေးရာဖြစ်တဲ့ ကော့သောင်းထောင်ကို ရေကြောင်းက ရွေ့ပြောင်းပေးနေတာလို့ သူကဆက်ပြောပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ရွေးချယ်ပြီး ထောင်ပြောင်းလိုက်တဲ့အတွက် အကျဉ်းသားတွေကို ထောင်၀င်စာ ပါဆယ်ပို့တာတွေအပြင် မိသားစုနဲ့ တွေ့ဆုံခွင့်ရဖို့ ကိစ္စတွေမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ ပုံမှန်ဆိုရင် ပါဆယ်ပို့တာတောင်မှာ အခက်အခဲဖြစ်နေတဲ့ အနေအထားမှာ အခုထောင်ပြောင်းလိုက်တာဆိုတော့ ပိုပြီးတော့ အလှမ်းလည်းဝေးသွားတယ် သူတို့ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို ထင်တယ် ” လို့ သူကဆိုပါတယ်။ ဒါ့အပြင်အဲဒီအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အခြားအကျဉ်းသားတွေနဲ့ ပြသာနာတက်အောင် မြောက်ပင့်လေ့ရှိတယ်လို့ အဲဒီနိုင်ကျဥ်းဟောင်းက ဆက်ပြောပါတယ်။

မြိတ်ထောင်မှာ အကျဉ်းသားတွေနဲ့ပတ်သက်ပြီး တပတ်ကို ထောင်၀င်စာ ပါဆယ်ပို့ခွင့် သုံးကြိမ်ခွင့်ပြုထားပေမယ့် ပုလောအပါအ၀င် တခြားကျေးရွာက နိုင်ကျဉ်းမိသားစု၀င်တွေအနေနဲ့ လမ်းပန်ဆက်သွယ်ရေး အခက်အခဲတွေကြောင့် သုံးလလျှင် တခါလောက်သာ ပါဆယ်ပို့နိုင်တယ်လို့ အကျဉ်းသားဟောင်းတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကတော့ လက်ရှိ မြိတ်ထောင်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့၀င်တွေက လုံခြုံရေး ယူထားပြီး အကျဉ်းသားတွေကို အသုတ်လိုက်ခွဲပြီး ပြောင်းရွေ့နေတာလို့ ဆိုပါတယ်။

“ သူတို့ကတော့ လုံခြုံရေးနဲ့ လူဦးရေ များပြားနေတယ်လို့ အကြောင်းပြတာပေါ့။ တနင်္သာရီတိုင်းမှာ စစ်ရေးအားကောင်းလာတာနဲ့အမျှ ပိုလုံခြုံရေး ကောင်းတဲ့ ထောင်တွေကို ပို့နေတယ်လို့ ထင်တယ်။ တဖက်မှာလည်း သူတို့အကျင့်အရ မိသားစုနဲ့ဝေးရာကို ပို့လေ့ရှိတယ်။ သူတို့မိသားစု၀င်တွေက စိတ်ပူနေကြတယ် ” လို့ PPNM ကကိုသိုက်ထွန်းဦးက ပြောပါတယ်။

မြိတ်အကျဉ်းထောင်မှာ ပြသာနာတစုံတရာ ကြီးကြီးမားမားမရှိပေမယ့် ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို နာမည်ခေါ် ရွေးထုတ်ပြီးတော့ မိသားစုနဲ့ဝေးတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွေ့ပေးနေတာလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီ အာဏသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အတွင်းလိုအပ်ချက်တွေ တောင်းဆိုတဲ့အခါဖြစ်ဖြစ် အခုလိုပဲ မိသားစုနဲ့ ဝေးရာအရပ်ဒေသရှိ အကျဉ်းထောင်တွေကို ပြောင်းရွေ့ပေးလေ့ရှိတယ်လို့ အကျဉ်းသားဟောင်းတွေက ဆိုကြပါတယ်။

မြိတ်ဗဟိုအကျဉ်းထောင်မှာ လက်ရှိ အကျဉ်းသားအကျဉ်းသူ စုစုပေါင်း လူဦးရေ တထောင်ကျော်လောက် ရှိနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်အဖွဲ့ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးခံရသူဦးရေ နှစ်သောင်းခြောက်ထောင်ကျော်ရှိ နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – Social Media