ကျန်းမာရေးကြောင့် ရာထူးလက်ခံ မိန့်ခွန်းကို အဆုံးထိ မပြောဘဲ ရပ်နားခဲ့ရတဲ့ လိုက်ဘေးရီးယား သမ္မတသစ်

ဇန်နဝါရီ၊ ၂၃

လိုက်ဘေးရီးယား သမ္မတသစ်ဟာ ရာထူးလက်ခံတဲ့ မိန့်ခွန်းပြောနေရင်း ကျန်းမာရေး အခြေအနေကြောင့် ရှေ့မဆက်နိုင်ဘဲ အခမ်းအနား ဖျက်သိမ်းခဲ့ရပါတယ်။

ဇန်နဝါရီ ၂၂ ရက်တုန်းက ဂျိုးဆက် ဘိုအာကိုင်ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး မိန့်ခွန်းပြောနေရင်း အခက်ကြုံနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၉ နှစ်အရွယ် သမ္မတသစ်ဟာ နွမ်းနယ်ပုံ ပေါက်နေပြီး မိနစ် ၃၀ လောက် ကြာမြင့်တဲ့ မိန့်ခွန်းမှာ နှစ်ကြိမ်တိုင်တိုင် ရပ်နားခဲ့ရပါတယ်။

နောက်တော့ သူဟာ မိန့်ခွန်းကို ပြီးအောင် ဆက်မပြောနိုင်တော့ဘဲ သက်တော်စောင့်တွေရဲ့ အကူအညီနဲ့အတူ စင်မြင့်ကနေ ထွက်ခွာသွားရပြီး အခမ်းအနားကိုလည်း ပယ်ဖျက်လိုက်ရပါတယ်။

ဒေသတွင်း သတင်းဌာန တချို့ကတော့ သမ္မတဟာ အသက်အရွယ်ကြောင့် အပူဒဏ်ကို မခံနိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ အဲဒီအချိန်တုန်းက နေ့အပူချိန်ဟာ ၃၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ကျော်ထိ မြင့်တက်နေခဲ့ပါတယ်။

ဗီဒီယို မှတ်တမ်းတွေအရ လူတဦးဟာ သမ္မတရဲ့ မျက်နှာနားမှာ စာရွက်နဲ့ ယပ်ခတ်ပေးနေခဲ့ပြီး အဲဒီနောက် ဘိုအာကိုင်က စင်မြင့်ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

မြို့တော် မွန်ရိုဗီးရားရဲ့ လွှတ်​တော် အဆောက်အအုံမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နောက် ဘိုအာကိုင်ဟာ အာဖရိက နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်း ဝင်လာခဲ့ပါတယ်။

ဘိုအာကိုင်က မိန့်ခွန်း ဆက်မပြောနိုင်တော့တဲ့ အချိန်မှာ ဒုတိယ သမ္မတက ဧည့်ပရိသတ်တွေကို နှုတ်ခွန်းဆက် လက်စသတ်ခဲ့ပြီး နေ့လယ်စာ သုံးဆောင်ဖို့ ဖိတ်ကြား ခေါ်ဆောင်သွားခဲ့ရပါတယ်။

ဘိုအာကိုင်ဟာ နိုင်ငံလက်ရွေးစင် အထင်ကရ ဘောလုံးကြယ်ပွင့်ဟောင်းလည်း ဖြစ်ခဲ့သူ သမ္မတ ဂျော့ဂျ်ဝီယာကို ရွေးကောက်ပွဲမှာ မဲအရေအတွက် အနည်းအကျဉ်းနဲ့ ကပ်ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလမှာ ကတည်းက သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအပေါ် စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေ ရှိခဲ့ပေမယ့် ဘိုအာကိုင်ကတော့ သူဟာ နိုင်ငံကို ဦးဆောင်ဖို့ အပြည့်အဝ ကြံ့ခိုင်နေဆဲလို့ တုံ့ပြန်ထားခဲ့ပါတယ်။

 

Ref: BBC