အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ (လုပ်ငန်းတခု စတင်ခြင်း)

ဇန်နဝါရီ၊ ၂၁
 
ဒီနေ့ခေတ်မှာ တပိုင်တနိုင်စီးပွားရေး လုပ်ချင်သူတွေအတွက် စီးပွားရေးဆောင်းပါး တွေကို Delta New Agency က ဖော်ပြခဲ့တာ အခုဆိုရင် ဒုတိယမြောက်ဆောင်းပါးကို ရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ တပတ်က ဆောင်းပါးဖြစ်တဲ့ “အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ” မှာတော့ လုပ်ကိုင်နိုင်တဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားတွေ ရွေးချယ်တာနဲ့ စီးပွားရေးလုပ်တဲ့အခါ သတိထားသင့်တဲ့အချက်တွေကို ဖော်ပြခဲ့ပါတယ်။
 
အခုတစ်ပတ်မှာတော့ တပိုင်တနိုင်ဆိုင်တွေ ဘယ်လိုဖွင့်ကြမလဲ ဆိုတာကို တင်ပြပေးသွားမှာပါ။ အရင်ဆုံး ဦးစားပေးအနေနဲ့ကတော့ အကျပ်အတည်းကာလ ဖြစ်ပေမယ့်လည်း မရှိမဖြစ်ကုန်ခြောက်ဆိုင်တွေ ဘယ်လိုတည်ရမလဲ ဆိုတာကို ပြောပြချင်ပါတယ်။
 
(၁) ကုန်ခြောက်ဆိုင်
 
တကယ်တော့ သူသူကိုယ်ကိုယ် ကုန်ခြောက်ဆိုင်လေးတွေ ဖွင့်နေကြတာဖြစ်တဲ့အတွက် ကုန်ခြောက်ဆိုင် ဖွင့်နည်းဆိုပြီး သီးသန့်ရေးစရာ မလိုလောက်ဘူးလို့ ယူဆစရာပါ။
 
ဒါပေမယ့်လည်း မရှိမဖြစ် စားသောက်ကုန်ဖြစ်တာရယ်၊ တခြားလုပ်ငန်းထက်စာရင် ငွေရင်းနည်းနည်းနဲ့ လုပ်နိုင်တာရယ်၊ တပိုင်တနိုင်လေး လုပ်နိုင်တာရယ်၊ ကုန်စုံဆိုင်ဖွင့်ချင်ပေမယ့် အတွေ့အကြုံမရှိလို့ ဘယ်ကဘယ်လိုစလုပ်ရမလဲ ဆိုတဲ့လူတွေအတွက် အထောက်အပံ့ရအောင် ဖော်ပြလိုက်ရတာ ဖြစ်ပါတယ်။
 
ကုန်ခြောက်ဆိုင်ဖွင့်ဖို့အတွက် ငွေရင်းနည်းတယ်ဆိုပေမယ့် ကျပ်သိန်း ၃၀ လောက်ကနေ ကျပ်သိန်း ရာဂဏန်းအထိ ကုန်ကျနိုင်ပါတယ်။ ပထမဆောင်းပါးမှာ ပြောခဲ့သလိုပဲ အရင်းရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၀ သိန်းမှသည် သိန်း ၃၀ လောက်အထိ အပိုငွေရှိရပါမယ်။
 
လိုအပ်တဲ့ ရောင်းကုန်တွေကိုတော့ တညင်းကုန်းဈေး၊ ဘုရင့်နောင်ဈေး၊ သီရိမင်္ဂလာဈေးနဲ့ ညောင်ပင်လေးဈေးတို့က ဝယ်ယူနိုင်ပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လို အခြေခံရောင်းကုန်တွေကိုတော့ ဘုရင့်နောင်ဈေးကနေပဲ ဝယ်ယူရရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ရန်ကုန်ကမဟုတ်ဘဲ ရန်ကုန်ဝန်းကျင်က မြို့နယ်တွေက ဆိုရင်တော့ ကိုယ်မြို့ကို ကားနဲ့ပို့တာရှိမရှိ လမ်းမတော်မြို့နယ် ကားဂိတ်တွေမှာ စုံစမ်းနိုင်ပါတယ်။
 
