သံဖြူဇရပ်မှာ အမျိုးသမီးတဦး မြေမြှုပ်မိုင်းနင်းမိလို့ ပြင်းထန်ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၇ ရက် ညနေ ၃ နာရီခွဲခန့်က အမျိုးသမီး တဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေတဖက်ပြတ် သွားသလို နောက်တဖက်မှာလည်း ပြင်းထန်ဒဏ်ရာတွေ ရသွား တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ခြံဘက်ကို ဆင်းသွားတာ၊ သူတယောက်တည်းပဲ၊ နင်းမိတာ တော်တော်ဆိုးတယ်ဗျာ၊ ခြေထောက်တွေဆို လုံးဝ ရစရာမရှိ ဆုတ်ပြတ်သွားတာနှစ်ဖက်စလုံးက” လို့ ဖြစ်စဉ်ကို သိရတဲ့ ကရုပ္ပိကျေးရွာဒေသခံတဦးက DNA ကို ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိသွားတဲ့သူဟာ ကရုပ္ပိကျေးရွာက အသက် ၅၂ နှစ်အရွယ် ဒေါ်မလေးဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက် ညနေ သုံးနာရီခွဲလောက်က ရော်ဘာခြံထဲကို သွားရောက်ချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မလေးရဲ့ ဘယ်ခြေထောက်ပြတ်ထွက်ဒဏ်ရာနဲ့ ညာဘက်ခြေထောက် စုတ်ပြဲ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဒေသတွင်းလူမှုကူညီရေးအသင်းကားနဲ့ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကု  သမှုခံယူဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အသက်အန္တရာယ်က မရှိပေမဲ့၊ ခြေထောက်က ဖြတ်ရတော့မှာ ကြည့်ရက်စရာတောင် မရှိတော့တာ”လို့ နယ်မြေခံလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

အဲဒီမြေမြှုပ်မိုင်းကို ဘယ်အဖွဲ့ကထောင်ထားသလိုဆိုတာ မသိရပေမဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အား စုတွေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ကြောင်း နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ အခုမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတွေဘက်ကို တော်လှန်ရေးအင်အားစုတွေဘက်က မကြာ ခဏဝင်ရောက်လာလေ့ရှိကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်က ကရုပ္ပိကျေးရွာအနီးက ရော်ဘာခြံမှာ ပြည်သူ့စ စ်ခေါင်းဆောင်အပါအဝင် ငါးဦးကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။

“ဒီနယ်မြေက စစ်သားတွေပဲ များတယ်၊ တခါတခါ PDF အဖွဲ့တွေ ဝင်လာတာရှိတယ်၊ ဒီတလောဆို ခဏခဏ ဝင်လာတာရှိတော့ စစ်သားတွေကပဲ သူတို့ အကာအကွယ်အတွက် လုပ်ထားတာပဲ ထင်တယ်”လို့ သံဖြူ ဇရပ်မြို့ခံတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် အရပ်သား ဆယ်ဦးထက်မနည်းသေဆုံးကာ နှစ်ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိထားပြီး အဲဒီထဲက ရေး၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တာလို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံးသူ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ဝ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ပထမကိုးလတာအတွင်းမှာတော့ ၈၅၈ ဦးအထိ ရှိတယ်လို့ ကုလ သမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။

ထိခိုက်သေဆုံးသူတွေထဲက ၂၂ ရာခိုင်နှုန်းဟာ ကလေးသူငယ်တွေဖြစ်ကြပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၃၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ ၁၂ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ရေးပဋိပက္ခနယ်မြေတွေ ကျယ်ပြန့်လာပြီး မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက် နက်တွေကြောင့် ထိခိုက်သေဆုံးတဲ့ အရေအတွက်ရော နယ်မြေပါ သိသိသာသာ ကျယ်ပြန့်တိုးပွားလာခဲ့ပြီး မြေ မြှုပ်မိုင်းကို စစ်ကောင်စီကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ကြ တယ်လို့ ပြည်တွင်းပြည်ပလေ့လာရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။