ဘ၀သေနေပြီမို့ အသက်သေဖို့ စောင့်နေသူ ……. CDM ဆရာမလေး မထွေးထွေး

ဒီဇင်ဘာ၊ ၃၀

အဟွတ်…….အဟွတ်…..အဟွတ်…ချောင်းတွေ အဆက်မပြတ်စိုးနေတဲ့ ချောင်းစိုးသံနဲ့အတူ ပိန်လှီလှီအမျိုး သမီးတစ်ဦးရဲ့ ညူးတွားမှုက သူ့ရဲ့ ပြင်းပြနေတဲ့ ဆုတောင်းဆန္ဒတစ်ခုလား ဆိုရပါမယ်၊၊

“သေချင်တယ်။သေချင်လှပါပြီ‌ ခဏ ခဏ ပြောလို့လားမသိ… ခုတော့ သေမိန့်ကျပြီထင်ပါရဲ့လို့‌’’ ချောင်းတဟွတ်ဟွတ်ဆိုးရင်း အမောသံပါနေသော လေသံတိုးတိုးလေးနဲ့ ပြောပြနေတော့တယ်၊၊ အခုလို ပြောနေသူက အသက် ၃၂ နှစ်အရွယ်၀န်းကျင်ရှိနေပြီဖြစ်တဲ့ အသားညိုစိမ့်စိမ့် ပိန်လွန်းတဲ့ CDM အလယ်တန်းဆရာမ မထွေးထွေး(အမည်လွှဲ)ဖြစ်ပါတယ်၊၊

အာဏာသိမ်းကာလအတွင်းမှာ စစ်အာဏာရှင်အုပ်ချုပ်မှုကို လက်မခံလိုတဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုနဲ့ CDM Movement တွေနဲ့ သပိတ်တွေမှာ ဦးဆောင်ကာ တက်တက် ကြွကြွပါ၀င်ခဲ့ပြီးနောက် ရာဘာကျည်ထိမှန်ခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူ၊ ၅၀၅-က နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရသူ ဖြစ်ပါတယ်၊၊

ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာပေမယ့် ထောင်ထွက်နဲ့ CDM ဆိုရင် ဘယ်ကမှ အလုပ်မခန့်ချင်တာကြောင့် အလုပ်ကြမ်းတွေသာ စား၀တ်နေရေးအတွက် လုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်၊၊

ထောင်ကထွက်ပြီးကာလတလျှောက်ယနေ့အထိ ဆိုင်တွေမှာ ပန်းကန်ဆေးအလုပ်အပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အခြေခံအလုပ်သမားအဖြစ်အထိပါ လုပ်ကိုင်ခဲ့ရပါတယ်။

ထောင်ကထွက်လာပြီးနောက် ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကိုဗစ်ကူးစက်ခံရပြီး နောက်ဆက်တွဲ ပြင်းထန်တဲ့ အဆုတ်ရောဂါကို ခံစားလာရပြီးနောက် ဆေးမြီတိုနဲ့ ကုသရင်း ယခုအခါမှာ အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်ရှိခံစားနေရပါတယ်။

ဆရာမ မထွေးထွေးဟာ အဆုတ်ကင်ဆာဝေဒနာ ခံစားနေရသော်လည်း မျက်မမြင် မိခင်နဲ့ လေဖြတ်ထားတဲ့ ဖခင်တို့ကိုပါ စောင့်ရှောက်နေရပြီး မိသားစုစား၀တ်နေရေးနဲ့ ရှင်သန်ရပ်တည်ရေးအတွက် ကင်ဆာရောဂါကို မထောက်ညှာနိုင်ဘဲ လက်ရှိအချိန်အထိ တစ်ရက်၀င်ငွေ ကျပ် ၃၀၀၀လောက်သာရှိတဲ့ ငရုပ်သီးအညှာ ချွေလုပ်ငန်းမှာသာ ဆက်လက်လုပ်ကိုင်နေရ သူဖြစ်ပါတယ်၊၊

တစ်ရက် ကျပ် ၃၀၀၀ ၀င်ငွေနဲ့ နေ့စဥ် ထမင်းအတွက် ဆန်ကိုသာ အဓိကထား ၀ယ်ယူပြီး ဟင်းအတွက် စဥ်ဆက်မပြတ် ငါးပိရည်တစ်ခွက်ကိုသာ နေ့စဥ်အားပြုနေရတယ်လို့ ဆိုပါတယ်၊၊

