တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခံနေရတဲ့ မြန်မာအမျိုးသမီးတွေ

ဖေဖော်ဝါရီ၊ ၁၃
 
“ပွဲစားတွေလိမ်တာ၊ အိမ်ဖော်အလုပ်ရမယ်ဆိုပြီးပြောတာ၊ ညီမတယောက်တည်း ကူညီပါဦးအမရယ်၊ ညီမ‌‌ကြောက်တယ်”
 
တရုတ်နိုင်ငံမှာ လစာကောင်းတဲ့အလုပ်ရမယ်ဆိုပြီး ခေါ်တဲ့သူတွေနောက်လိုက်သွားရင်းက တရုတ်အမျိုးသားတဦးရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံလိုက်ရတဲ့ မြန်မာအမျိုးသမီးငယ် မဝေဝေ (အမည်လွှဲ)က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း DNA ကို ဆက်သွယ်အကူအညီတောင်းခဲ့တာပါ။
 
လူမှုကွန်ရက်ကနေ DNA ကိုဆက်သွယ်အကူအညီတောင်းလာတဲ့ သူ့ကို အခုတော့ ဆက်သွယ်လို့ မရတော့ပါဘူး။ သူကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေကို အပြည့်အစုံ မပြောပြနိုင်သေးခင်မှာပဲ ဒီအမျိုးသမီးဟာ သူ့အတွက် အကူအညီဖြစ်နိုင်မယ်လို့ ထင်ခဲ့တဲ့ ရင်းမြစ်တွေနဲ့ အဆက်အသွယ်ပြတ်သွားပြီလို့ ယူဆရပါတယ်။
 
အခုလက်ရှိမှာ မဝေဝေအနေနဲ့ ဘယ်လိုကံကြမ္မာဆိုးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း မသိရတော့ပါဘူး။ အဆက်အသွယ်ရခဲ့တဲ့ အချိန်တိုအတွင်း မေးမြန်းချက်တွေအရတော့ သူမဟာ အသက် ၁၉ နှစ်အရွယ် မူဆယ်ဒေသခံတဦး ဖြစ်တယ်လို့ သိရပါတယ်။
 
အဲဒီအမျိုးသမီးငယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်က မူဆယ် နန်းတော်ဂိတ်ကနေ စာအုပ်အနီနဲ့ တရုတ်ပြည်ထဲကို ဝင်သွားပြီး ရွှေလီရောက်ချိန်မှာ ပွဲစားက စာအုပ်အနီအပြင် ပါလာတဲ့ အိမ်ထောင်စုဇယားနဲ့ ဖုန်းကိုလည်း သိမ်းလိုက်တယ်လို့ ဆိုပါတယ်။
 
အဲဒီနောက် ပွဲစားဆီကနေ သူမကို ဝယ်ယူသွားတဲ့ တရုတ်အမျိုးသားနဲ့ မိသားဝင်တွေက အမျိုးသမီးငယ်ကို ရွှေလီကနေ မှောင်ခိုလမ်းကြောင်းအတိုင်း သူတို့အိမ်ရှိရာ ကုတ်ကြေးကျန်ဆွေလူးချွန်လို့ ဆိုတဲ့ ကျေးရွာကို ခေါ်သွားတာလို့ ပြောပြပါတယ်။
 
အဲဒီကိုရောက်ပြီးချိန်မှာ သူက DNA ကို ဆက်သွယ်လာခဲ့တာဖြစ်သလို အဲဒီနေ့မှာပဲ တရုတ်ရဲဌာနကိုလည်း ဖုန်းဆက်တိုင်ကြားခဲ့ပေမယ့် တရုတ်စကား မကျွမ်းကျင်တာကြောင့် သူပြောတာကို တဖက်က ကောင်းကောင်းနားလည်ပုံ မရဘူးလို့လည်း ပြောပြပါတယ်။
 
သူရောက်နေတယ်ဆိုတဲ့ နေရာကိုလည်း မဝေဝေက အွန်လိုင်းကနေ ပို့ပေးခဲ့တာကြောင့် ရွှေလီရောက် မြန်မာနိုင်ငံသားတဦးကို မေးမြန်းကြည့်ရာမှာတော့ အဲဒီရွာဟာ ရွှေလီကနေ ညအိပ်ပြီး သွားမှ ရောက်နိုင်တယ်လို့ ဆိုပါတယ်။
 