စစချင်းမှာတော့ မရှိမဖြစ် ရောင်းကုန်နည်းနည်းနဲ့ စရပါမယ်။ ပြီးရင်တော့ ဝယ်သူမေးမြန်းတဲ့ ပစ္စည်းတွေကို မှတ်ထားပြီး ကိုယ့်ဆိုင်မှာ တင်ရမှာပါ။ ဒီလိုတင်ခြင်းအားဖြင့် အရောင်းထိုင်းတဲ့ ကုန်ပစ္စည်းတွေ တင်တာကို ရှောင်ရှားပြီးသား ဖြစ်မှာပဲ။ နောက်တချက်ကတော့ ငွေတွေမြုပ်နေတာမျိုးလည်း မဖြစ်တော့ပါဘူး။
 
ကုန်ခြောက်ဆိုင်တွေဟာ နိစ္စဓူဝလူတွေနဲ့ ခပ်များများဆက်ဆံနေရတာ ဖြစ်ပါတယ်။ အများစုသော ဝယ်ယူသူတွေကတော့ အိမ်ရှင်မတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်းက အဓိက စကားပြောပါတယ်။
 
ကုန်ခြောက်ဆိုင်မှာ ကော်ဖီမစ်၊ ငရုတ်၊ ကြက်သွန် ဒီလိုမတူညီတဲ့ ကုန်စည်အမျိုးမျိုး ရှိနေတဲ့အတွက် ဈေးနှုန်းဘယ်လိုသတ်မှတ်မလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ဒီတော့ ဈေးနှုန်းသတ်မှတ်မယ်ဆိုရင် ကုန်ပစ္စည်းအားလုံးအတွက် အကြမ်းမျဉ်းအားဖြင့် ဒီလို တွက်ချက်ရပါတယ်။
 
၁။ ဝယ်ဈေး + အထွေထွေစရိတ် ၅ ရာခိုင်နှုန်း + လက်လီအမြတ် ၁၀ သိုမဟုတ် ၂၀ ရာခိုင်နှုန်း = ဈေးနှုန်း
 
၂။ ဝယ်ဈေး + အထွေထွေစရိတ် ၅ ရာခိုင်နှုန်း + လက်ကားအမြတ် ၅ သို့မဟုတ် ၁၀ ရာခိုင်နှုန်း = ဈေးနှုန်း
 
အပေါ်မှာ ပြထားတဲ့အထဲက နံပါတ် ၁ နဲ့တွက်ပြပါမယ်။ ဥပမာ ကုန်စည်တစ်ခုကို ၅၀၀၀ ဝယ်ရရင် အမြတ်က ၁၀ ရာခိုင်နှုန်းဆိုတော့ ၅၀၀ ဖြစ်ပါတယ်။ ဒီတော့ ဈေးနှုန်းက ၅၅၀၀ ဖြစ်ပါလိမ့်မယ်။ စီးပွားရေးလုပ်တာဖြစ်လို့ ပုံသေတော့ မရှိပါဘူး။တချို့လည်း အမြတ်ကို ၁၅ ရာခိုင်နှုန်းလောက် တင်ရောင်းကြတာရှိပါတယ်။ ကိုယ့်ဆိုင်နားမှာ ပြိုင်ဘက်ဆိုင်မရှိရင် အမြတ်နည်းနည်း ပိုတင်ရောင်းလို့ရသလို ဆိုင်ရှိတယ်ဆိုရင်လည်း တခြားဆိုင်တွေရဲ့ ဈေးနှုန်းကို လေ့လာဖို့ လိုပါလိမ့်မယ်။
 