‘’တစ်နေ့မှ သုံးထောင်၀န်းကျင်လောက်ပဲရတော့ ဘယ်လိုစား သောက် ရတော့မှာလဲ။ ဆန်ကြမ်းတစ်ပြည်၃၈၀၀နဲ့ စားအုံးဆီတစ်ဆယ်သား ၁၀၀၀ ကျော်ပြီမို့ ကျွန်မတို့ သားမိသားဖ သုံးယောက် ဘယ်လိုစားနေရလဲဆိုတာ စဉ်စားသာ ကြည့်ပါတော့၊၊ မိဘနှစ်ပါးကြောင့်မို့ နို့မို့ဆို ကျွန်မ ကိုယ့်ကိုကိုယ် သတ်သေလိုက်တာ ကြာပြီ’’လို့ လူဘ၀ ရှင်သန်ရခြင်းအပေါ် စိတ်ပျက်အားကုန်နေတဲ့ အခြေအနေကို ပြောပြနေပါတယ်၊၊

အာဏာသိမ်းကာလအတွင်း အများနည်းတူ အခက်အခဲရှိနေချိန်မှာ အဆုတ်ကင်ဆာဝေဒနာကို ဆေးမြီး တိုနဲ့ကုရင်း ဝေဒနာ ပိုမို ဆိုးရွားလာခဲ့သည့်အဖြစ်ကို မြန်မြန်ဆန်ဆန်ရောက်ရှိခံစားလာခဲ့ရတယ်လို့ မထွေးထွေးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

‘’ဆေးမြီတိုနဲ့ ကုနေရာကနေ မသက်သာလို့ ဆေးခန်းပြပေးပြီး ဆေးစစ်တဲ့အခါ ဆေးစစ်ချက် အရတော့ ကင်ဆာ‌နောက်ဆုံးအဆင့်ဖြစ်နေပြီး မြန်ရင် (၃) လ၊ ကြာ ရင် (၆) လပဲ နေရတော့မယ်လို့သိ ခဲ့ရပါတယ်’’ဟု မထွေးထွေးရဲ့ သူငယ်ချင်းဖြစ်သူက သူရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြခဲ့ပါ တယ်၊၊

ဆရာမမထွေးထွေးရဲ့ အဆုတ်ကင်ဆာရောဂါဟာ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကူးစက်ခံရပြီး နောက် နောက်ဆက်တွဲတွင် အဆုတ်ဝေဒနာခံစားနေရာကနေ ကင်ဆာနောက်ဆုံးအဆင်သို့‌ ရောက်ရှိခဲ့ တာဖြစ်တယ်လို့ မထွေးထွေးက ပြောပါတယ်၊၊

“CDM တို့ရဲ့ ထုံးစံအတိုင်း အလုပ်တွေက ဘယ်ကမှ မခန့်ရဲတာကြောင့် ကိုယ့်ရဲ့ အသက်မွေး၀မ်း ကြောင်းအ တွက် ရတဲ့နေရာမှာ အလုပ်ကြမ်းတွေ၀င်လုပ်ရင်း မလောက်ငတဲ့ ၀င်ငွေနဲ့ ရေရှည်မှာ အာဟာရချို့ တဲ့လာတာက တစ်ပိုင်း၊ CDM မို့ ခွဲခြားဆက်ဆံမှု မျိုးစုံကို ခံစားရတဲ့အတွက် စိတ်ဓါတ်ကျဆင်းမှုတွေ တလျှောက်ဖြစ်လာခဲ့တာပါ၊၊ စား၀တ်နေရေးအတွက်တောင် မဖူလုံတဲ့ ၀င်ငွေကြောင့် ဆေးမကုသနိုင်ဘဲ ကျန်းမာရေးပိုမိုဆိုးရွားခဲ့ရတာဖြစ်တယ်လို့ မထွေးထွေးကဆိုပါတယ်၊၊

CDM လုပ်ပြီး အာဏာရှင်ကို အသက်ကိုတောင် မငဲ့ကွက်ဘဲ ဒုက္ခခံ တွန်းလှန်နေသူတွေထဲမှာ အလယ်တန်းပြ ဆရာမလေး မထွေးထွေးက ဘယ်သူ့အကူအညီမှ မရဘဲ ကြံကြံခံနေရဆဲပါ၊၊

အလယ်တန်းဆရာမ မထွေးထွေးဟာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်မှုနဲ့ ထောင်ကျခဲ့ပြီး ပြန်လည် လွတ်မြောက်လာတဲ့သူဖြစ်ပါတယ်၊၊

