အာဏာ ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်မယ့် မာဖီးယား စစ်ဗိုလ်ချုပ်များ

မတ်၊ ၁၈
 
အခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကျယ်ကျယ်လောင်လောင် လေသံလွှင့်နေခဲ့တဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုတ်တရက် လမ်းကြောင်းပြောင်းသွားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ တရားမဝင် အုပ်ချုပ်မှု သက်တမ်းကို ၆ လ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာရင်း စစ်တပ်ဟာ ရွေးကောက်ပွဲ တခုကို ကြီးမှူး ကျင်းပနိုင်လောက်တဲ့ အခြေအနေထိ နိုင်ငံကို ထိန်းချုပ် မထားနိုင်ကြောင်း အသိအမှတ် ပြုသွားခဲ့ပါတယ်။ စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို တည်ငြိမ် အေးချမ်းမှု လမ်းကြောင်းဆီ ပြန်ဆွဲတင်နိုင်မယ်လို့ ​နိုင်ငံတကာ အသိုက်အဝန်းထဲက ခပ်နုံနုံ ယူဆနေသူတွေ အတွက်တော့ ဒီအပြောင်းအလဲက ထိုးနှက်ချက် တခုပါပဲ။
စစ်အာဏာရှင်တွေက သူတို့ရဲ့ စီမံထိန်းချုပ်နိုင်စွမ်း ကင်းမဲ့မှုကို တရားဝင် သဘောမျိုး ဝန်ခံလိုက်ရတယ် ဆိုတာကိုက စစ်အစိုးရတရပ် ပြန်အသက်သွင်းဖို့ သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက် ရှုံးနိမ့်နေခဲ့တယ် ဆိုတာကို ညွှန်ပြလိုက်တာပါပဲ။ အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ပတ်သက်တဲ့ အလားအလာတွေကပါ ဝေဝေဝါးဝါး ဖြစ်လာတဲ့အခါ စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိသမျှ တခြားနည်းလမ်းတွေကို လိုက်ရှာနေကြပါပြီ။
နိုင်ငံတကာ အသိုက်အဝန်းထဲမှာတော့ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်တည်ဆောက်နိုင်မယ့် လမ်းကြောင်းတခုအဖြစ် မျှော်လင့်ချက် အမှားကြီးကို ဆုပ်ကိုင်ထားသူတွေ အများကြီး ရှိပါတယ်။ အရင်က ပုံစံတွေအတိုင်း စစ်အာဏာရှင်တွေရဲ့ မညှာမတာ ဖိနှိပ်မှုတွေကို မရိုးမဖြောင့် ရွေးကောက်ပွဲ တခုနဲ့ ယှဉ်တွဲပေးလိုက်ပြီးရင် အခြေအနေတွေ ပြန်တည်ငြိမ်သွားမှာပဲလို့ သူတို့က ယူဆထားပုံပါ။ ဒါပေမဲ့ မြန်မာပြည်သူတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့ဆက်နွှယ်နေသူတိုင်းကတော့ အခုတကြိမ်ဟာ အရင်အခြေအနေတွေနဲ့ ကွဲပြားမှန်း ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်နေကြပါပြီ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကာလအတွင်း အတော်လေး လွတ်လပ်ပွင့်လင်းခဲ့တဲ့ အခြေအနေက ရက်ရက်စက်စက် လူသတ်ပြီး မာဖီးယား ရာဇဝတ်ဂိုဏ်းလို ကြီးစိုးချင်နေတဲ့ စစ်အာဏာရှင်တွေကို ကြံ့ကြံ့ခံပြီး ဆန့်ကျင်တဲ့ လှုပ်ရှားမှုအတွက် အခြေခံ အုတ်မြစ်တွေ ဖြစ်လာတယ်။ တကယ်တမ်းမှာတော့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး လမ်းကြောင်းဆီ လက်တွေ့ကျကျ ချဉ်းကပ်ချင်တယ်ဆိုရင် စစ်အာဏာရှင်တွေအစား တော်လှန်ရေး အင်အားစုတွေကိုသာ စွဲစွဲမြဲမြဲ ထောက်ခံ ကူညီရမယ်ဆိုတာ နားလည်သင့်နေပါပြီ။
