အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ – (အပိုင်း ၃)

ဖေဖော်ဝါရီ ၊ ၈

နိုင်ငံရေးက အရေးကြီးသလို စီးပွားရေးကလည်း အရေးကြီးပါတယ်။ နိုင်ငံ့စီးပွားရေးဆိုတာ နိုင်ငံသားတစ်ဦးချင်းရဲ့ စီးပွားရေးတွေက တည်ဆောက်ထားတာလို့ ယေယုယျအားဖြင့် ဆိုနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးချင်းလုပ်နိုင်တဲ့ Micro စီးပွားရေးကို အတတ်နိုင်ဆုံး ပြန်လည်ဖြည့်စွမ်းဖို့၊ တစ်ဦးတစ်ယောက်ချင်းရဲ့ လူမှုစီးပွားရေး ထိုက်သင့်သလောက် အဆင်ပြေဖို့ ရည်ရွယ်ပြီး အကျပ်အတည်းကာလ ဘာစီးပွားရေး၊ ဘယ်လိုလုပ်ကြမလဲဆိုတာကို Delta News Agency က တင်ဆက်ခဲ့တာ အခုဆို ၃ ပုဒ်မြောက်ရှိလာခဲ့ပါပြီ။

အဓိကတော့ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေအတွက် အလုပ်အကိုင်တစ်ခုခု၊ ဝင်ငွေရလမ်းတစ်ခုခု ရရှိအောင် ရည်ရွယ်တင်ပြခဲ့တာပါ။  “အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ” အပိုင်း(၁) နဲ့ အပိုင်း (၂) လင့်တွေ ကိုတော့ ကောမန့်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဖော်ပြခဲ့တဲ့ “အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ – အပိုင်း (၂)” မှာတော့ ကုန်ခြောက်ဆိုင်လုပ်ငန်း၊ မုန်မျိုးစုံလုပ်ငန်း၊ အလှကုန်ဆိုင်၊ ဖက်ရှင်ပစ္စည်းမျိုးစုံဆိုင်၊ အဝတ်အထည်ဆိုင်၊ အိတ်မျိုးစုံဆိုင်နဲ့ ဖိနပ်မျိုးစုံဆိုင်ဖွင့်နည်းတွေကို တင်ဆက်ပေးခဲ့ပါတယ်။

ဒီတစ်ပတ်ကတော့ ကျန်တဲ့လုပ်ငန်းတွေကို ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။

■ စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်းဆိုင်

စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်းမျိုးစုံရောင်းတာဟာ အရင်းများပါတယ်။ ပျမ်းမျှ ကျပ်သိန်းတစ်ရာ လောက်က စရပါလိမ့်မယ်။

နောက်တစ်ခုကတော့ နေရာအကွက်အကွင်းကလည်း အင်မတန်အရေးကြီးပါသေးတယ်။ စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်းဆိုင်ဆိုတာက အထက်တန်းကျောင်းနားမှာ ဖွင့်ဖို့ကောင်းတဲ့ အရာမျိုးပါ။ ပြီးတော့ ကိုယ်က မြို့နယ်တွေမှာနေပြီး စာရေးကိရိယာဆိုင်မရှိဘူး၊ ဒါမှမဟုတ် ပတ်ဝန်းကျင်က မြို့တွေကလည်း  ကိုယ့်မြို့ကိုကျော်ပြီး တခြားမြို့ကိုသွားဝယ်ရတယ်ဆိုရင် ကိုယ်က လမ်းခုလတ်ကနေ ဖွင့်သင့်တဲ့ ဆိုင်မျိုးပါ။ နယ်မြို့တွေ ဒါမှမဟုတ် ရန်ကုန်ဆင်ခြေဖုုံးမြို့နယ်တွေမှာ ရန်ကုန်ဈေးနဲ့သိပ်မကွာရင် ကိုယ်က လက်ကားသဘောရောင်းရတာမျိုးလည်း ရှိတတ်ပါတယ်။