လစာကောင်းတဲ့ အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်လာခဲ့တဲ့ ပွဲစားကို မဝေဝေဘက်က ငွေကြေးတစုံတရာ မပေးရဘူးဆိုပေမယ့် လက်လွှဲရောင်းချခံရပြီးနောက်မှာတော့ အဲဒီပွဲစားက အဆက်အသွယ်ဖြတ်သွားတယ်လို့လည်း သိရပါတယ်။
 
“ညီမကို တခုခုလုပ်မှာကြောက်တယ်၊ အထောက်ထားက ပွဲစားတွေဆီမှာ ညီမအရမ်းကြောက်တယ်အမရယ်၊ ညီမ ရဲတွေကို ဖုန်းခေါ်ထားတယ်၊ တရုတ်စကားသိပ်မတတ်တော့ သူတို့သိပ်နားမလည်ဘူး ဖြစ်နေတယ်” လို့ မဝေဝေ က ဆိုပါတယ်။
 
မြန်မာအမျိုးသမီးတွေကို အလုပ်သွင်းပေးမယ်ဆိုပြီး တရုတ်အမျိုးသားတွေရဲ့ ဇနီးမယားအဖြစ် လိမ်လည်ရောင်းချတဲ့ မှောင်ခိုဈေးကွက်ဟာ အာဏာမသိမ်းမီ နိုင်ငံ့အခြေအနေ အခုထက် အဆများစွာတည်ငြိမ်တဲ့ ကာလတွေကတည်းက ရှိခဲ့တာပါ။
 
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၁၈ နှစ်ဆန်းပိုင်းကနေ နိုဝင်ဘာလကုန်အထိ နိုင်ငံတဝန်း လူကုန်ကူးမှု ၅၂ မှု ဖြစ်ရာမှာ တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့အမှု ၃၂ မှုအထိ ပါဝင်ပါတယ်။
 
လူကုန်ကူးမှုတွေဟာ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်လေ့ရှိပြီး ဒုတိအများဆုံးက ရှမ်းပြည်နယ်ဖြစ်ကာ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တို့ကတော့ တတိယအများဆုံးလို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့အချက်အလက်တွေအရ သိရပါတယ်။
 
ဒါဟာ အာဏာမသိမ်းမီက အချက်အလက်တွေပါ။
 
အာဏာသိမ်းပြီးနောက်မှာတော့ ရခိုင်အမျိုးသမီးငယ်တွေဟာ တရုတ်မယားအဖြစ်ရောင်းစားတဲ့ ဈေးကွက်အတွက် ပစ်မှတ်ထားခံရမှု များလာတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ နိရဥ္စရာသတင်းဌာနက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဖော်ပြခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် နေရပ်ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်အရေအတွက် သန်းချီ တိုးပွားလာပြီး လူကုန်ကူးခံရနိုင်ချေဟာလည်း အရင်ကထက် ပိုပြီးမြင့်တက်လာပါတယ်။
 
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေ သိသိသာသာ ကျဆင်းသွားပြီး ဒေသတွင်းမှာ လူကုန်ကူးမှုအန္တရာယ် အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
 
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်အထိ နယ်စပ်ဒေသ လူကုန်ကူးမှုတွေအကြောင်း ပြောကြတဲ့အခါ အွန်လိုင်းငွေလိမ်ဂိုဏ်း၊ လောင်းကစားဂိုဏ်း စတဲ့ ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးခံရမှုတွေက ပိုပြီးထင်ပေါ်ခဲ့ပါတယ်။
 
အာဏာသိမ်းမှု မတိုင်ခင် နှစ်အနည်းငယ်အတွင်း လူပြောများခဲ့တဲ့ တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ ဈေးကွက်ဟာ ကျားဖြန့်အရေး၊ အာဏာသိမ်းမှုအရေး၊ နိုင်ငံအနှံ့က လက်နက်ကိုင်ပဋိပက္ခအရေးတွေကြား မှေးမှိန်နေခဲ့တာပါ။
 
တရုတ်နိုင်ငံသားတွေအပြင် တရုတ်နိုင်ငံကိုပါ ထိခိုက်မှုတွေ ဖြစ်စေတဲ့ ကျားဖြန့်အရေးအတွက် နယ်စပ်ဒေသတွေကို ဖိဖိစီးစီးကိုင်တွယ်ခဲ့တဲ့ တရုတ်အာဏာပိုင်တွေဟာ တရုတ်မယားအဖြစ် လူကုန်ကူးတဲ့ အရေးနဲ့ပတ်သက်လို့တော့ အသံကျယ်ကျယ်ထုတ်ပြောလေ့ မရှိပါဘူး။
 
