ဒီဇင်ဘာ၊ ၁၉
ရက်စွဲအတိအကျမမှတ်မိတော့ပေမယ့် လွန်ခဲ့တဲ့ လေးလခွဲလောက်က အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ဦးဝင်းဦး(အမည်လွှဲ)တယောက် အသည်းတထိတ်ထိတ်ရင်တဖိုဖိုနဲ့ ဝမ်းနည်းဝမ်းသာခံစားနေရဆဲပါ။
အဲဒီနေ့က အညာရဲ့ဇူလိုင်မိုးစက်တွေ မနက်စောစော တဖွဲဖွဲရွာနေတာ သူ မှတ်မိနေသေးတယ်။
အဲ့ဒီနေ့က“ဟိုဘက်ရွာ မြေပဲကောက်”ဆိုပြီး မိုးစက်တွေအောက်မှာလက်နက်ကိုင် ပျူစောထီးတွေ ရွာလေးဘက် လေးတန် စောင့်ကြပ်နေတဲ့ကြားက မိသားစုကို ခေါ်ပြီး ထွက်ပြေးလာတာဖြစ်ပါတယ်။
တဘက်ကလည်း ရွာက ထွက်ပြေးရင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေက သတ်လိမ့်မယ်ဆိုတဲ့ ပျူစောထီး တွေရဲ့အယုံသွင်းမှုကို မယုံတဝက်၊ ယုံတဝက်နဲ့ နားထဲကမထွက်။
ချက်မြှုပ်ရွာက ထွက်ပြေးလာရလို့ ဝမ်းနည်းနေခဲ့ပေမယ့် ကြိုတင်ချိတ်ဆက်ထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တွေ လမ်းတဝက်မှာစောင့်ကြိုနေတာကိုမြင်ရတဲ့ အခိုက်ဟာ မိုးစက်တွေကြားမှာ စိတ်လုံခြုံမှုနဲ့ နွေး ထွေး မှုကို တပြိုင်တည်းခံစားလိုက်ရတဲ့ တဒင်္ဂပဲလို့ မှတ်မိနေပါသေးတယ်။
“အစကတော့ ကျွန်တော်တို့ကပြေးဖို့ အစီအစဉ်မရှိဘူး၊ရွာမှာနေရတာ ကြာတော့ငတ်သေတော့မယ်၊သူတို့ (ပျူစောထီး)ပြောသလို PDF တွေသတ်ရင်လည်း သေမထူးဘူး ဆိုပြီးပြေးလာကြတာ’’
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်က ပျူစောထီးတွေကြီးစိုးရာ အိမ်ခြေ ခုနှစ်ရာကျော်ရှိတဲ့ တွင်းမရွာက ထွက် ပြေးလာခဲ့ရတဲ့အခြေအနေကို အသက်လေးဆယ်အရွယ် ဦးဝင်းဦးကဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက DNA သတင်းဌာနကို ပြန်ပြောင်းပြောပြနေတာပါ။
အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ဘဲ ရွာအပြင်ထွက်ခွင့်မပြုတာကြောင့် အလုပ်အကိုင် ခက်ခဲလာသလို စားဝတ်နေရေးပါ ကျပ်တည်းလာလို့ ထမင်းနဲ့ရေကိုသာဖျော်သောက်ရတဲ့ နေ့ရက်တွေဟာလည်းသူ့ဇာတိ ရွာကို စွန့်ခွာစေတဲ့အကြောင်းတချက်လို့ ဦးဝင်းဦးကပြောပါတယ်။
“အိမ်မှာ ရှိသမျှဟာ သူတို့လိုချင်တာဆိုလည်း ဘာမပြောညာမပြောတက်ယူတယ်၊ကျွန်တော်တို့က မလုပ်ပါနဲ့ တောင်းပန်လည်း မရဘူး၊ရွာကလည်း ခြောက်ကပ်နေတာပဲ ရွာပျက်လိုပဲ၊ကျွန်တော်တို့မှာ စားရသောက်ရ ခက်ရ ကြားထဲ ကင်းစောင့်ရတယ်၊အရိုက်ခံရတယ်၊ကြာတော့ စိတ်ပျက်လာတာနဲ့ ထွက်ပြေးလာတာ” လို့ ဦးဝင်းဦးက ဆိုပါတယ်။
သူဟာမိဘနှစ်ဦး၊ မောင်နှစ်မတွေနဲ့ သားသမီးငါးယောက်အပါအဝင် မိသားစုဝင် ၁၁ ဦးနဲ့အတူ အဲဒီနေ့ မနက် ၈ နာရီလောက်မှာမွေးရပ်မြေကိုစတင်စွန့်ခွာခဲ့ပါတယ်။
မြေပဲကောက်သွားဖို့ ဆိုပြီး ပျူစောထီးတွေကို အသိပေးပြောဆိုခဲ့ကာ ရွာကနေ ကားနဲ့ လေးနာရီကျော်ခရီး အ ကွာက ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတဲ့ဘက်ကို ထွက်ပြေးလာခဲ့တာပါ။