တချို့ကုန်ပစ္စည်းတွေကိုကျတော့လည်း အမြတ် ၅ ရာခိုင်နှုန်းလောက်ပဲ တင်ရောင်းရတာ ရှိပါတယ်။ ပျမ်းမျှကတော့ အမြတ် ၇ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းပါ။ ဘယ်ပစ္စည်းကို ဘယ်ဈေးရောင်းမလဲဆိုတာ အတိအကျကတော့ အလုပ်က သင်ပေးသွားမှာပါ။ သေချာတာကတော့ ဈေးကွက်မှာ ကိုယ့်ဆိုင်က ဈေးနှုန်းများနေရင် ဘယ်သူကမှ လာဝယ်မှာ မဟုတ်ပါဘူး။ ဒါကတော့ သတိထားဖို့ လိုပါတယ်။
 
ကုန်စုံဆိုင်တွေအနေနဲ့ ဝယ်သမျှကို ဘောင်ချာဖြတ်ထားဖို့ လိုပါတယ်။ အဲဒါကို စာရင်းသွင်းရပါမယ်။ သယ်ယူပို့ဆောင်ခတွေကိုလည်း နေ့စွဲအလိုက် စာရင်းသွင်းရပါမယ်။ ဒါမှပဲ အရှုံးအမြတ် တွက်ချက်နိုင်မှာပါ။ စစချင်းမှာတော့ ကိုယ်တိုင်ပဲ စာအုပ်မှာ နေ့စွဲအလိုက်စာရင်းသွင်းရပါမယ်။ ရောင်းတာကြာလာလို့ ဆိုင်ကလည်း ရောင်းအားကောင်းလာပြီဆိုရင်တော့ ဆိုင်တွေမှာ အရှုံးအမြတ်စာရင်းအတွက် သုံးစွဲကြတဲ့ ဆော့ဝဲလ်ကိုလည်း သုံးစွဲနိုင်ပါတယ်။ (ဥပမာ POS ဆော့ဝဲလ်) ။
 
ကုန်စုံဆိုင်တွေဟာ အမြတ်ကို လတ်တလောထုတ်ယူဖို့ ခက်ခဲလေ့ရှိပါတယ်။ အမြတ်လေးရလိုက်၊ ကုန်ပစ္စည်းကို ထပ်ဖြည့်လိုက်နဲ့ လုံးချာလည်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဆိုင်က တစ်ရက်ကို ၃ သိန်းဝန်းကျင်၊ တစ်လကို သိန်း ၁၀၀ ဖိုးလောက် ရောင်းရတယ်၊ ကိုယ်တင်ရောင်းတဲ့ အမြတ်ကလည်း ပျမ်းမျှ ၁၀ ရာခိုင်နှုန်းဆိုပါစို့။ ဒါဆို တစ်လကို အမြတ်က ပျမ်းမျှ ၁၀ သိန်းပါ။ အဲဒီ ၁၀ သိန်းကို လက်ထဲမှာစုမိနေတာမျိုး မဟုတ်ပါဘူး။ ကုန်ပစ္စည်းထပ်ဝယ်လိုက်ရင် အရင်းထဲပါသွားမှာပါ။
 
ဒါ့ကြောင့် ရောင်းအားပေါ်မူတည်ပြီး တစ်နေ့ကို ၅ ရာခိုင်နှုန်းလောက်ကို စုထားသင့်ပါတယ်။ တစ်နေ့ ၃ သိန်းဖိုးရောင်းရရင် ၁၅,၀၀၀ လောက်ကို စုထားပြီး တစ်လပြည့်ရင်တော့ ကိုယ်လက်ထဲမှာ စုငွေက ၄၅၀,၀၀၀ ရှိနေမှာပါ။ ကျန်တဲ့ အမြတ် ၅ ရာခိုင်နှုန်းလောက်ကတော့ လုပ်ငန်းထဲမှာ အရင်းအနေနဲ့ တိုးပွားသွားမှာ ဖြစ်ပါတယ်။
 