▪စစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည်ဆန်းသစ်ခြင်း
မင်းအောင်လှိုင်ရဲ့ ကြေညာချက် မတိုင်မီ တရက်အလိုမှာ အာဏာသိမ်း စစ်တပ်ရဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) အစည်းအဝေးကို ခေါ်ယူပြီး မြန်မာနိုင်ငံဟာ သာမန် အခြေအနေမှာ ရှိမနေသေးဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ တနည်းအားဖြင့် ဒီဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင် လိုလားနေတဲ့ စစ်အာဏာရှင် အုပ်စိုးမှု သက်တမ်းကို ဥပဒေနဲ့ ညီညွတ်သလိုလို သ​ဘောမျိုး တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။
စစ်တပ်က ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ သာမန် အခြေအနေအရ နိုင်ငံမှာ အရေးပေါ် အခြေအနေ ၁ နှစ် ထုတ်ပြန် ကြေညာပြီးရင် ကာလုံက ၆ လစီ ကာလမျိုး နောက်ထပ် ၂ ကြိမ် သက်တမ်းတိုးပေးခွင့် ရှိပါတယ်။ (စစ်ကောင်စီဟာ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်) အဲဒီတော့ အာဏာသိမ်းပြီး ၂ နှစ် ကြာလာတဲ့အခါ ဖွဲ့စည်းပုံ ဥပဒေအရ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ လိုလာပါပြီ။ ဒါပေမဲ့ နိုင်ငံက သာမန် အခြေအနေမှာ ရှိမနေဘူးလို့ ကာလုံက လိုရာဆွဲယူ သတ်မှတ်ပြီး စစ်တပ် အုပ်စိုးမှုကို နောက်ထပ် ၆ လ တိုးမြှင့်ပေးလိုက်ပြန်တာ ဖြစ်ပါတယ်။
သူတို့ကိုယ်တိုင် ရေးဆွဲတဲ့ ဖွဲ့စည်းပုံ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်တယ် ဆိုတာက ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ စစ်တပ်အတွက်တော့ အဆန်း မဟုတ်တော့ပါဘူး။ မြန်မာ့ စစ်အာဏာရှင် စနစ်ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် ဗိုလ်ချုပ်ကြီး နေဝင်းဟာ ၁၉၄၇ ခုနှစ်က လွတ်လပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံ ဥပဒေကို လေးစား လိုက်နာပါ့မယ်လို့ တဖွဖွ ပြောရင်း ၁၉၆၂ ခုနှစ်မှာ အာဏာ ကောက်သိမ်းလိုက်ပါတော့တယ်။ အလားတူပဲ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်ကလည်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို စစ်တပ်က တန်ဖိုးထား စောင့်ထိန်းသယောင်ယောင် ပြောရင်း အာဏာသိမ်းမှု အပြီးမှာ ပယ်ဖျက်လိုက်တာပါပဲ။ အခုနောက်ဆုံး အာဏာသိမ်း မြန်မာစစ်တပ် ခေါင်းဆောင်ကလည်း နောင်တော်ကြီးတွေရဲ့ ခြေလှမ်းအတိုင်း လိုက်မယ့်ပုံ ပေါ်ပါတယ်။
▪ခပ်နုံနုံ မျှော်လင့်မှုတွေ ပျက်ပြယ်ခြင်း