ရွာကနေ ထွက်ပြေးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေအပေါ် အနည်းငယ် စိုးရိမ်စိတ်ဖြစ်ခဲ့ပေမယ့် သူတို့ဆီ ရောက်ချိန်မှာတော့ နွေးနွေးထွေးထွေး ဆက်ဆံကြိုဆို ပေးတာကြောင့် အံသြ ပျော်ရွှင်ရတယ်လို့ဦးဝင်းဦးက ဆိုပါ တယ်။
ဇာတိအရပ်ဖြစ်တဲ့ တွင်းမရွာမှာ ပျူစောထီး နဲ့ စစ်ကောင်စီအင်အား ကိုးဆယ်နီးပါးတပ်စွဲထားပြီးPDF တွေတိုက် ရင် ဒေသခံတွေကသတင်းပေးတယ်ဆိုပြီး ခြိမ်းခြောက်ရိုက်နှက်တာ၊ စိတ်မထင်ရင် မထင်သလို ခေါ်စစ်တာ စတဲ့ အကြောင်းတွေကြောင့်လည်း ညည အိပ် မပျော်တဲ့အထိဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။
“အကိုတို့ပြေးလာတဲ့ ၁၁ ယောက်ထဲက တယောက်ဆိုရင် သူကဆိတ်ကျောင်းနေတာ၊ ပြီးတော့ သူ့ဘာသာ သီ ချင်းဆိုတာ၊အဲ့ဒါကို ပျူစောထီးတွေက သူတို့ကို ရွဲ့တယ်ဆိုပြီး ခေါ်ပြီးတော့ မှောက်ခိုင်းပြီးကျောကို ဖနောင့်နဲ့ တက်နင်းတာ” လို့ဦးဝင်းဦးက ဆိုပါတယ်။
အခုတော့ အဲ့ဒီလိုနှိပ်စက်ခံခဲ့ရသူဟာ ကွယ်လွန်သွားတာ ရက်နှစ်ဆယ်လောက်ရှိပြီးဖြစ်ပြီး ပျူစောထီးတွေ နှိပ်စက်တဲ့ဒဏ်နဲ့ပဲ သေဆုံးခဲ့တာလို့ သူက ယူဆပါတယ်။
ပျူစောထီးလို့ ခေါ်တဲ့ အရပ်သားလက်နက်ကိုင်တွေကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာ ဏာသိမ်းပြီးနောက် စစ်မှုထမ်းဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ မဘသအဖွဲ့ဝင်တွေအပါအဝင် စစ်တပ်ကို ထောက်ခံတဲ့ သူတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
အာဏာသိမ်းတာကို ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြတဲ့သူတွေကိုရက်ရက်စက်စက်နှိပ်ကွပ်ပြခဲ့တဲ့ စစ်တပ်ကို လက် နက်ကိုင်တုံ့ပြန်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်တဲ့ လူထုကိုပျူစောထီးလိုအရပ်သားတွေကြားက လက်နက်ကိုင် တွေနဲ့တုံ့ပြန် နှိမ်နင်းဖို့ကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။
ပျူစာထီး အဖွဲ့တွေဟာအများအားဖြင့် စစ်ကိုင်း၊မကွေး၊မန္တလေးတို့မှာ အားကောင်းပြီး စစ်တပ်နဲ့အတူ နယ်မြေ အတွင်း စစ်ကြောင်းထိုးလှုပ်ရှားကြသလို တော်လှန်ရေးတပ်တွေရဲ့ သတင်းရယူတာ၊လမ်းပြတာနဲ့ ၊သူတို့ကို မ ထောက်ခံတဲ့အနီးဝန်းကျင် ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊တိုက်ခိုက်တာတွေကို ကျယ်ကျယ်ပြန့်ပြန် လုပ်လေ့ ရှိတာပါ။
သူတို့ဟာ အနီးအနား ကျေးရွာတွေကို ရန်ပြုတာတင်မကကျေးရွာထဲမှာရှိတဲ့ ဒေသခံတွေကိုလည်း ခေါ်ယူ စစ် ဆေး တာ၊ရိုက်နှက်တာအပြင် စစ်တပ်ခေါ်ပြီးဖမ်းဆီးခိုင်းတာတွေပါလုပ်လေ့ရှိတယ်လို့ ပျူစောထီးအားကောင်း တဲ့ရွာတွေကနေ ထွက်ပြေးလွတ်မြောက်လာသူတွေကပြောကြပါတယ်။