ကိုယ့်ဆိုင်က ရပ်ကွက်ထဲမှာ ဖွင့်မယ်ဆိုရင်တော့ အကြွေးကျတတ်တာကိုလည်း ဂရုပြုဖို့ လိုပါလိမ့်မယ်။ ကုန်စုံဆိုင်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲ နောက်တချက်ကတော့ အကြွေရှားပါးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေကိုလည်း ဘယ်လိုကိုင်တွယ်မလဲဆိုတာ လေ့လာထားရမှာဖြစ်ပါတယ်။
 
ကုန်စုံဆိုင်ဖွင့်ထားပြီး သူနဲ့တွဲစပ်လုပ်နိုင်တဲ့ တခြားလုပ်ငန်းလေးတွေလည်း ရှိပါသေးတယ်။ အဲဒါကတော့ Kpay, Wave Pay, Wave Money တွဲလျက်ဖွင့်တာ။ ဒီအတွက်ကတော့ Kpay ကို ဆိုင်နေရာပြောပြီး အရင်လျှောက် ကြည့်ရမှာပါ။ အဲဒါရရင် ကျန်တာတွေက သူတို့ကိုယ်တိုင် လာဆက်သွယ်ပါလိမ့်မယ်။ ပြီးရင် ဖုန်းဘေလ်လည်း တွဲလျက်ရောင်းလို့ရပါတယ်။ ဖုန်းဘေလ်အတွက်ကတော့ Any Call Mobile နဲ့ လသာမြို့နယ်က ရွှေတိုက်မှာ စုံစမ်းကြည့်နိုင်ပါတယ်။
 
ကုန်စုံဆိုင်ဆိုပေမယ့် မုန့်မျိုးစုံလည်း တင်ရောင်းနိုင်ပါသေးတယ်။
 
(၂) မုန့်မျိုးစုံဆိုင်
 
မုန့်မျိုးစုံဆိုင်တွေကလည်း ဒီဘက်ခေတ်မှာ ရောင်းအားရှိတဲ့ ဆိုင်တွေထဲ ပါဝင်နေပါသေးတယ်။ မုန့်မျိုးစုံအတွက် ဝယ်ယူရနိုင်တဲ့ နေရာတွေကတော့ ကိုယ့်အရပ်ဒေသက အေးဂျင့်တွေဖြစ်ပါတယ်။ အဲဒီမှာ သွားရောက်စုံစမ်းနိုင်ပါတယ်။ ကားတွေနဲ့ လိုက်ပို့တဲ့ အရောင်းကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ တချို့ကတော့ အလိမ်တွေပါ။ သေချာစုံစမ်းပြီးမှ ဆက်ဆံတာ ကောင်းပါတယ်။
 
တရုတ်မုန့်နဲ့ ထိုင်းဘက်က ဝင်လာတဲ့ မုန့်မျိုးစုံကိုတော့ သိမ်ကြီးဈေး မြေအောက်ထပ်မှာ စုံစမ်းလို့ရပါတယ်။
 
မုန့်မျိုးစုံ ရောင်းတဲ့အခါမှာလည်း အရင်ဆုံး ခပ်နည်းနည်းပဲ တင်ထားပြီး ဝယ်သူအမေးများတာကို စာရင်းပြုစုထားပြီး ဖြည့်တင်းရောင်းချရမှာ ဖြစ်ပါတယ်။ မုန့်မျိုးစုံ ရောင်းတာကတော့ မုန့်တွေမှာပါတဲ့ သက်တမ်းကုန်ရက်စွဲကို အဓိက စစ်ဆေးဖို့လိုပါတယ်။ တချို့မုန့်တွေဆိုရင် သက်တမ်းကုန်ရက် မတိုင်ခင် မှိုတက် တတ်ပါတယ်။
 