ဥပမာ ကော့မှူးမြို့နယ်ထဲက ကော့မှူးဈေးမှာ ကျောင်းသားသုံး ဘာသာစုံ အထူးထုတ်တွေ တင်ပြီး ရောင်းမယ်ဆိုရင် အဲဒီလမ်းမကြီးတလျှောက် လမ်းပန်းသင့်တဲ့ ကွမ်းခြံကုန်း၊ ဒေးဒရဲအပြင် ကျေးလက်ဖက် အနီးနားရွာတွေက ကျောင်းသားကျောင်းသူတွေအနေနဲ့ ကိုယ့်ဆိုင်မှာ လာရောက်ဝယ်ယူနိုင်ပါလိမ့်မယ်။ ဒါက ထင်သာအောင် ဥပမာသဘောပြောတာဖြစ်ပြီး အပ်ချမတ်ချ အဆင်ပြေမယ်လို့ဆိုလိုတာတော့ မဟုတ်ပါဘူး။

ရောင်းမယ်ဆိုရင်လည်း ပစ္စည်းအစုံတင်မှ တစ်ခုမဟုတ် တစ်ခု ရောင်းရမှာပါ။ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘာသာစုံအထူးထုတ်၊ တခြားကျောင်းသုံးပစ္စည်းတွေ၊ ပြီးရင် မူလတန်းကလေးတွေအတွက် ကျောင်းသုံးအဝတ်အစားတွေကအစ တင်ရောင်းနိုင်ပါသေးတယ်။ ပြီးတော့ ထီး၊ ဖိနပ်၊ ရေဘူးတို့လို ရာသီအလိုက် ပစ္စည်းတွေကို တင်ရောင်းနိုင်ပါတယ်။

ဒါပေမဲ့ ကျောင်းသုံးပစ္စည်းနဲ့ ကွန်ပျူတာ စာစီစာရိုက်၊ မိတ္တူလုပ်ငန်းတွဲဖွင့်ဖို့ကတော့ မစဉ်းစားသင့်ပါဘူး။ ဘာလို့ဆို ကွန်ပျူတာ၊ စာစီစာရိုက်နဲ့ မိတ္တူလုပ်ငန်းကတင် အရင်း သိန်း ရာချီကုန်ကျတာဖြစ်လို့ စုစုပေါင်းဆို အရင်းက သိန်း ၂၅၀ လောက် ဖြစ်သွားပါလိမ့်မယ်။ ပြန်ရငွေနဲ့တွက်ကြည့်ရင် အတော်လေး ခြားနားတာတွေ့ရပါတယ်။

တစ်ခုသတိထားရမှာက စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်းဆိုင်ဆိုတာမျိုးက သူ့အချိန်နဲ့ သူပဲ ရောင်းရတာဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်းကြီး အလုပ်ဖြစ်ဖို့ဆိုတာထက် ရေရှည်အတွက် လုပ်ငန်းတစ်ခု စတည်တဲ့သဘောမျိုး လုပ်ကိုင်သင့်တဲ့ လုပ်ငန်မျိုးပါ။

ကျောင်းသားသုံးအထူးထုတ်တွေ၊ ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေကို ရန်ကုန်မြို့ ၃၁ လမ်း အလယ်ဘလောက်နဲ့ အောက်ဘလောက်မှာ ရနိုင်ပါတယ်။ ၃၁ လမ်းက ကိုလေးဆိုင်မှာလည်း ရရှိနိုင် ပါသေးတယ်။ ကျောင်းသုံးဖတ်စာအုပ်တွေကိုတော့ လမ်း ၃၀ မိုးကျော်စာပေမှာလည်း ရနိုင်ပါတယ်။ ဗလာစာအုပ်တွေကိုတော့ ညောင်ပင်လေးဈေးနား(အောက်ဘလောက်)က ရွှေနိုင်ငံ ပြက္ခဒိန်၊ ပိုစတာ ဖြန့်ချိရေးမှာ ရနိုင်ပါတယ်။ လမ်း ၃၀ ၊ ၃၁ လမ်းကတော့ စာရေးကိရိယာနဲ့ပတ်သက်ရင် အစုံလင်ဆုံးဖြစ်ပါတယ်။