အဲဒီလိုပျူစောထီးတွေကြောင့် ထွက်ပြေးလာသူတွေထဲမှာ အိမ်ခြေ ခုနှစ်ရာ နီးပါးရှိတဲ့ မြိုင်မြို့နယ်၊ သရက်ကန် ရွာက ကိုမောင်မောင်( အမည်လွှဲ) ဆိုသူလည်း တဦး အပါအဝင်ပါ။
“အဲ့ရွာမှာ ကျွန်တော်တို့ စားရေးသောက်ရေးက အစ ဘာမှ အဆင်မပြေဘူးလေနော့်၊သူတို့ ရိက္ခာ ဆိုလည်း သူတို့ မလိုချင်မှ၊ သူတို့မကုန်မှသာ ကျွန်တော်တို့ကိုခွဲပေးတာလေ၊အစကတော့ကျွန်တော်က ကြားနေဆိုတော့ အဆင် ပြေမယ်ထင်တာ၊တကယ်တော့ သူတို့က သူတို့လူလည်းဒုက္ခပေးတာပဲ” လို့ ကိုမောင်မောင်က သူကြုံခဲ့တာတွေ ကိုပြောပြပါတယ်။
သူတို့ရွာကပျူစောထီးတွေကရွာခံတွေကို ရွာပြင်ထွက်ရင် ပြည်သူ့ကာကွယ်ရေးတပ်တွေက သတ်လိမ့်မယ် ဆိုပြီး ခြိမ်းခြောက်ထားတာကြောင့် ထွက်မပြေးခဲ့တာဖြစ်ပြီး ပျူစောထီးတွေရဲ့ နှိပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တဲ့ အဆုံးမှာ ထွက်ပြေးလာရတာ တလကျော်သာ ကြာသေးတယ်လို့ ကိုမောင်မောင်ကဆိုပါတယ်။
ကိုယ်တိုင်နေထိုင်ဖြတ်သန်းရတဲ့ အတွေ့အကြုံတွေအရတော့ ရွာမှာပျူစောထီးတွေနဲ့ အတူနေရတာထက် ပြည် သူ့ကာကွယ်ရေးတပ်တွေနဲ့ အတူနေရတာကလွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို ပိုခံစားရတယ်လို့ သူက ယူဆပါတယ်။
ကိုမောင်မောင်နဲ့ ဦးဝင်းဦးတို့လိုပဲ ကိုထွန်းထွန်း(အမည်လွှဲ)ဟာလည်း ပေါက်မြို့နယ်ထဲကအိမ်ခြေလေးရာ လောက်ရှိတဲ့ ဝက်ပုတ်ရွာကနေ ပျူစောထီးတွေနှိပ်စက်လို့ တခြားဒေသခံတွေနဲ့ အတူ မိသားစုဝင်ခြောက်ဦးနဲ့ ပခုက္ကူမြို့ဘက်ကိုထွက်ပြေးခဲ့ပါတယ်။
စစ်တပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုးလို့ စိတ်သောက ရောက်နေပြီး တော်လှန်ရေး အမြန်အောင်မြင်ဖို့ သာ မျှော်လင့်နေတယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။
ရွာမှာအခြေချနေတဲ့ ပျူစောထီး နှစ်ဆယ်ကျော်ကဒေသခံတွေကို နှိပ်စက်မှု တွေပြုလုပ်တာကြောင့် ဒေသခံ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်လာတာ အခုဆိုရင်နှစ်နှစ်နီးပါး ရှိပြီဖြစ်ကာ တနှစ်ကျော် အရွယ် သမီးလေးတယောက်လည်းရှိနေတယ်လို့ဆိုပါတယ်။
“ အကုန်ပြေးရတာပဲ၊ဦး(ရေ)နှစ်ဆယ်လောက်က ပျူစောထီးဘာညာ လုပ်တဲ့သူရှိတာပဲ၊အဲ့ဦးနှစ်ဆယ် လောက် ကြောင့် ကျန်တဲ့ အိမ်ခြေ လေးရာလောက်က အကုန် အိုးအိမ်စွန့်ခွာထွက်ပြေးရတာ” လို့ ကိုထွန်းထွန်းက ပြော ပါတယ်။
အဲဒီလိုပျူစောထီးတွေနှိပ်စက်လို့ ထွက်ပြေးလာတဲ့ ဦးဝင်းဦးနဲ့ ကိုထွန်းထွန်းတို့လိုလူတွေကို ပြည်သူ့ကာ ကွယ် ရေးတပ်တွေက ကူညီစောင့်ရှာက်ပေးထားတယ်လို့ ဒေသခံကာကွယ်ရေးတပ် တာဝန်ရှိသူတွေက ဆိုပါ တယ်။
“ပျူစောထီးနဲ့ပေါင်းပြီးမှ ပြေးလာလည်း သူတို့က ကျွန်တော်တို့ ပြည်သူပဲ၊ဒါ့ကြောင့် ကျွန်တော်တို့ရတဲ့ ရိက္ခာလေး တွေကို ခွဲပေးပြီး ကူညီစောင့်ရှောက်ပေးထားတာ”လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတဦးက ပြောပါတယ်။