မုန့်မျိုးစုံဆိုင်နဲ့ တွဲဖွင့်နိုင်တဲ့ လုပ်ငန်းတွေကတော့ ငွေလွှဲလုပ်ငန်းတွေဖြစ်တဲ့ Kpay, Wave Pay, Wave Money တွေပါ။ မုန့်မျိုးစုံလုပ်ငန်းမှာ အအေးမျိုးစုံနဲ့ တွဲလျက်ရောင်းဖို့လည်း ကြိုးစားသင့်ပါတယ်။ နာမည်ရ အအေးတွေကို တင်ရောင်းနိုင်သလို ကိုယ်တိုင်လည်း အအေးမျိုးစုံ လုပ်ပြီးရောင်းနိုင်ပါတယ်။ ကိုယ်တိုင်လုပ်မယ့် အအေးမျိုးစုံအတွက် ကုန်ကြမ်းတွေကို ရန်ကုန်မြို့၊ ၂၉ လမ်း၊ လမ်း ၃၀ အောက်ဘလောက်၊ သင်္ဃန်းကျွန်း၊ ဘီအိုစီမှတ်တိုင်အနီးမှာ စုံစမ်းကြည့်နိုင်ပါတယ်။ နွေရာသီ ရောက်လာပြီဖြစ်တဲ့အတွက် အသီးဖျော်ရည်၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ မြင်းခွာရွက်သုပ် စတာတွေကိုလည်း တွဲလျက်ရောင်းနိုင်ပါသေးတယ်။
 
နောက်ပြီး မုန့်မျိုးစုံနဲ့တွဲဖက်ရောင်းနိုင်တာကတော့ အလှကုန်ပစ္စည်းတွေ တင်ရောင်းတာပဲ ဖြစ်ပါတယ်။
 
(၃) အလှကုန်ပစ္စည်း/ဖက်ရှင်ပစ္စည်း
 
အလှကုန်ပစ္စည်းရောင်းမယ်ဆိုရင် အဓိကစိစစ်ရမှာက တံဆိပ်အတုတွေပါ။ အလှကုန်ပစ္စည်း ရောင်းတာဟာ ရိုးရှင်းတယ်ထင်ရပေမယ့် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ တံဆိပ်မျိုးစုံ၊ ပစ္စည်းမျိုးစုံရှိသလို အရောင်းကိုယ်စားလှယ်မျိုးစုံကလည်း ရှိနေပြန်ပါတယ်။ အလှကုန်ပစ္စည်းကတော့ ပြည်ပကဝင်တာဖြစ်လို့ လမ်းကြောင်းတွေပိတ်ရင် ဈေးတက်လေ့ရှိတဲ့ ပစ္စည်းပါ။ အရင်းကလည်း ကုန်ပစ္စည်းတန်ဖိုးချည်းပဲ ကျပ် သိန်း ၅၀ လောက်ကနေ ရင်းနိုင်ရင် ကျပ်သိန်းရာချီအထိ ကုန်ကျပါတယ်။ အလှကုန်တွေကိုတော့ သိမ်ကြီးဈေး မြေအောက်ထပ်မှာ စုံစမ်းနိုင်ပါတယ်။ အဲဒီက ကိုကျော်လင်း အလှကုန်မှာလည်း စုံစမ်းနိုင်ပါသေးတယ်။
 
ဒီလိုပဲ အလှကုန်ရောင်းပြီဆိုရင် ဖက်ရှင်ပစ္စည်းမျိုးစုံကိုလည်း တင်ရောင်းနိုင်ပါတယ်။ ဖက်ရှင်ပစ္စည်းတွေကိုလည်း သိမ်ကြီးဈေး၊ မင်္ဂလာဈေးနဲ့ ရွှေပြည်စုံဈေးအပေါ်ထပ်က ဆိုင်တွေမှာ ရနိုင်ပါတယ်။ ဒီလိုပဲ ဆန်းရှိုင်း၊ နယူးဖက်ရှင်၊ ပေါ်ပင်ဦး၊ ကိုမြင့်သိန်း+မအေးမြင့်၊ ရဇီယာနဲ့ ရန်ကုန်မြို့ ၁၂၄ လမ်းက ဇော်တင့် အစရှိတဲ့ ဆိုင်တွေမှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ ဖက်ရှင်ပစ္စည်းကတော့ ဆန်းလေ၊ လှလေ၊ လူကြိုက်လေမို့ အရွေးမှန်ဖို့၊ ခေတ်ကိုနားလည်ဖို့ လိုအပ်ပါတယ်။
 