အာဏာသိမ်း စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရက်သတ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲကြောင့် သူတို့ရဲ့ အာဏာသိမ်းမှုဟာ နိုင်ငံတကာ တရားဝင်မှု ရလာပြီး တော်လှန်ရေး အင်အားစုတွေကိုလည်း ဖြိုခွဲနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ပါ။ စစ်ကောင်စီက သူတို့ စီစဉ်တဲ့ ရွေးကောက်ပွဲရဲ့ အရေးပါ အရာရောက်မှုတွေကို ချဲ့ကား ဝါဒဖြန့်ရင်း တဖက်မှာလည်း ရွေးကောက်ပွဲကြို ပြင်ဆင်မှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ပြခဲ့တယ်။ ဒီအခြေအနေကြောင့် နိုင်ငံတကာ အသိုက်အဝန်းမှာ အဲဒီရွေးကောက်ပွဲရဲ့ အလားအလာဟာ ဆွေးနွေး ငြင်းခုံမှုတွေရဲ့ ဗဟိုချက် ဖြစ်လာပါတယ်။
တချို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက ရွေးကောက်ပွဲဟာ မင်းအောင်လှိုင်အတွက် ထွက်ပေါက်တခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆမျိုးရဲ့ သိမ်းသွင်းခြင်းကို ခံခဲ့ရပုံပါပဲ။ ဒါပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို ထွက်ပေါက် တခုအနေနဲ့ ယူဆတာ မဟုတ်ဘဲ တော်လှန်ရေးကို သွေးခွဲဖို့၊ သူ့ရဲ့ စစ်ရေး ရည်မှန်းချက်တွေနဲ့ အာဏာဆက်လက် ဆုပ်ကိုင်ရေး အားထုတ်မှုတွေကို မြဲမြံစေဖို့သာ အသုံးချချင်နေတာဆိုတဲ့ သက်သေအထောက်အထား တပုံတခေါင်းကြီးကို သူတို့က မျက်ကွယ်ပြုမိခဲ့ကြပါတယ်။ တချို့ကလည်း တရားဥပဒေ ရှုထောင့်ကနေ အနှစ်မရှိတဲ့ အငြင်းပွား ထောက်ပြမှုမျိုးတွေ လုပ်ပြချင်ကြတယ်။ ဖွဲ့စည်းပုံ ဥပဒေအရ စစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပပေးဖို့အပြင် တခြား ရွေးချယ်စရာ မရှိဘူးလို့ သူတို့က ပြောကြတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကိုက ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ အရှိတရားကိုတော့ လျစ်လျူရှုလိုက်ကြပုံပါပဲ။
စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ကာကွယ် စောင့်ရှောက်နေတာပါ ဆိုတာမျိုး အကြိမ်ကြိမ် ပုံဖော်နေပေမယ့် သူ့လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ကိုယ်တိုင် အာဏာတည်မြဲရေးအတွက် ဖွဲ့စည်းပုံ ဥပဒေကို ချိုးဖောက်ဖို့ အသင့်ရှိကြောင်း အရမ်း သိသာနေပါတယ်။ အာဏာ မသိမ်းခင် ရက်ပိုင်းလေးကတင် သူ့အနေနဲ့ လိုအပ်လာရင် ဖွဲ့စည်းပုံ ဥပဒေကို ဖျက်သိမ်းဖို့ ပြင်ဆင်ထားတယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ဖူးပါတယ်။
▪ကိုယ်ကျိုးစီးပွား ပဓာန မူဝါဒက လှုံ့ဆော်နေတဲ့ စစ်တပ်
မြန်မာနိုင်ငံရဲ့ ခေတ်သစ် သမိုင်းကြောင်း ဆိုတာက အာဏာကို ဆာလောင်နေတဲ့ စစ်တပ်က ကိုယ့်ကိုယ်ကိုယ် ပြန်လှိုက်စား ဖျက်ဆီးရင်း အာဏာကို ဘယ်နည်းနဲ့မဆို ထိန်းချုပ်ထားဖို့ဆိုတဲ့ မူဝါဒတွေဆီ လိုက်ပါ ပြောင်းလဲနေတဲ့ အမှောင်ဖုံးတဲ့ မှတ်တမ်းတွေသာ ဖြစ်ပါတော့တယ်။ အဲဒီ အယူအဆဟာ လက်ရှိ ကာလမှာ ပိုလို့တောင် မှန်နေပါသေးတယ်။ တပ်ထဲကလူ တော်တော်များများက အာဏာ လက်လွှတ်လိုက်ရခြင်းဟာ သူတို့အတွက်ရော၊ စစ်တပ် တခုလုံးပါ ပျက်သုဉ်းသွားခြင်းလို့ လက်ခံ ယုံကြည်နေကြပါတယ်။
