ဆဲတတ်တဲ့ ကြက်တူရွေးတွေကို ဗြိတိန် တိရစ္ဆာန်ရုံ နေရာရွှေ့ပြောင်း

ဇန်နဝါရီ၊ ၂၄

ရိုင်းပြတဲ့ စကားတွေ ပြောလေ့ရှိတာကြောင့် လူသိများတဲ့ ကြက်တူရွေး တအုပ်ကို ဗြိတိန်မှာရှိတဲ့ တိရစ္ဆာန်ရုံ တခုက နေရာရွှေ့ပြောင်းထားလိုက်ရပါတယ်။

လင်ကွန်းရှိုင်းယား သဘာဝ သားရဲဥယျာဉ်ထဲမှာ မွေးမြူထားတဲ့ အာဖရိက မီးခိုးရောင် ကြက်တူရွေး ငါးကောင်ဟာ ရိုင်းပြပြီး ဆဲရေးတဲ့ စကားတွေ သင်ယူတတ်မြောက်ပြီး ဧည့်သည်တွေကို လှမ်းပြောတတ်တာကြောင့် နာမည်ကြီးနေပါတယ်။ ဒါပေမဲ့ အခုကျတော့ တခြား ၃ ကောင်ကပါ အဲဒီစကားတွေကို သူတို့ဆီကနေ လက်ဆင့်ကမ်း သင်ယူ တတ်မြောက်လာတဲ့ အခါမှာတော့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက တခုခု တုံ့ပြန် စီမံသင့်ပြီလို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီတော့ ဘီလီ၊ တိုင်ဆန်၊ အဲရစ်၊ ဂျိတ်ဒ်နဲ့ အယ်လ်ဆီတို့ ငါးကောင်နဲ့အတူ နောက်ထပ် မဖွယ်မရာ စကားတွေ သင်ကြားတတ်မြောက်လာတဲ့ အဲရစ်၊ ကက်ပတိန်နဲ့ ရှိုင်လာတို့ကိုပါ တခြား ကြက်တူရွေး ၁၀၀ လောက် ရောနှောထားတဲ့ ပိုကြီးတဲ့ ငှက်လှောင်အိမ်ထဲ ရွှေ့ပြောင်းဖို့ တိရစ္ဆာန်ရုံက စီစဉ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ တခြားငှက်တွေနဲ့ ရောနှော နေထိုင်ရင်း သူတို့ရဲ့ မကောင်းတဲ့ စကားအသုံးအနှုန်းတွေ မေ့ပျောက်သွားစေဖို့ ဖြစ်ပါတယ်။

တိရစ္ဆာန်ရုံရဲ့ အမှုဆောင်ချုပ် စတိဗ် နစ်ကိုလက်စ်က အခုရွေးချယ်မှုဟာ စွန့်စားရတဲ့ သဘောတော့ ရှိကြောင်း၊ အခန့်မသင့်ရင် တိရစ္ဆာန်ရုံမှာ ဆဲတတ်တဲ့ ကြက်တူရွေး အကောင် ၁၀၀ ကျော်ထိ ပွားသွားနိုင်ကြောင်းလည်း ပြောပါတယ်။

ကြက်တူရွေးတွေဟာ မှတ်ဉာဏ်ကောင်းတဲ့ ငှက်မျိုးစိတ် ဖြစ်ပြီး လူတွေရဲ့ စကားသံတွေ အပါအဝင် ကွဲပြားတဲ့ အသံမျိုးစုံကို မှတ်သားထားပြီး တုပ ပြုလုပ်နိုင်ပါတယ်။ ကားအချက်ပေးသံတွေနဲ့ တခြားတိရစ္ဆာန်တွေရဲ့ အသံတွေကိုလည်း ကြက်တူရွေးတွေက တုပနိုင်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်မှာတော့ ကြက်တူရွေးတွေဟာ ကိုလိုနီလို့ ခေါ်တဲ့ ပမာဏ များပြားတဲ့ အစုအဖွဲ့တွေနဲ့ နေထိုင်တတ်ကြပြီး အချင်းချင်းရဲ့ အသံတွေကိုလည်း မှတ်သား တုပလေ့ရှိပါတယ်။

ဆဲဆိုတတ်တဲ့ ကြက်တူရွေး ငါးကောင်ဟာ တိရစ္ဆာန်ရုံကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ရောက်ရှိခဲ့ပါတယ်။ အဲဒီကတည်းက တိရစ္ဆာန်ရုံက သူတို့ရှိနေရာ ငှက်လှောင်အိမ်နားမှာ “ငှက်တွေပြောတဲ့ စကားတွေအတွက် တာဝန်မယူနိုင်ပါကြောင်း” သတိပေးစာတွေ ကပ်ထားခဲ့ရတယ်လို့ သိရှိရပါတယ်။

 

Ref: BBC