အလှကုန်ပစ္စည်းကတော့ အွန်လိုင်းကရောင်းတဲ့ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေရှိသလို တချို့လည်း အလိမ်အညာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အွန်လိုင်းကနေ ဆက်သွယ်ဝယ်ယူမယ်ဆိုရင်တော့ ငွေလိမ်မခံရအောင် သတိလေးထားပြီး လုပ်ကိုင်သင့်ပါတယ်။
 
(၄) အဝတ်အထည်
 
အဝတ်အထည်တွေကတော့ ပုံမှန်အတိုင်း‌ရောင်းနေရဆဲပါ။ ဒါပေမဲ့လည်း ကိုယ့်ဆိုင်ရဲ့ နေရာပေါ်မူတည်ပြီး ရောင်းအားအနည်းအများတော့ ကွာပါလိမ့်မယ်။ ဒီနေရာမှာ အဝတ်အထည်ဆိုတာ ဘေထုပ် မဟုတ်တဲ့ ပြည်တွင်းချုပ်နဲ့ ပြည်ပအထည်၊ ပိတ်စတွေကို ဆိုလိုတာပါ။
အရင်းအနေနဲ့ကတော့ ကိုယ်က ဘယ်လိုအထည်မျိုးတွေ တင်မလဲဆိုတဲ့အပေါ်မူတည်ပြီး သိန်း ၅၀ လောက်ကနေ စပြီးရင်းနိုင်ပါတယ်။
 
အဝတ်အထည်ရောင်းတဲ့အခါ အဓိကျတာက ဒီဇိုင်းပဲဖြစ်ပါတယ်။ ကိုယ်ကြိုက်တာမဟုတ်ဘဲ ခေတ်အကြိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။ လူတွေဘာကြိုက်နေလဲ၊ ခေတ်က ဘာကိုတောင်းဆိုနေလဲဆိုတာကို သိမှ ရောင်းရဝယ်ရတာ အဆင်ပြေပါတယ်။ နောက်တစ်ချက်လိုအပ်တာက အဝတ်ချိတ်တဲ့ အရုပ်တွေဖြစ်ပါတယ်။ ဒါတွေလည်း စစချင်းမှာ ၃-၄ ရုပ်လောက်ရှိသင့်ပါတယ်။
 
စက်ရုံချုပ်၊ အိမ်ချုပ် ဈေးချိုတဲ့အထည်တွေကို‌တော့ သိမ်ကြီးဈေး ဘီရုံကနေ လက်ကားဝယ်ယူနိုင်ပါတယ်။ ပြည်တွင်းအထည်တွေဆိုရင်တော့ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတတွေလည်း စုံစမ်းနိုင်ပါတယ်။ သိမ်ကြီးဈေးကတော့ အထည်စတွေပိုများပါတယ်။
 
မင်္ဂလာဈေးမှာလည်း စုံစမ်းနိုင်ပြီး အဲဒီမှာတော့ အသင့်ချုပ်တဲ့အထည်တွေက ပိုများပါတယ်။ ဒါပေမယ့် ပိတ်စတွေလည်း မျိုးစုံရှိတာမို့ အဲဒီမှာလည်း စုံစမ်းလို့ရပါတယ်။
 
တကယ်လို့ ကိုယ်က ဘေထုပ်ကိုမှ ရောင်းချတယ်ဆိုရင်လည်း လက်ကားပေးတဲ့ အွန်လိုင်းနာမည်ကြီးဆိုင်တွေ အများအပြားရှိပါတယ်။ တန်ဖိုးသင့်အဝတ်အထည်တွေ ရောင်းချင်ရင်လည်း နွယ်ပိုးအိမ်လို အွန်လိုင်းဆိုင်ကြီးတွေမှာ စုံစမ်းနိုင်ပါတယ်။
 