အဲဒီ စိတ်ခံစားချက်ရဲ့ တွန်းအားနဲ့အတူ အာဏာကို မက်မော ဆာလောင်နေတဲ့ ဗိုလ်ချုပ်တွေဟာ နိုင်ငံကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ကိုသာ ဦးစားပေးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဒါမှမဟုတ် တရားဥပ​ဒေ စိုးမိုးရေးတွေကို ကာကွယ်ဖို့၊ တည်ငြိမ် အေးချမ်းမှုနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို မြှင့်တင်ပေးဖို့ ဆိုတာတွေကို မစဉ်းစားနိုင်တော့ပါဘူး။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရော၊ ပြည်သူတွေရဲ့ ထိခိုက်မှုကိုပါ လုံးဝ ထည့်မတွက်ဘဲ ကိုယ်တိုင် ရပ်တည်မှုနဲ့ ကိုယ်ကျိုး စီးပွားကိုသာ ပဓာနထားတဲ့ မာဖီးယား ဂိုဏ်းခေါင်းဆောင်တွေဆန်ဆန် သဘောထား ရပ်တည်နေကြတာသာ ဖြစ်ပါတယ်။
သူတို့ ရှင်သန်ရပ်တည်နိုင်မယ်ဆိုရင် ဘာတွေ ဘယ်လောက်များများ စတေးရတဲ့ အောင်ပွဲမျိုးကိုမဆို စစ်ဗိုလ်ချုပ်တွေက ထွေးပွေ့ လက်ခံမှာ ဖြစ်ပါတယ်။ တရားဝင်တာတွေ၊ မဝင်တာတွေ၊ သွေးချောင်းစီးတာတွေကို ထည့်တွက်မှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ယဉ်ကျေးပြီး တိုးတက်တဲ့ လူ့အဖွဲ့အစည်းကနေ ကင်းကွာပြီး သူတို့ကိုယ်ပိုင် သီးခြား ဘဝမျိုးမှာ ရှင်သန်ချင်နေကြတာ ဖြစ်ပါတယ်။
သူတို့တွေက အဆိုးမြင်ဝါဒ၊ စိတ်ကြီးဝင်မှု၊ တယူသန် သဘောထား၊ အယုံအကြည်နည်းမှု၊ ရန်လိုမှု၊ ကိုယ်ကျိုးစီးပွားအတွက် သီးခြားရပ်တည်လိုမှုတွေကို အခြေခံတဲ့ မာဖီးယားဆန်ဆန် ခံယူချက် အတွေးအခေါ်မျိုးကို ထုဆစ် ပုံဖော်ခဲ့ကြတယ်။ ပြီးတော့ အတိုက်အခံ တော်လှန်ရေး အင်အားစုတွေကို သွေးခွဲတာ၊ ပြည်သူတွေ အကြီးအကျယ် ထိခိုက်နာကျင် ခံစားနေရတာမျိုးတွေ ရှိမှသာ နိုင်ငံကို ငြိမ်ဝပ်နေအောင် ဖိထိန်းထားနိုင်မယ်လို့ စစ်ဗိုလ်ချုပ်တွေ့ ယုံကြည်ထားကြတယ်။
ဒီအတွေးအခေါ်မျိုးကို ကိုင်ဆွဲထားတဲ့ အတွက်ကို စစ်တပ် အုပ်စိုးမှုအောက်မှာ တည်ငြိမ်အေးချမ်းမှု ဘယ်တော့မှ ရှိမလာတာက အံ့ဩစရာ မဟုတ်တော့ပါဘူး။ နောက်ပြီး မြန်မာ စစ်တပ်ဟာ လက်ရှိ တော်လှန်ရေးမှာ တိုက်ရိုက် ပါဝင်မနေတဲ့ သူတွေဆီကတောင် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချ ဝေဖန်တာတွေ ခံနေရတာပါ။ တကယ်လို့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု လမ်းကြောင်းအတွက် စဉ်းစားပေးချင်တယ် ဆိုရင် ပြည်သူတွေကို ဆုံးဖြတ်ပိုင်ခွင့် ဖန်တီးပေးသင့်ပါတယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့၊ အရည်အချင်း မပြည့်မီတဲ့၊ ကိုယ့်ပြည်သူတွေအပေါ် ၂ နှစ်လုံးလုံး ကြမ်းကြုတ်ရက်စက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်တပ်မျိုးက အနာဂတ် အစိုးရမှာ ပါဝင်သင့်သလား ဆိုတာက မေးခွန်းထုတ်ရမယ့် ကိစ္စကို မဟုတ်ပါဘူး။
▪အယူအဆမှားတွေကို အခြေခံတဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေ
နိုင်ငံတကာ အသိုက်အဝန်းက မူဝါဒ ချမှတ်သူ အများအပြားဟာ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံ ဥပဒေနဲ့ နိုင်ငံ အကျိုးစီးပွားကို အဓိကထားတဲ့ သူတို့ရဲ့ အစိုးရ မူ​ဝါဒဆိုင်ရာ အတွေ့အကြုံတွေနဲ့ ချိန်ထိုးထားတဲ့ သုံးမြှောင့် ဖန်တုံးကတဆင့် ရှုမြင်ကြည့်ပုံ ရပါတယ်။ စစ်တပ်က ဘယ်လောက် ကြမ်းကြုတ်ပြီး သွေးချောင်းစီး လုပ်ရပ်တွေ ကျူးလွန်နေပါစေ၊ နိုင်ငံတကာ အသိုက်အဝန်းက၊ အထူးသဖြင့် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေက မြန်မာ စစ်ခေါင်းဆောင်တွေကို အကျိုးသင့် အကြောင်းသင့် ရှင်းပြနိုင်မယ်လို့ မျှော်လင့်နေကြတုန်းပါပဲ။ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးမှာ ကျိုးကြောင်း ဆက်နွှယ်နိုင်တဲ့ ပါဝင် မောင်းနှင်သူတွေလို့ အကြီးအကျယ် မှားယွင်း ယူဆနေပါတယ်။ ပြီးတော့ သူတို့က မြန်မာနိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုးအတွက် ထည့်စဉ်းစားပါလိမ့်မယ်လို့လည်း အယူလွဲနေပြန်တယ်။
ပြောရမယ် ဆိုရင်တော့ မြန်မာ စစ်တပ်နဲ့ ပတ်သက်ရင် အယူအဆ လွဲမှားမှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ သူတို့ဟာ အစွန်းရောက် အမျိုးသားရေး ဝါဒစွဲ စစ်မက်လိုလားတဲ့၊ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်တဲ့ စစ်ပွဲတွေကြောင့် စိတ်ဂယောက်ဂယက် ဖြစ်နေတဲ့ ဂိုဏ်းဂဏ တခု ဖြစ်ပါတယ်။ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက ၂၀၁၀ ပြည့်နှစ် မတိုင်ခင် အုပ်စိုးခဲ့တဲ့ မြန်မာ စစ်အစိုးရကို ထုံအတဲ့၊ နားဝေးတဲ့ သူတွေလို့ သတ်မှတ်ပြီး စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရတာ လူသေတွေနဲ့ စကားပြောရသလိုကို လက်ဝင်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံဟာ သီးခြား ရပ်တည်နေပြီး ကမ္ဘာ့နိုင်ငံရေး ကဏ္ဍနဲ့ ပတ်သက်ရင်လည်း သိပ်ပြီး ပူပန်စရာ မရှိလောက်အောင် အလှမ်းဝေးနေတာကြောင့် နိုင်ငံတကာ အစိုးရတွေက မြန်မာနိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ ပတ်သက်လို့ ထိတွေ့ကိုင်တွယ်ရာမှာ အတွေ့အကြုံ သိပ်မရှိဘူး ဆိုတာက နားလည်နိုင်တဲ့ အခြေအနေမျိုးပါ။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အလုံပိတ်ထားတဲ့ စစ်ခေါင်းဆောင်တွေကို ဘေးမဲ့ပေးထားသလို ဖြစ်နေပါတယ်။
မြန်မာ စစ်တပ်အကြောင်း သေချာ နားမလည်တဲ့အခါ သူတို့နဲ့ ပတ်သက်လို့ ကောက်ချက် အမှားတွေ ဆွဲမိသလို အန္တရာယ် ရှိလောက်တဲ့ ကိစ္စတွေပါ လုပ်ကိုင်မိကုန်တော့တာပါပဲ။ ဒါတွေက မြန်မာ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်မှာ ပါဝင်နိုင်လိမ့်မယ်လို့ ကောင်းကောင်းမွန်မွန် ယုံကြည်တဲ့ အတွေးအမြင်ပေါ် အခြေခံပါတယ်။ အဲဒီ အတွေးအမြင်ကြောင့်ပဲ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဘုံသဘောတူညီမှု ၅ ချက် ဆိုတာကြီး ထွက်ပေါ်လာပြီး လက်တွေ့မှာတော့ ဘာဆိုဘာမှ အလုပ်မဖြစ်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်မှာ အဲဒီ ဘုံသဘောတူညီမှု ၅ ချက်ကို စစ်ကောင်စီက လက်ခံခဲ့ပေမယ့် ဖေဖော်ဝါရီလမှာတော့ အာဏာသိမ်း စစ်တပ်က မြန်မာနိုင်ငံ အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို တရားဝင် သတ်မှတ်ချက်လို့ မှတ်ယူ မထားကြောင်း ပြောကြားပြီး ကိုယ့်ရဲ့ တရားဝင်မှုကို ကိုယ်တိုင် စျေးချခဲ့တာက သိပ်တော့ မဆန်းတော့ပါဘူး။ သူတို့ရဲ့ အုပ်စိုးမှု ကာလကို အရေးပေါ် အသည်းအသန် သက်တမ်းတိုးလိုက်တာ၊ ရန်လို ကြမ်းကြုတ်မှုတွေကို မရပ်မနား ဆက်လက် ကျူးလွန်နေတာတွေ အားလုံးက ပြည်တွင်း အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးနဲ့ ဆက်နွှယ်သူ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ တွန်းအားပေးထားတဲ့ အာဆီယံရဲ့ အစီအမံတွေကို လှောင်ပြောင်နေသလိုပါပဲ။
▪တည်ငြိမ်အေးချမ်းမှုအတွက် လမ်းကြောင်း
မြန်မာနိုင်ငံမှာ ညှိနှိုင်းဆွေးနွေးမှု အလားအလာတွေ အထမြောက်လာရေး ချိန်ဆ စဉ်းစားဖို့ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းက ပါဝင် ဆောင်ရွက်သူတွေက စစ်ဗိုလ်ချုပ်တွေရဲ့ မာဖီးယားဆန်တဲ့ အတွေးအခေါ်ကို နားလည်ဖို့လိုပြီး သူတို့ဟာ အပေးအယူလုပ် ညှိနှိုင်းမှုရဲ့ တန်ဖိုးကို အသိအမှတ် မပြုတဲ့ လူရမ်းကား အစုအဖွဲ့ သက်သက်ဆိုတာ သဘောပေါက်ထားရပါမယ်။ လက်ရှိ အခြေအနေမှာဆိုရင် စစ်ဗိုလ်ချုပ်တွေက ညှိနှိုင်း ဆွေးနွေးဖို့အတွက် အဆုံးမဲ့ စစ်ပွဲကိုပဲ ရွေးမှာ သေချာပါတယ်။ စစ်ရေးအရ အောင်မြင်နိုင်စရာ အလားအလာ လုံးဝ မရှိတော့မှန်း မြင်လာတော့မှ သူတို့က ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ရောက်လာကြပါလိမ့်မယ်။
နောက်ပြီးတော့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း မြန်မာ စစ်တပ်ဟာ စစ်ရေးအရ ဘက်ညီလာပြီ ဆိုမှသာ စေ့စပ်ဆွေးနွေးလေ့ ရှိတယ်ဆိုတာကို မြင်ရပါလိမ့်မယ်။ ရက္ခိုင့်တပ်တော် (AA)ကို မြန်မာစစ်တပ်က ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့် မပေးဘဲ ပိတ်ပင်ခဲ့ဖူးခြင်းက ထင်ရှားတဲ့ ဥပမာ တခုပါ။ AAက သူတို့ရဲ့ စစ်အင်အားကို လက်တွေ့ ပြသပြီး ထိန်းချုပ်နယ်မြေတွေ ပိုင်ဆိုင်လာတဲ့ အခါကျမှ စစ်တပ်က အချိုးပြောင်းသွားတာ ဖြစ်ပါတယ်။ အာဏာသိမ်းမှု မတိုင်ခင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အတောအတွင်းမှာ စာရေးသူ အနေနဲ့ စစ်ဗိုလ်ချုပ် တယောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းငယ် တခုက ကိုယ်စားလှယ်တွေကို ရင့်ရင့်သီးသီး စိန်ခေါ်တာမျိုး ကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်။ အဲဒီ ဗိုလ်ချုပ်က သူနဲ့ တန်းညှိပြီး ဆွေးနွေးရအောင် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှာ ဘယ်လောက် အင်အားရှိလို့လဲဆိုပြီး မေးနေခဲ့တာပါ။ ၁၉၈၁ ခုနှစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့တာနဲ့ ပတ်သက်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ အကြီးအကဲဟောင်း ဘရန်ဆန်းက ပြန်ပြောင်း ပြောပြတဲ့အခါ အဲဒီတုန်းက KIA အနေနဲ့ အားနည်းတဲ့ အောက်စည်း အနေအထားမျိုး ရောက်နေခဲ့ပြီး တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းနိုင်မှသာ စစ်တပ်နဲ့ အောင်အောင်မြင်မြင် ဆွေးနွေးနိုင်မယ်မှန်း သဘောပေါက်လာခဲ့ကြောင်း မှတ်ချက်ပေးဖူးပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်မှုတွေကို ဆယ်စုနှစ်တွေနဲ့ချီ ခါးစည်းခံခဲ့ရတဲ့ လူနည်းစု တိုင်းရင်းသား အသိုက်အဝန်းတွေသာ မကဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ လက်မှာ အကြီးအကျယ် ထိခိုက် နစ်နာခဲ့ရတဲ့ မြန်မာ ပြည်သူ တရပ်လုံးကလည်း စစ်တပ်ဟာ စစ်ရေးအရ နိုင်ခြေမရှိတော့ဘူး ဆိုတာ သေချာမှ စေ့စပ်ဆွေးနွေးမှုတွေမှာ ပါဝင်လာမယ်မှန်း နားလည်လာကြပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုက ကိုယ်တိုင် လက်နက်ကိုင်ပြီး စစ်အာဏာရှင်ကို တော်လှန်ရတဲ့ လမ်းကြောင်းကို ရွေးဖို့ နာနာကျင်ကျင် ဆုံးဖြတ်ခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီ အခြေခံ သဘောတရားတွေကို လက်မခံသေးသ၍တော့ နိုင်ငံတကာ အသိုက်အဝန်းဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလို့ နာမည်ခံထားတဲ့ အာဏာသိမ်း စစ်တပ် အုပ်စိုးမှုကို ဆက်လက် ထောက်ခံပြီး စေ့စပ် ဆွေးနွေးနေဦးမှာပါပဲ။ အဲဒီ အတွက်လည်း စစ်ဗိုလ်ချုပ်တွေက မြန်မာ ပြည်သူတွေက နိုင်ငံကို ကယ်တင်ဖို့ အားထုတ် ကြိုးပမ်းနေမှုတွေကို ချိုးနှိမ်​ပြီး သူတို့ အနိုင်ရလိမ့်မယ်ဆိုတဲ့ ထင်ယောင်ထင်မှား ယုံကြည်မှုတွေကို ပိုမို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်စေပါလိမ့်မယ်။ စစ်တပ်ကို အားပေး ထောက်ခံရာရောက်တဲ့ အားထုတ် ကြိုးပမ်းမှုတိုင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေကို သက်ဆိုးရှည်နေစေမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကို အားကောင်းအောင် ထောက်ပံ့ခြင်းကသာ စေ့စပ်ဆွေးနွေးမှု ရလဒ်တွေ ထွက်ပေါ်ဖို့ ပိုနီးစပ်စေပါလိမ့်မယ်။
အစိုးရထဲမှာ အဲဒီ စစ်ဗိုလ်ချုပ်တွေ ကန့်လန့်ကန့်လန့် ဝင်ရှုပ်နေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုဆီ ဦးတည်မယ့် လမ်းကြောင်းမျိုး ရှိမလာနိုင်ပါဘူး။ ပြည်သူ တရပ်လုံးကလည်း သူတို့ကို စက်ဆုပ် ရွံရှာနေပါပြီ။ သူတို့လက်ထဲမှာ အာဏာရှိနေသ၍ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေထဲမှာ ဆက်လက် နစ်မွန်းနေမှာ ဖြစ်ပါတယ်။
(United States Institute of Peaceတွင် ဦးရဲမျိုးဟိန်း ရေးသားထားသည့် Myanmar’s Criminal Junta Will Do Anything to Consolidate Power ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)
Photo – AFP/ Getty Images