ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ချီလီ သမ္မတဟောင်း ကွယ်လွန်

ဖေဖော်ဝါရီ၊ ၇

ရဟတ်ယာဉ် ပျက်ကျမှု တခုအတွင်း ချီလီနိုင်ငံရဲ့ သမ္မတဟောင်းတဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆီဘက်ရှန် ပီညဲရားရဲ့ ရုံးက ဘီလီယံနာ သူဌေးကြီး တဦးလည်းဖြစ်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား သမ္မတဟောင်းကို သယ်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ နိုင်ငံတောင်ပိုင်း လော့စ်ရီရော့စ် ဒေသမှာ ပျက်ကျခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ လူ ၄ ဦး လိုက်ပါသွားပြီး ပီညဲရား တဦးတည်းသာ သေဆုံးခဲ့ကြောင်း၊ ကျန်တဲ့ ၃ ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်ကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ချီလီ ပြည်ထဲရေးဝန်ကြီး ကာရိုလိုင်းနား တိုဟာက ဖေဖော်ဝါရီ ၆ ရက် ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အခင်းဖြစ်ပွားချိန်က အဲဒီဧရိယာ တဝိုက်မှာ မိုးတွေ သည်းသည်းထန်ထန် ရွာသွန်းနေခဲ့ပေမယ့် ရဟတ်ယာဉ် ပျက်ကျမှုဟာ ရာသီဥတုကြောင့်လား ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။ ပီညဲရားရဲ့ ရုပ်အလောင်းကိုတော့ ကယ်ဆယ်ရေး ကဏ္ဍမှာ ပါဝင်ကူညီခဲ့တဲ့ ချီလီ ရေတပ်က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ် ပီညဲရားဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ တကြိမ်၊ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်ထိ ဒုတိယအကြိမ် ချီလီသမ္မတအဖြစ် ရွေးကောက် ခံရဖူးပါတယ်။

ပီညဲရားအတွက် နိုင်ငံတော် ဈာပန ကျင်းပပေးပြီး တနိုင်ငံလုံးအဆင့် ဝမ်းနည်းကြေကွဲမှုကာလ ၃ ရက် သတ်မှတ်မယ်လို့ လက်ရှိ သမ္မတ ဂေဘရီရယ်လ် ဘောရစ်က ကြေညာခဲ့ပါတယ်။

ချီလီဟာ လောလောဆယ် နိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့်လည်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး မှတ်တမ်းတင်ဖူးသမျှ အဆုံးဆိုး တောမီး ပြဿနာကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။  

 

Ref: CNN