ကိုယ်က အဝတ်အထည်ကိုမှ ကိုယ်ပိုင်တံဆိပ်နဲ့ထုတ်မယ်ဆိုရင်လည်း ကိုယ့်ဆိုင်တည်နေရာ၊ ကိုယ်ယူမယ့်ကုန်ကြမ်းအထည်၊ တံဆိပ်ရိုက်ဖို့၊ ဈေးကွက်မှာ ကိုယ့်အမှတ်တံဆိပ်ကို လူသိအောင်လုပ်ဖို့၊ ဖြန့်ဖြူးရေးလမ်းကြောင်း ဒီလိုအချက်တွေကို လုပ်ငန်းမစခင်ကတည်းက ကြိုတင်လေ့လာရမှာဖြစ်ပါတယ်။
 
(၅) အိတ်နှင့်ဖိနပ်မျိုးစုံ
 
အဝတ်အထည်နဲ့တွဲရောင်းနိုင်တဲ့ ပစ္စည်းတွေကတော့ အိတ်နဲ့ ဖိနပ်မျိုးစုံဖြစ်ပါတယ်။ ဒါတွေကတော့ ငွေရင်းတတ်နိုင်ရင် တတ်နိုင်သလောက် ဆိုင်ပေါ်တင်ရောင်းလို့ရတဲ့ပစ္စည်းတွေပါ။
အိတ်မျိုးစုံအတွက်ကတော့ ယုဇနပလာဇာမှာလည်း ရနိုင်သလို အဲဒီယုဇနပလာမှာဆင်းပြီး နိုင်မြန်မာအိတ်ဆိုင်ကို မေးမြန်းပြီးလည်း သွားရောက်စုံစမ်းနိုင်ပါတယ်။ ကျောပိုးအိတ်ကနေ လက်ကိုင်အိတ်အထိ အိတ်မျိုးစုံကိုရရှိနိုင်ပါတယ်။
 
ဒါ့အပြင် သိမ်ကြီးဈေးမှာလည်း အိတ် မျိုးစုံရှိပါတယ်။ အဲဒီမှာ ဝယ်ယူနိုင်ပါတယ်။ ဒီလိုပဲ ဖိနပ်မျိုးစုံကိုလည်း သိမ်ကြီးဈေးရော၊ ယုဇနပလာဇာမှာရော ဝယ်ယူနိုင်ပါတယ်။ ရန်ကုန် ၂၉ လမ်း အပေါ်ဘလောက်မှာလည်း ဝယ်ယူနိုင်ပါတယ်။
 
အိတ်မျိုးစုံနဲ့ ဖိနပ်ရောင်းမယ်ဆိုရင်တော့ သတိထားသင့်တာက ဆိုင်အခင်းအကျင်းဖြစ်ပါတယ်။ အိတ်တွေဖိနပ်တွေက မှန်လုံခန်းနဲ့ရောင်းချရင် သိပ်မသိသာပေမယ့် ဒီအတိုင်းပုံမှန်ဆိုင်ခန်းမှာဆို ဖုန်တအားတက်ပါတယ်။ ဖုန်သုတ်လှဲကျင်းရတာကကို အလုပ်တစ်ခုပါ။ ဒါကြောင့် ဖိနပ်ဆိုင်ကြီးတွေကတော့ မီးရောင်တွေ၊ ဖိနပ်တင်စင်တွေနဲ့ Decoration အသေအချာစီစဉ်ကြပါတယ်။ ဒါကြောင့် ဆိုင်အပြင်အဆင်နဲ့ ဝယ်သူဆွဲဆောင်မှုရှိအောင် လုပ်ဖို့က အရေးကြီးပါတယ်။
 