ဆင်ဟွာသတင်းဌာနအပါအဝင် တရုတ်အစိုးရနဲ့ပတ်သက်တဲ့ သတင်းဌာနတွေ၊ လူမှုကွန်ရက်ချန်နယ်တွေကနေ တရုတ်နိုင်ငံသားနဲ့ ထိမ်းမြားတဲ့ မြန်မာအမျိုးသမီးတွေ အဆင်ပြေနေတဲ့အကြောင်း ဝါဒဖြန့်ဖော်ပြမှုတွေပါ လုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။
 
လတ်တလောမှာတော့ တရုတ်နိုင်ငံမှာ မြန်မာအမျိုးသမီးငယ်တွေ လိမ်လည်ရောင်းစားခံရမှုတွေ ခပ်စိပ်စိပ်ပြန်ကြားလာရတာကြောင့် အယုံမလွယ်ကြဖို့ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က သတိပေးနေကြတာတွေလည်း ရှိနေပါတယ်။
 
တရုတ်နိုင်ငံသားအမျိုးသားတွေအနေနဲ့ သူတို့အချင်းချင်း လက်ထပ်ပေါင်းသင်းမယ်ဆိုရင် ယွမ်သုံးသိန်း (ကျပ် သိန်း ၁၅၀၀ ဝန်းကျင်) နဲ့ တင်တောင်းရလေ့ရှိပြီး မြန်မာအမျိုးသမီးတဦးကို ဇနီးမယားအဖြစ် ဝယ်ယူမယ်ဆိုရင်တော့ ယွမ်ရှစ်သောင်းလောက်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် တရုတ်အမျိုးသားဇနီးအဖြစ် သွားရောက်နေထိုင်ပေါင်းသင်းဖို့ သဘောတူလက်ခံတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း ပွဲစားတွေက ယွမ်နှစ်သောင်း (ကျပ်သိန်းရှစ်ဆယ်)လောက်သာ ဈေးဖြတ်ပေးတာ ရှိသလို တပြားမှမပေးဘဲ လိမ်လည်ရောင်းစားလိုက်တာတွေလည်း ရှိနေတယ်လို့ ဒီအခြေအနေတွေကိုသိတဲ့ တရုတ်ရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။
 
အထက်ပါ မူဆယ်သေခံအမျိုးသမီးငယ် မဝေဝေလိုပဲ “ဝ”ဒေသ ပန်ဆန်းမြို့မှာ အလုပ်ကောင်းရမယ်ဆိုပြီး တရုတ်မယားအဖြစ် ရောင်းစားခံလိုက်ရတဲ့ ရန်ကုန်မြို့က အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တဦးရဲ့ အမဖြစ်သူနဲ့ လည်း DNA က အဆက်အသွယ်ရခဲ့ပါတယ်။
 
“ဟိုမှာ အလုပ်ရမယ် အဆင်သင့်ပဲ တလ(ယွမ်)၃၀၀၀ ဆိုပြီး ခေါ်တာကို ကလေးက မက်ပြီးတော့ အိမ်ကိုသေချာမပြောဘဲ သွားတာ” လို့ ရောင်းစားခံလိုက်ရတဲ့ ညီမဖြစ်သူအတွက် စိုးရိမ်နေတဲ့ အမဖြစ်သူ မအေးအေး (အမည်လွှဲ) က DNA ကို ပြောပါတယ်။
 
မန္တလေးက ဟိုတယ်တခုမှာ သန့်ရှင်းရေးဝန်ထမ်း အလုပ်ရတယ်ဆိုပြီး မိသားစုကို အသိပေးသွားတဲ့ ညီမဖြစ်သူဟာ လူငယ်တွေအသုံးများတဲ့ Tiktok လူမှုကွန်ရက်ကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေလေ့ရှိပြီး အဲဒီကနေ ပွဲစားအမျိုးသမီးတဦးနဲ့ ချိတ်ဆက်မိခဲ့တာလို့ ဆိုပါတယ်။
 