သူဟာ အာဏာသိမ်းပြီး ရက်ပိုင်းမျှအကြာတွင် ၂၀၂၁ ခု ဖေဖေါ်ဝါရီ ၅ ရက်ကစတဲ့ ပညာရေးဌာနတွေရဲ့ #Civil Disobedience # Myanmar Teacher #ဆိုတဲ့ လှုပ်ရှားမှုမှာပါ၀င်ခဲ့ပြီး စာတန်းရှည်ကြီး ကိုင်ဆောင်သူ၊ မြို့နယ် ပညာ‌ရေးဝန်ထမ်း‌မိသားစုသပိတ်အဖွဲ့ တွေမှာ ရှေ့တန်းက ဦးဆောင်သူတစ်ဦးလည်းလဖြစ်ပါတယ်၊၊

သူဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အဖမ်းအဆီးများ ကြမ်းတမ်းလာမှု ကာလတလျှောက်လုံးမှာ ပြောက်ကျားစနစ်ဆန့်ကျင်မှုတွေမှာပါ တက်ကြွစွာဦးဆောင်ပါ၀င် လှုပ်ရှားခဲ့သူလည်းဖြစ်တယ်လို့ ဆိုပါတယ်၊၊ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုများကို စစ်တပ်မှ အကြမ်းဖက်လုပ်ဆောင်လာပြီးနောက် ရာဘာကျည်ထိမှန်ကာ အဖမ်းခံခဲ့ရပြီး စစ်ကြော‌ရေးစခန်းရောက်ပြီးနောက် ၅၀၅ ကနဲ့ တရားစွဲခံရကာ ထောင် ၅ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်၊၊

ရာဘာကျည်ထိမှန်ခဲ့ပေမယ့် ထောင်ကျစဥ်ကာလတလျှောက် ဆေးကုသခွင့်မရခဲ့တာမို့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာချိန်မှသာ တိုင်းရင်းဆေးနဲ့သာ ကုသနိုင်ခဲ့တာလို့လည်း မထွေးထွေးက အဖမ်းခံခဲ့ရတဲ့ ဖြစ်စဥ်ကို နာနာကျည်းကျည်းပြန်ပြောပြနေပါတယ်၊၊

ထောင်ကျခဲ့တဲ့အတွက် ပတ်၀န်းကျင်ရဲ့ ရိုက်ခက်မှုက မိသားစုနဲ့ သူ့အပေါ် ကြီးကြီးမားမား သက်ရောက်ခဲ့တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေမှာ တခြား CDM တွေထက် ရဖို့ ခက်ခဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ဆရာမမထွေးထွေးနှင့် ၄င်းရဲ့ မိသားစုနဲ့ ဆက်ဆံရင် အဖမ်းခံရမှာစိုးတဲ့အတွက် ပတ်၀န်းကျင်က ခွဲခြား ဆက်ဆံတာ ၊နှိမ်တာနဲ့ ကျင်ဖယ်လာတဲ့အပြင် အမုန်းစကားတွေနဲ့ပါ တိုက်ခိုက်လာတဲ့ ဒဏ်တွေကို လည်း ဒီကာလ တလျှောက်လုံး ခံစားခဲ့ရတယ်လို့ ဆိုပါတယ်၊၊

‘’လွတ်ငြိမ်းချမ်းခွင့်နဲ့ ပြန်လွတ်လာတော့ နွေဦးတော်လှန်ရေးအတွက် CDM လုပ်ဖေါ်ကိုင်ဘက်တချို့က လွတ်မြောက်နယ်မြေရောက်နေကြပြီ၊၊ ကျွန်မကတော့ ဂီလာနမိဘနှစ်ပါးအတွက် ငဲ့ကွက်ရတာမို့ ဒီမှာ စိန်ခေါ်မှု အမျိုးမျိုး၊ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရုန်းကန်နေခဲ့တာပါ’’လို့ အများနည်းတူ နယ်စပ်ဒေသတွေနဲ့ လွတ်မြောက်နယ် မြေဘက်သို့ မသွားဖြစ်ရတဲ့အကြောင်းရင်းကို မထွေးထွေးက ပြောပြနေတာဖြစ်ပါတယ်၊၊

အာဏာသိမ်းစမှာCDM လှုပ်ရှားမှုတွေအပေါ် အားကောင်းခဲ့ကြပြီး စစ်ကောင်စီ၏ CDM များကို ဦးတည်တဲ့ ဖိနှိပ်မှု ပြင်းထန်လာချိန်မှာတော့ ထောက်ခံအားပေးမှုတွေ လျော့နည်းပျောက်ကွယ်လာတဲ့အပြင် ထောက်ပံ့ရေးတွေလည်း တဖြည်းဖြည်းအားလျော့လာရာမှ ပျောက်ကွယ်သွားသည်အထိဖြစ်လာခဲ့ပါတယ်၊၊

