ဖေဖော်ဝါရီ၊ ၁၃
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတင်းအကျပ်အသက်သွင်းပြီး အကောင်အထည်ဖော်ရာမှာ အထောက်အကူ ပြုတဲ့ လူပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်ကို ထိရောက်ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်မယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ထုတ်ပြန်ပါတယ်။
အဲ့ဒီဥပဒေကို အကောင်အထည်ဖော်ရာမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူတွေအဖြစ် သတ်မှတ်အရေးယူမယ်လို့ဆိုပါတယ်။
အသက် ၁၈နှစ်ပြည့်ပြီးသူတွေကစလို့ အသက် ၄၅နှစ်အရွယ် အမျိုးသား၊၃၅နှစ်အရွယ်အမျိုးသမီးတွေအထိ သက် ရောက်မှုရှိနေတဲ့ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ရက်ကစလို့ အာဏာတည်ပြီလို့ စစ်ကောင်စီက ကြေညာခဲ့ ပါတယ်။
ဒီလိုထုတ်ပြန်ကြေညာလိုက်တာဟာ စစ်ပွဲအတွင်းပြည်သူတွေကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မ စေ ခိုင်းဖို့နဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုခြိမ်းခြောက်ပြီး စစ်အုပ်စုရဲ့အကျိုးစီးပွားအာဏာကို အကာအကွယ် ရ ယူဖို့ လုပ်လာတာလို့ NUGက ဝေဖန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ကြိုးပမ်းနေတဲ့ တရားမဝင်အဖွဲ့အစည်း ဖြစ် တာကြောင့် ဥပဒေပြဌာန်းခွင့်နဲ့ ဥပဒေတွေကိုအာဏာတည်စေဖို့ အခွင့်အာဏာမရှိသလို စစ်မှုထမ်းဥပဒေကိုအ သက်သွင်းလိုက်တာဟာလည်း တရားဝင်မှုမရှိတဲ့လုပ်ရပ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့အခုထုတ်ပြန်ချက်ကို လုံးဝလိုက်နာဖို့မလိုဘူးလို့ NUG ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
ဒါပေမယ့် စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်းစတင်ထုတ်ပြန်ပြီးကတည်းက နိုင်ငံတဝန်းမှာ စစ်ကောင်စီက အမျိုးသမီး၊အမျိုးသားမရွေးလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးကာ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ နေပြီး လူထုကြားစိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
“မိဘတယောက်အနေနဲ့တော့ စိုးရိမ်တယ်၊ငွေမပေးနိုင်တဲ့ အောက်ခြေလူတန်းစား အတွက် စိုးရိမ်တာပါ၊ ပိုက်ဆံရှိ တဲ့သား၊သမီးကတော့ ဆေးကျအောင်လုပ်ပြီး ရှောင်ကြမှာပဲ၊အခုတပ်ထဲမှာဆေးကျအောင်ငွေပေးလုပ်သလို လုပ် ကြမှာ သေချာတယ်၊ကျွန်မကတော့ ယောက်ျားတောင် တပ်ထဲကပြန်ထုတ်မရလို့ သား၊သမီးအထိကျွန်မခံနိုင် ဘူး” လို့ မန္တလေးတိုင်း အခြေစိုက်စစ်ကောင်စီတပ်ရင်းတခုက အရာခံဗိုလ်တဦးရဲ့ဇနီး သားသမီးသုံးဦးရဲ့မိခင်က DNA ကိုပြောထားပါတယ်။
အခုစစ်မှုထမ်းဥပဒေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် စစ်ကောင်စီက တရားဝင်ညွှန်ကြားမှုတွေပေး လာမယ်ဆိုရင် အောက်ခြေမှာအခက်တွေ့ရမယ့်အခြေအနေကိုစိုးရိမ်နေတယ်လို့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကလည်းပြောပါတယ်။
ဒါ့အပြင် သူ့ရဲ့သားသမီးနှစ်ဦးကလည်း အခုစစ်မှုထမ်းဥပဒေပါ အသက်အရွယ်သတ်မှတ်ချက်တွေအရ အကျုံးဝင် နေတာကြောင့် သားသမီးနှစ်ဦးအတွက်လည်း ကြိုတင်စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ စစ်ကောင်စီရဲ့အခုလုပ်ရပ်ကြောင့် လူထုကြုံတွေ့လာရနိုင်တဲ့ ဒုက္ခ တွေလျော့နည်းစေဖို့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လိုအပ်တဲ့ ကာကွယ်မှုနဲ့ ကူညီပံ့ပိုးမှုတွေလုပ်သွား မယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အခုလို စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာဟာ နိုင်ငံတဝန်းက လူငယ်ထုကိုစစ်ပွဲထဲ တွန်း ပို့လိုက်တာလို့ လေ့လာသူတွေက ထောက်ပြကြပြီး တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီတပ်မှာ စစ် မှုထမ်းမယ့်အစား လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်မယ့်သူတွေကို ကြိုဆိုနေမယ်လို့ အသိပေးထုတ်ပြန်မှု တွေ လုပ်ထားကြပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်သူ့သဘောဆန္ဒမပါဝင်ဘဲ တရားမဝင်တဲ့ ဥပဒေ၊ထုတ်ပြန်ချက်တွေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့ ကြံရွယ်လာတာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကို ထပ်ပြီးကျူးလွန် တာဖြစ်တယ်လို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB ကထုတ်ပြန်ဝေဖန်ထားပါတယ်။
NUG အစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs တွေအနေနဲ့လည်း စစ်ကောင်စီရဲ့အခု ခြေလှမ်း ကြောင့် စိုးရိမ်ပူပန်နေတဲ့ လူငယ်ပြည်သူတွေကို ခိုလှုံနိုင်ရေး၊တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပါဝင်နိုင်တဲ့ အခင်းအကျင်း၊အခြေအနေတွေကြိုတင်ပြင်ဆင်ပေးဖို့လည်း GSCBကတိုက်တွန်းထားပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အင်အားစုဆောင်းမှု တွေကို သင်္ကြန်နှစ်သစ်ကူးကာလအပြီး လာမယ့်ဧပြီလအတွင်းစတင်မှာဖြစ်ကာ အပတ်စဉ်တခုကို လူဦးရေ ငါး ထောင်လောက်ခေါ်ယူဖို့ လျာထားတယ်လို့ ဘီဘီစီမြန်မာပိုင်းကို ဒီကနေ့ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီလို ခေါ်ယူစုဆောင်းထားတဲ့ တပ်သားသစ်တွေကို ရှေ့တန်းလွှတ်ဖို့လည်း ထည့်သွင်းစဉ်းစားချက် တွေရှိနေပြီး တဦးချင်းရဲ့ ကျွမ်းကျင်မှုတွေအပေါ် မူတည်စဉ်းစားမယ်လို့ဆိုပါတယ်။