ညီမဖြစ်သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ မန္တလေးမြို့က စတင်ထွက်ခွာသွားခဲ့ပြီး “ဝ”ဒေသ ပန်ဆန်းကတဆင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က လူသိများတဲ့ လန်ချန်းမြို့ကို ဇန်နဝါရီ ၁၁ ရက်မှာ ပွဲစားတွေနဲ့အတူ ရောက်သွားတယ်လို့ သိရပါတယ်။
 
လန်ချန်းမြို့မှာလည်း ခရီးမဆုံးသေးဘဲ သူမရဲ့အလုပ်ရှင်သူဌေးဆိုသူက လာခေါ်တာကြောင့် တောလမ်းကနေ ကားနဲ့ ခရီးထပ်သွားခဲ့ရတယ်လို့ မအေးအေးက သူသိထားတာကို ပြောပြပါတယ်။ အဲဒီနောက်ဆုံးခရီးတဖြတ်မှာတော့ မအေးအေးရဲ့ ညီမကို ခေါ်သွားတဲ့ ပွဲစားတွေက ကျန်နေရစ်ခဲ့ကြပါပြီ။
 
အဲဒီနောက် မအေးအေးရဲ့ညီမကို ခေါ်သွားသူတွေက ရွာတရွာက နေအိမ်တအိမ်မှာ ပို့ထားခဲ့ပါတယ်။ ဒါဟာ အလုပ်လုပ်ရမယ့်နေရာ ဖြစ်တယ်လို့လည်း သူ့ကိုပို့ပေးသူတွေက အသိပေးခဲ့ပါတယ်။
 
အဲဒီအိမ်ကိုရောက်ပြီး ငါးရက်လောက်အကြာမှာတော့ ရောင်းစားခံရတဲ့အကြောင်း သူ့ကို လက်ခံဝယ်ယူထားသူတွေဘက်က စတင်အသိပေးလာပြီး အဲဒီနေအိမ်မှာရှိတဲ့ တရုတ်အမျိုးသားကလည်း လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ဖို့ အတင်းအကျပ် ပြောဆိုလာပါတော့တယ်။
 
ဒီလိုဖိအားပေးတဲ့အခါ မြန်မာအမျိုးသမီးဘက်က ငြင်းဆိုတာကြောင့် နေ့စဉ်ပြဿနာတွေတက်ခဲ့သလို တခြားလူတွေဆီ တဆင့်ပြန်ရောင်းစားဖို့ ပြောဆိုတာ၊ နေအိမ်ကနေ နှင်ထုတ်တာမျိုးတွေလည်း တရုတ်အမျိုးသားက လုပ်တယ်လို့ ကိုယ်တိုင်ကြုံရသူရဲ့ အမ မအေးအေးက ပြောပြပါတယ်။
 
အဲဒီတရုတ်အမျိုးသားဟာ စိတ်ကျန်းမာရေး မကောင်းသလို ဝက်ရူးပြန်ရောဂါ လည်းရှိနေသူဖြစ်တယ်လို့ ဆိုပါတယ်။
 
အဲဒီနောက်မှာတော့ ညီမဖြစ်သူဟာ သူရောက်နေတဲ့ရွာကနေ သုံးနာရီလောက် ခြေလျင်သွားရတဲ့ တရုတ်ရဲစခန်းတခုကို ထွက်သွားခဲ့ပြီး ရဲစခန်းရောက်ပြီဆိုတဲ့အကြောင်း အခုလ ၆ ရက်မှာဆက်သွယ်အသိပေးခဲ့တယ်လို့ သိရပါတယ်။
 
ဒါဟာ သူတို့ညီအမ နှစ်ဦးအကြား နောက်ဆုံးအကြိမ်အဆက်အသွယ်ရခဲ့တာဖြစ်ပြီး ညီမဖြစ်သူဘယ်လိုတွေ ဆက်ကြုံနေရလဲဆိုတာ ထပ်မသိရတော့ဘူးလို့လည်း မအေးအေးက ပြောပါတယ်။
 
“မိန်းမလို နေဖို့ပြောတော့ ငါပိုက်ဆံမယူထားဘူး၊ ဘာလို့နေရမှာလဲလို့ပြောတော့ စကားများကြပြီး ရဲစခန်းကို ထွက်သွားတာတဲ့၊ ခုတော့ အဆက်သွယ်မရတော့ဘူး” လို့ သူကဆိုပါတယ်။
 