■ သင်ထောက်ကူပစ္စည်းဆိုင်

ဒီနေ့ခေတ်မှာလည်း ကျောင်းသုံးပစ္စည်းအရောင်းဆိုင်တွေမှာ သင်ထောက်ကူပစ္စည်းတွေတင်ရောင်းတာ ကလည်း အလုပ်ဖြစ်တတ်ပါတယ်။ ဈေးကွက်အနေအထားကိုတော့ ကြည့်ရမှာပါ။

သင်ထောက်ကူပစ္စည်းဆိုတာကလည်း အမျိုးအမည်များပြားတာကြောင့် အဝယ်များတဲ့ ပစ္စည်းတွေကို တဖြည်းဖြည်းနဲ့ တင်ရောင်းသင့်တာမျိုးပါ။ အရင်းကလည်း များပါတယ်။

ရန်ကုန် ၂၄ လမ်း အပေါ်ဘလောက်၊ ၂၅ လမ်းက Tun Toy ၊ သိမ်ကြီးဈေး အောက်ထပ်က ငါးသုံးလုံး စာရေးကိရိယာဆိုင်၊ ရွှေပြည်စုံဈေး၊ မင်္ဂလာဈေးမှတ်တိုင်နား ၁၂၃ လမ်းက ပစ်တိုင်းထောင်၊ Citymart တွေမှာလည်း ရနိုင်ပါတယ်။ သင်ထောက်ကူပစ္စည်းဆိုင်ကိုတော့ ဝင်ငွေအသင့်အတင့်ရှိပြီး အခြေခံပညာ ကျောင်းသားကျောင်းသူများတဲ့ဈေးကွက်မှပဲ ဖွင့်လှစ်ဖို့ အဆင်ပြေမယ်လို့ ယူဆပါတယ်။

■ ကလေးကစားစရာပစ္စည်းဆိုင်

ကလေးကစားစရာပစ္စည်းဆိုင်တွေကတော့ ရေရှည်ရင်းနှီးမြှုပ်နှံမှ အဆင်ပြေမှာပါ။

ရန်ကုန်၊ သိမ်ကြီးဈေး ၂၄ လမ်းနား အပြင်ဘက်တန်းက ရွှေမြင့်မိုရ်ဆိုင်၊ ရွှေပြည့်စုံဈေးက လွှမ်းပိုင်ဦး၊ နေလ ၊ ၁၂၃ လမ်းက ပစ်တိုင်းထောင်၊ Tun Toy ။ အဲဒီဆိုင်တွေက‌ ဈေးသက်သာတဲ့အထဲပါဝင်ပါတယ်။ အွန်လိုင်းက ကျားလေး ပေ့ချ်တွေမှာလည်း အမျိုးအစားကောင်း ကလေးကစားစရာပစ္စည်းမျိုးစုံကို ရနိုင်ပါသေးတယ်။ ဆိုင်နေရာကတော့ တောင်ဥက္ကလာက ဝေဇယန္တာလမ်းပေါ်မှာ ရှိပါတယ်။

ဒါနဲ့အတူ တင်ရောင်းနိုင်တာကတော့ လက်ဆောင်ပစ္စည်းမျိုးစုံပါပဲ။

■ ဆေးဆိုင်

ဆေးဆိုင်ဖွင့်မယ်စဉ်းစားရင် အရင်းက အနည်းဆုံး ကျပ်သိန်း ၂၀၀ ကနေ ကျပ်သိန်း ၃၀၀ လောက်အထိ ရှိဖို့လိုပါလိမ့်မယ်။ ဒါကြောင့် အရင်းတတ်နိုင်တဲ့လူမှ အဆင်ပြေပါလိမ့်မယ်။ ဒီအလုပ်ကတော့ ပြည်သူ့ကျန်းမာရေးနဲ့ဆိုင်တဲ့လုပ်ငန်းဖြစ်လို့ ဝါသနာမပါဘဲ အကျိုးအမြတ်အတွက် သီးသန့်ဆိုရင် မလုပ်သင့်တဲ့ လုပ်ငန်းပါ။ ကိုယ်ကလည်း ဝါသနာပါတယ်။ လုပ်ငန်းအတွက်လည်း အရင်းအနှီးလည်း တတ်နိုင်တယ်။ လုပ်ငန်းတစ်ခုလည်း စချင်ပြီး ရေရှည်အတွက်စဉ်းစားရင်တော့ ဒီအလုပ်ကို ရွေးချယ်နိုင်ပါတယ်။

ဆေးဆိုင်ဖွင့်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ဆေးဝါးကျွမ်းကျင် သင်တန်းတက်ဖို့ လိုပါလိမ့်မယ်။ စနစ်တကျ သင်ကြားပေးတဲ့ ဆေးဝါးကျွမ်းကျင်လုပ်ငန်းကို တက်မှသာ ကျင့်ဝတ်နဲ့ညီတဲ့ ၊ ကိုယ့်အတွက်လည်း အန္တရာယ်ကင်းတဲ့ ဆေးဝါးရောင်းချတဲ့လုပ်ငန်းဖြစ်လာမှာပါ။

စာရွက်စာတမ်းအနေနဲ့ကတော့ သက်ဆိုင်ရာ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA)ရဲ့ ထောက်ခံချက်လိုပါတယ်။ တချို့ကတော့ လျှောက်လွှာမတင်ခင် စာမေးပွဲအရင်ဖြေရပါတယ်။ ပြီးရင်  ဆေးဝါး လက်လီလက်ကား ရောင်းချခွင့်လိုင်စင်လိုပါတယ်။ အဲဒီအတွက် ရောင်းချခွင့် လျှောက်လွှာတင်ရမှာပါ။ ဆိုင်မှာ ရောင်းချမဲ့ ဆေးအမျိုးအမည်စာရင်း၊ ဆေးရောင်းချမဲ့သူရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် အစရှိတဲ့ စာရွက်စာတမ်း လိုအပ်ချက်က ၁၅ မျိုးလောက်ရှိပါတယ်။ အဲဒါတွေကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှာ ဆေးဆိုင်လိုင်စင်လျှောက်လွှာ ဝယ်ယူတင်သွင်းရမှာပါ။ ဘာတွေအသေးစိတ် လိုအပ်လဲဆိုတာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှာပဲ စုံစမ်းနိုင်ပါတယ်။ အဲဒီက ထောက်ခံစာရရင် မြို့နယ်စည်ပင်မှာ ဆိုင်းဘုတ်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ မရိုးရှင်းပါဘူး။ ဒါကြောင့် တချို့ကတော့ အကျိုးဆောင်တွေကိုပဲ အပ်လိုက်ကြပါတယ်။

ဆေးတွေခင်းကျင်းတဲ့အခါမှာလည်း ကုန်မျိုးစုံဆိုင်လို ထင်သလိုစီလိုရမှာမဟုတ်ပါဘူး။ တုပ်ကွေးဆေးနဲ့ အကိုက်အခဲပျောက်ဆေးအုပ်စု၊ ချောင်းဆိုးပျောက်ဆေးအုပ်စု၊ လည်ချောင်းနာပျောက် ငုံဆေးများအုပ်စု၊ နှာစီးပျောက်စေးအုပ်စု၊ အားဆေးအုပ်စု၊ သွေးကျဆေးများအုပ်စု၊ ဆီးချိုသွေးချိုအုပ်စု၊ နှလုံးနဲ့ သွေးတွင်းအဆီကျဆေးအုပ်စု၊ ပိုးသတ်ဆေးအုပ်စု၊ ပလာစတာအုပ်စု၊ လိမ်းဆေးများအုပ်စု ၊ ဘီပီအိုင်ဆေးအုပ်စု အဲဒီလိုမျိုး အုပ်စုခွဲစီရပါတယ်။ ဒါမှသာ အမြင်လှပြီး ခပ်လွယ်လွယ်ရှာတွေ့မှာပါ။