“သူတို့ကျွန်တော်တို့နဲ့မပူးပေါင်းလည်း အဆင်ပြေတယ်၊ပျူစောထီးတွေနဲ့မပူးပေါင်းဖို့က အဓိကပဲ “လို့ သူကဖြည့် စွက်ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြူစောထီးကျေးရွာငါး ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်ကြသလို တချို့ကတော့ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ လာရောက်ပူးပေါင်း ကြ တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက ပြောပြပါတယ်။
အဲဒီလို ထွက်ပြေးလာတဲ့ သူတွေထဲ ကိုထွန်းထွန်းလို တော်လှန်ရေးအမြန်ပြီးဖို့ မျှော်လင့်သူရှိသလို့ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ နဲ့ပူးပေါင်းပြီး တော်လှန်ရေးမှာ အုတ်တချပ်သဲတပွင့်အဖြစ်ပါဝင်နိုင်ဖို့ လျှောက်ထားမယ့် ဦးဝင်းဦးလို လူလည်း ရှိပါတယ်။
အရင်က မိသားစု နဲ့အတူ တောင်ယာလုပ်ကိုင်ခဲ့ပြီး လက်ရှိမှာစားဝတ်နေရေး အတွက် ဆိုင်ကယ်နဲ့ ရွာစဉ်အလိုက် ဈေးလိုက်ရောင်းနေပေမယ့် လတ်တလော စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် အရောင်းအဝယ်လုပ်ရာမှာ လည်း အမြတ်အစွန်းနည်းတယ်လို့ သူက ပြောပါတယ်။
လူထုခုခံစစ် နှစ်နှစ်ကျော်ကာလ အတွင်း လက်လုပ်မိုင်း၊လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်ကြရတဲ့ ကာကွယ်ရေး တပ်တွေဟာ အခုနောက်ပိုင်းမှာတော့ မောင်းပြန်ရိုင်ဖ ယ်ကိုင်ဆောင်လာနိုင်တာနဲ့အမျှ နယ်မြေထိန်းချုပ်ဖို့ ကြိုး စားလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးတွေကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာတာပါ။
ဒီလို တိုက်ခိုက်မှုတွေကြောင့် ပျူစောထီး ရွာတွေက ဒေသခံတွေ အနေနဲ့ မြေစာပင်ဖြစ်သွားရတာတွေ ရှိခဲ့တယ်လို့ ပျူစောထီးရွာတွေကနေထွက်ပြေးလွတ်မြောက်ခဲ့ကြသူတွေကပြောပါတယ်။ဒါကြောင့် ပျူစောထီး ကြီးစိုးတဲ့ ရွာ တွေက ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ်တွေနဲ့ အမြန်ဆုံးပူးပေါင်းကြဖို့လည်း သူတို့ကတိုက်တွန်းပါတယ်။
လွတ်လပ်မှုမရှိတဲ့အပြင် အစားအသောက်ပါ ချို့ချို့တဲ့တဲ့နေရတဲ့ တွင်းမရွာကနေ လွန်ခဲ့တဲ့ လေးလခွဲက ထွက် ပြေးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ဖို့ လျှေက်ထားဆဲဖြစ်တဲ့ ဦးဝင်းဦးကတော့ တရွာတည်းသား ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရွာမှာကျန်ခဲ့သူတွေကို အခုလို ဖိတ်ခေါ်လိုက်ပါတယ်။
“ အမြန်ဆုံး ပြည်သူတွေနဲ့ပူးပေါင်းပြီး ကိုယ့်ရွာမှာ ကိုယ်အေးအေးချမ်းချမ်းပြန်နေ စေချင်တယ်၊ရွာထဲမှာ ကျန်နေခဲ့သူတွေ မြန်မြန် လာစေချင်တယ်”