◾️လုပ်ငန်းတစ်ခုစတင်ခြင်း
 
ဒီတပတ်မှာတော့ (၁) ကုန်ခြောက်ဆိုင် (၂) မု့န်မျိုးစုံဆိုင် (၃) အလှကုန်နှင့်ဖက်ရှင်ပစ္စည်း (၄) အဝတ်အထည် (၅) အိတ်နှင့်ဖိနပ်မျိုးစုံ ဆိုင်တွေဖွင့်ရင် အထောက်အကူရအောင်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။
 
ဘာစီးပွားရေးပဲလုပ်လုပ် ဈေးနှုန်း၊ အရည်အသွေး၊ ဝန်ဆောင်မှု ဒီ ၃ ချက်က အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းက ပိုအရေးကြီးတာလား၊ အရည်အသွေးနဲ့ ဝန်ဆောင်မှုက ပိုအရေးကြီးတာလား၊ ၃ ခုစလုံးပဲ ညီတူမျှတူ အရေးကြီးနေတာလား ဆိုတာကတော့ ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းရဲ့ ဈေးကွက်ပေါ်လိုက်ပြီး ကိုယ့်ဘာသာဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
 
ဒီတော့ တခုကြိုပြီး မေတ္တာရပ်ခံချင်တာ ရှိပါတယ်။ အဲဒါက စီးပွားရေးဆိုတာ ကျယ်ဝန်းပါတယ်။ ပြောတာရေးတာတွေထက် လက်တွေ့နယ်ပယ်က ပိုပြီးကျယ်ဝန်းသလို ရှုပ်ထွေးပါတယ်။ ခက်ခဲပါတယ်။
 
ဒါကြောင့် ဘယ်အလုပ်လုပ်ရမလဲ ဆိုတာမျိုး မစဉ်းစားရသေးဘူးဆိုရင်တော့ ရန်ကုန်မြို့က နာမည်ကျော်ဈေးကြီးတွေဖြစ်တဲ့ ဘုရင့်နောင်၊ ဘုရင့်နောင်ပွဲရုံတန်း၊ တညင်းကုန်း၊ သီရိမင်္ဂလာဈေး၊ ညောင်ပင်လေးဈေး၊ သံဈေး၊ သိမ်ကြီးဈေး၊ ယုဇနပလာဇာ၊ ရွှေပြည်စုံဈေး စတဲ့ဈေးတွေကို လျှောက်ပြီး ပတ်ကြည့်ဖို့ အကြံပြုပါတယ်။ ဒီလိုကြည့်ပြီး ဘယ်ပစ္စည်း ဘယ်မှာရနိုင်လဲ၊ အရောင်းအဝယ် ဘယ်လိုလုပ်ကြလဲဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။
 
ဒီတော့ ဘာတွေဘယ်လိုရောင်းမလဲ ဆိုတာကတော့ အကြမ်းဖျဉ်းပဲ ပြောနိုင်မှာဖြစ်ပြီး ဈေးကွက်အနေအထား၊ ပတ်ဝန်းကျင်အနေအထားနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က ကြိုပြင်ထားရင်တော့ အခက်အခဲတွေကို ပိုပြီးကျော်လွှားနိုင်စွမ်း ရှိလာမှာဖြစ်ပါတယ်။
 
ဒီဆောင်းပါးတွေကိုတော့ အဲဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့၊ လုပ်ငန်းလုပ်တဲ့အခါ သတိထားရမယ့် အချက်တွေနဲ့ လိုအပ်တဲ့ အကြံဉာဏ်တွေရရှိအောင် ဝေမျှတာလို့ သဘောထားပြီး ကိုယ့်အတွက်အကျိုးရှိတဲ့ အချက်တွေကို ထုတ်နုတ်ရယူပြီး အသုံးချနိုင်ပါတယ်။
 
ကိုယ့်လုပ်ငန်းအတွေ့အကြုံတွေကိုလည်း အချင်းချင်း အပြန်အလှန်ဝေမျှခဲ့နိုင်ပါတယ်။
 
မောင်စီးပွား
စာပြီးချိန်
ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၄