ကိုယ့်ဆိုင်မှာ ဆေးစုံအောင် တင်မယ်ဆိုပြီး မျက်စိထဲတွေ့သမျှ ဆေးဝါးအကုန်ဝယ်ပြီးတင်ရင်တော့ အကျိုးအမြတ်မရခင် ရှုံးဖို့သေချာသလောက်ပါ။ ဘာလို့လဲဆိုတော့ ဆေးဝါးတွေဟာ တံဆိပ်အမျိုးမျိုး၊ ကုမ္ပဏီအမျိုးမျိုးက တင်သွင်းနေကြတာဖြစ်လို့ပါ။ ဆေးဝါးတိုင်းမှာ သက်တမ်းကုန်လွန်တဲ့ရက်လည်း ရှိနေပါတယ်။ ဒါကြောင့် လက်ကားဖြန့်သူတွေဆီကပဲ အကြံလည်းတောင်း၊ ဆေးဝါးလည်း ယူပြီး ရောင်းချလိုက်တာ အမှားနည်းပါတယ်။ ဒါမှမဟုတ်လည်း အကြံပေးတဲ့ ဆေးဝါးလုပ်ငန်းသင်တန်းတွေဆီက အကြံဉာဏ်ရယူတာမျိုးလည်း လုပ်နိုင်ပါတယ်။

■ ရေသန့်လုပ်ငန်း

ရေသန့်လုပ်ငန်းကလည်း စဉ်းစားသင့်တဲ့ လုပ်ငန်းတစ်ခုပါ။ အခုခေတ် မြို့နဲ့ဆက်စပ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ မြို့နယ်တွေမှာ ဒီလုပ်ငန်းက အလုပ်ဖြစ်ပါတယ်။ ရေရှည်ကိုတော့ မျှော်တွေးပြီး လုပ်ရမှာပါ။

အရင်းကလည်း ကိုယ်လုပ်မဲ့ပုံစံကိုလိုက်ပြီး အနည်းအများ ကွာခြားသွားနိုင်ပါတယ်။ ဥပမာ ကိုယ်က ရေသန့်ကို သူများဆီက လက်ကားယူပြီး ပြန်ပေးမယ်ဆိုရင်တော့ အရင်းက သိပ်မလိုပါဘူး။ ဒါပေမဲ့လည်း လိုက်ပို့မဲ့ သုံးဘီး၊ ဂါလီ စတဲ့ ယာဉ်တစ်မျိုးမျိုးတော့ ရှိဖို့လိုပါတယ်။ အလုပ်သမား ၂ ယောက်ငှားပြီး လုပ်ကိုင်နိုင်ပါတယ်။

ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်က ရေသန့်စက်ထောင်ပြီး ဖြန့်ဖြူးမယ်ဆိုရင်တော့ အလုပ်သမား ၁၀ ယောက်ဝန်းကျင်က စနိုင်သလို အရင်းကတော့ သိန်း ၅၀၀ လောက်နဲ့မှ ကောင်းကောင်းလည်ပတ်နိုင်ပါလိမ့်မယ်။ ရေသန့်စက်ထောင်ပြီဆိုရင်တော့ လေ့လာရမှာက ပိုများလာပါတယ်။ စက်တည်မဲ့နေရာ၊ အဆောက်အဦး ဒါတွေကို ထင်သလိုဆောက်လို့မရပါဘူး။ ဗဟိုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA လမ်းညွှန်ချက်အတိုင်းဆောက်ရမှာဖြစ်ပါတယ်။ FDA နဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ဆေးရုံကတော့ မဖြစ်မနေ ဆက်သွယ်ဆောင်ရွက်ရမဲ့နေရာတွေဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဒီအတွက် အကြံပေးဆက်သွယ် ဆောင်ရွက်ပေးတဲ့ အကျိုးဆောင်တွေရှိပါတယ်။ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အဝင်အထွက်၊ လုပ်နည်းလုပ်ဟန်ကို သူတို့က နားလည်ကြပါတယ်။ ရေသန့်တည်ဖို့ လိုအပ်တဲ့ ရေကို ဓာတ်ခွဲစမ်းသပ်တာကအစ ၊ လိုအပ်တဲ့ စက်ပစ္စည်းဝယ်တာအလယ်၊ စက်တည်တာအဆုံး ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေလည်း ရှိပါတယ်။ တောင်ဒဂုံ၊ လှိုင်သာယာနဲ့ စော်ဘွားကြီးကုန်းမှာလည်း စုံစမ်းနိုင်ပါတယ်။ ထွက်လာတဲ့ရေသန့်ကို ဖြန့်ဖြူးရေးပိုင်းမှာလည်း အထည်ချုပ်လို ရေသန့်အသုံးများတဲ့စက်ရုံတွေ၊ အဝေးပြေးကားဝင်းတွေ၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေလိုမျိုးကို လိုက်လံချိတ်ဆက်ဖို့လိုပါတယ်။ အထည်ချုပ်စက်ရုံတွေဆိုရင်တော့ ကြားကချိတ်ဆက်ပေးတဲ့သူဆိုရင် ရေသန့်တစ်ဘူးကို တစ်ရာကျပ်နှုန်း ပေးစားရတာမျိုးလည်း ရှိပါတယ်။ ဒီဈေးကွက်ကိုရဖို့ ဒီလိုရင်းရတာမျိုးလို့ မှတ်ယူရမှာပါ။ အခုခေတ်မှာ အများစုက ရေသန့်ကိုပဲ သောက်သုံးနေကြတာဖြစ်လို့ ဒီအလုပ်ကလည်း ကိုယ်နဲ့ကိုက်တယ်၊ သင့်လျော်တယ်ထင်ရင် စမ်းကြည့်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။

