ရှမ်းမြောက် မဘိမ်းမြို့နဲ့ ကချင် မန်ဝိန်းကြီးစခန်းကို KIA သိမ်း

ဇန်နဝါရီ၊ ၂၁
 
ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့နဲ့ ကချင်ပြနယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာက စစ်ကောင်စီစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်က ဒီကနေ့သိမ်းပိုက်လိုက်တယ်လို့ Kachin Waves သတင်းဌာနက ဖော်ပြပါတယ်။
 
မဘိမ်းမြို့ကို ဇန်နဝါရီလ ၂၀ ရက်မနေ့ကမနက် ၅ နာရီဝန်းကျင်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်းက သိမ်းပိုက်ရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးကို ကိုးကားပြီး ရေးသားထားတာပါ။
 
အဲဒီမြို့က စစ်တပ်စခန်းကုန်းနဲ့ ရဲစခန်းကုန်းပဲရှိတဲ့အတွက် မနေ့က စစ်တပ်စခန်းကုန်းကို သိမ်းပိုက်ပြီး ဒီကနေ့ ရဲစခန်းကုန်းကို သိမ်းပိုက်ရမိပေတဲ့ လေကြောင်းတိုက်ခိုက်မှု စိုးရိမ်လို့ ဘေးကင်းရာကို ပြန်ဆုတ်နေတယ်လို့လည်း ဆိုထားပါတယ်။
 
အခုသိမ်းပိုက်ရတဲ့ မဘိမ်းမြို့ဟာ လက်ရှိမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမိတ်မြို့နဲ့ ထိစပ်နေတာပါ။
 
ဒါ့အပြင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာက စစ်ကောင်စီစခန်းကို KIA က ဒီကနေ့မနက် သိမ်းပိုက်လိုက်တယ်လို့လည်း သိရပါတယ်။
 
မန်ဝိန်းကြီးကျေးရွာဟာ မြောက်ပိုင်းညီနောင်တပ်ဖွဲ့သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်နဲ့ ကပ်လျက်တည်ရှိတာပါ။
 
အခုသိမ်းဆည်းရမိတဲ့ နေရာတွေနဲ့ပတ်သတ်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းလို့ မရသေးတဲ့အတွက် နှစ်ဘက်တပ်အကျအဆုံး အပါအဝင် အသေးစိတ်အခြေအနေတွေကို မသိရသေးပါဘူး။
 
KIA နဲ့ပူးပေါင်းတပ်တွေဟာမနေ့ကလည်း ဖားကန့်မြို့၊ ဝှေခါကျေးရွာက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရထားပြီး ဆိုင်းတောင်မှာ တိုက်ပွဲဖြစ်ပွားနေသလို မကြာသေးခင်ကလည်း နန့်တိန်းစခန်းနဲ့ နမ့်ဖက်ကာစခန်းတို့ကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။
 
ဓာတ်ပုံ​ – Kachin Wave