အစောပိုင်းကာလတွေမှာ လူထုအနေနှင့် CDM လှုတ်ရှားမှုအား အားသွန်ခွန်စိုက်ကူညီခဲ့ကြပေမယ့် လက်နက်ကိုင်တော် လှန်ရေးလမ်းစဥ်ကို စတင်အကောင်အထည်ဖော်လာပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းမှာ CDM များထက် လက်နက်ကိုင်တော်လှန်ရေး ဆီသို့ဦးတည်သွားကြတော့တာဖြစ်ပါတယ်။

16-April-2022 ရက်နေ့ကထုတ်ပြန်သော NUG ၏ တစ်နှစ်ပြည့်အစီရင်ခံစာတွင် NUG အနေ နှင့် CDM လှုတ်ရှားမှုအတွက် ကျပ်ငွေသန်းပေါင်း (၂၂၉) သန်း (အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ခန့်) အသုံးပြုထောက်ပံ့ခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲတစ်ခု တွင် NUG အနေနှင့် အသုံးစာရိတ်များခွဲ၀ေရာတွင် စစ်ရေးအသုံးစာရိတ်များကိုဦးစားပေး သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ရာ CDM များအတွက်အထောက်အပံ့များတစ်စုံတရာ လျော့နည်းသွားပုံရသည်။

စစ်ကောင်စီရဲ့ထိုးနှက်ချက်တွေကြောင့် CDM ထောက်ပံ့ရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လည်း လုံး၀မရှိတော့တဲ့အခြေအနေတွေမို့ အကူအညီမဲ့လာတဲ့အပြင်စားဝတ်နေရေးအတွက် ကျဘမ်း အလုပ်တွေနဲ့ အလုပ်ကြမ်းတွေပါ ၀င်ရောက်လုပ်ကိုင်ရင်း သိမ်ငယ်စိတ်နဲ့ ကိုယ့်ကိုကိုယ်လေးစား မှုတွေပါ ပျောက်ဆုံးလာ တာမို့ အသက်ဆက်ချင်စိတ်မရှိတော့တဲ့အထိ ဖြစ်နေရတယ်လို့ ဆရာမ မထွေးထွေးက ဆိုပါတယ်၊၊

ဒီ သုံး နှစ်ကာလအတွင်းမှာ ကျွန်မ ကိုယ်ကိုကိုယ်ပျောက်ဆုံးနေခဲ့တာကြာပါပြီ၊၊ မိသားစု အတွက်တောင် ဆက်ပြီး တောင့်ခံနိုင်စွမ်းမရှိတော့ဘူး၊၊အခုဆို ကျွန်မ ကိုယ်တိုင်တောင် အသက်ဆက် ရှင်ဖို့အတွက် အာမခံချက်မရှိတော့တာမို့ ကျွန်မရော ကျွန်မ မိဘ နှစ်ပါးရဲ့ ရှင်သန်ဖို့ပါ လမ်းပျောက် နေပါပြီ”လို့ အားအလွန်လျော့နည်းနေတဲ့ လေသံနဲ့အတူ ညူးတွားနေပါတော့တယ်၊၊

ဆရာမ မထွေးထွေးကတော့ အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ကျန်းမာရေးကြောင့်သာ အသက်ဆက်ရှင်လို စိတ်မရှိ ပေမယ့် CDM လုပ်ခဲ့တဲ့အပေါ်မှာ လုံး၀ နောင်တ မရဘူးလို့ဆိုပါတယ်၊၊
” ကျွန်မလေ CDM လုပ်ခဲ့တာကိုလုံး၀ နောင်တမရပါဘူး၊၊ ကိုယ်‌ရွေးချယ်ခဲ့တဲ့လမ်းမို့ ကျွန်မတို့ CDM တွေရဲ့ အောင်ပွဲကို မြင်သွားချင်မိတယ်’’ဟု အားတက်သရောလည်း ပြောနေပါတော့တယ်။

မှတ်ချက်။ ။ ဖြစ်စဥ်တိုင်းတွင် နေရပ်၊အချိန်ကာလများ ထည့်သွင်းမဖော်ပြခြင်းမှာ ယခုဆောင်းပါးတွင် ဇာတ်ကောင်အဖြစ်ပါ၀င်သူ ဆရာမလေး မထွေးထွေး လုံခြုံရေးကြောင့်ဖြစ်ပါသည်၊၊

ဆောင်းပါးရှင် လမင်း