■မြေစမ်းခရမ်းပျိုး စီးပွားရေး

နိုင်ငံက အကျပ်အတည်းပေါင်းစုံနဲ့ ကြုံနေချိန်ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာကိုပဲ စိတ်မကောင်းစရာ သတင်းတွေကလည်း အပြည့်ပါ။ ဒါပေမဲ့ တစ်ဦးချင်းစီက စီးပွားရေးအင်အား ထိုက်သင့်လောက်ရှိရင် အကျပ်အတည်းကို ကိုယ်တိုင်ခုခံနိုင်မှာဖြစ်သလို တခြားခက်ခဲနေသူကိုလည်း ကိုယ့်မှာရှိတဲ့အင်အားနဲ့ ကူညီနိုင်ပါသေးတယ်။ ကိုယ်က စိတ်အားထက်သန်ရင် ထက်သန်သလောက် ကိုယ့်ဓနအင်အားကို အသုံးချလို့ရပါတယ်။

ဒီရည်ရွယ်ချက်နဲ့ (၁) ကုန်ခြောက်ဆိုင်၊ (၂) မုန့်မျိုးစုံဆိုင်၊ (၃) အလှကုန်ပစ္စည်း/ ဖက်ရှင်ပစ္စည်း၊ (၄) အဝတ်အထည်၊ (၅) အိတ်နှင့်ဖိနပ်မျိုးစုံ၊ (၆)စာရေးကိရိယာနဲ့ ကျောင်းသုံးပစ္စည်းဆိုင်၊ (၇)သင်ထောက်ကူပစ္စည်းဆိုင်၊ (၈)ကလေးကစားစရာပစ္စည်းဆိုင်၊ (၉)ဆေးဆိုင်နဲ့ (၁၀)ရေသန့်လုပ်ငန်း အစရှိတဲ့ဆိုင်တွေ ဖွင့်လှစ်နိုင်ဖို့ ကူညီစဉ်းစားဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုချင်းစီရဲ့ အားနည်းချက်၊ အားသာချက်၊ လိုအပ်တဲ့ ပျမ်းမျှအရင်းအနှီးပမာဏတို့ကို ဖော်ပြပေးခဲ့သလို ဘယ်လိုဘယ်ပုံစီးပွားရေးလုပ်ဖို့ စဉ်းစားလဲဆိုတာကိုလည်း ဆောင်းပါးအမှတ် (၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် ဒီဆောင်းပါးတွေမှာ ဖော်ပြထားတာထက် ပိုမိုကျယ်ဝန်းပြီး ခက်ခဲမှာကတော့ အသေအချာပဲဖြစ်ပါတယ်။

ဉာဏ်အမြော်အမြင်ရှိရှိ ရေရှည်ကိုတွေးပြီး ကိုယ်နဲ့သင့်လျော်တဲ့ လုပ်ငန်းကို ရွေးချယ်လုပ်ကိုင်နိုင်ကြပါစေ။ ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် ထိုက်သင့်တဲ့အကျိုးအမြတ်ယူပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုဖို့က လိုရင်းပဲဖြစ်ပါတော့တယ်။

မောင်စီးပွား

စာပြီးချိန်

ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၄