ညီမဖြစ်သူကို ပန်ဆန်းမှာနေတဲ့ မမွှေးဆိုတဲ့ အမျိုးသမီး၊ တရုတ်-မြန်မာနယ်စပ် လန်ချန်းမြို့က လားဟူလူမျိုး အမျိုးသားတဦးနဲ့ တရုတ်အမျိုးသား တဦးတို့က တရုတ်ငွေ ယွမ်ခြောက်သောင်းနဲ့ ရောင်းစားသွားကြောင်း ဝယ်ယူခဲ့တဲ့ တရုတ်အမျိုးသားဆီက သိထားရတယ်လို့ မအေးအေးက ရှင်းပြပါတယ်။
 
အခုလို ဖြစ်ရပ်တွေ မကြုံရခင်ကတော့ ညီမဖြစ်သူဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့က ကာစီနိုရုံတခုမှာ အလုပ်လုပ်ကိုင်ခဲ့တာပါ။ အဲ့ဒီမှာ တနှစ်ဝန်းကျင် အလုပ်လုပ်ခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးကြောင့် လောက်ကိုင်ကနေ ထွက်ခွာခဲ့ရတာပါ။
 
အဲဒီနောက် မန္တလေးမြို့က ကော်ဖီဆိုင်တခုမှာ ဆယ်ရက်လောက် လုပ်ကိုင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
 
လက်ရှိမှာတော့ ညီမဖြစ်သူအတွက် ရတက်မအေးနိုင်တဲ့ မအေးအေးတယောက် တရုတ်နိုင်ငံဘက်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ နယ်စပ်ဒေသက ပရဟိတသမားတွေကို အွန်လိုင်းကနေ ဆက်သွယ်အကူအညီတောင်းနေသလို ရန်ကုန်က တရုတ်သံရုံးကိုလည်း သွားရောက်တိုင်ကြားခဲ့ပါသေးတယ်။
 
ဒါပေမယ့် တရုတ်သံရုံးဘက်က တုံ့ပြန်အကြောင်းကြားမှု တစုံတရာ မရှိသေးသလို ညီမဖြစ်သူကို ကယ်တင်နိုင်ဖို့ ဝေးလို့ လက်ရှိဘယ်လိုရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတဲ့ နောက်ဆုံးအခြေအနေကိုတောင် မသိရသေးပါဘူး။
 
“ဟိုရက်ကဆိုရင် အမဘာမှမစားနိုင်ဘူး၊ စစဖြစ်တဲ့ရက်က မျက်ရည်နဲ့မျက်ခွက်ပဲ၊ မြန်မာသံရုံးလည်း ရောက်သေးတယ်၊ အဲ့ရောက်မှ မြန်မာနိုင်ငံသားဖြစ်ပြီး ဘာတခုမှ အဆင်မပြေပါလားဆိုပြီး၊ လုံခြုံရေးက အထဲကိုတောင် ပေးမဝင်ဘူး” လို့ မအေးအေးက ပြောပြပါတယ်။
 
လတ်တလောမှာတော့ မအေးအေးတယောက် ညီမဖြစ်သူကို ကယ်တင်နိုင်ဖို့အတွက် အွန်လိုင်းပေါ်က အဆက်အသွယ်တွေ ရှာဖွေအကူအညီတောင်းနေပြီး ကိုယ်တိုင်ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
“လူကုန်ကူးကိုလည်း တိုင်တယ် အဆင်မပြေပါဘူး၊ အဲ့ဒါကြောင့် လိုင်းပေါ်တင်ပြီး ကိုယ့်ဟာကိုယ်ပဲ လုပ်တော့တာ။ မကောင်းပါဘူး၊ ပြောရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေသလိုဖြစ်နေတယ်” မအေးအေးက ညည်းတွားရင်းပြောလိုက်ပါတယ်။
 
လိမ်လည်ရောင်းစားခံရကာ မိသားစုနဲ့ အဆက်အသွယ်ပြတ်ပြီး လူမသိ သူမသိ ဒုက္ခကြုံနေရမယ့် မြန်မာမိန်းကလေးတွေ တရုတ်နိုင်ငံထဲမှာ အများအပြားရှိနေနိုင်ပါသေးတယ်။
 
ပြည်တွင်းစစ်မီး အရှိန်ပြင်းပြင်း တောက်လောင်နေပြီး ပြဿနာတွေ မျိုးစုံကြားက လက်ရှိအခြေအနေမှာတော့ အဲဒီမြန်မာမိန်းကလေးတွေဟာ တိတ်တဆိတ်ကယ်သူမဲ့နေကြပါတော့တယ်။