မင်းအောင်လှိုင်ကို ရာထူးက ဖယ်ရှားဖို့ဘာကြောင့် တောင်းဆိုကြတာလဲ

ဇန်နဝါရီ၊ ၁၈

စစ်ရေးအရေးနိမ့်မှုတွေ ဆက်တိုက်ကြုံလာရတဲ့ မြန်မာစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(တပ်ချုပ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်နေရာကနေ ဖယ်ပေးဖို့ တပ်ထောက်ခံသူတချို့က ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုလာကြပါတယ်။

၁၃ နှစ်ခန့်အကြာ ရယူထားတဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်းဖြစ်သူ မင်းအောင်လှိုင်ကို တပ်ချုပ်နေရာကနေ ဖယ်ပေးပြီး သူ့နေရာမှာအပတ်စဉ် ၂၂ ဆင်း ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို အစားထိုးခန့်အပ်ပေးဖို့ တောင်းဆိုလာကြတာပါ။

အာဏာသိမ်းခေါင်းဆောင်ကို ရာထူးက ဖယ်ပေးဖို့ ဆိုရှယ်မီဒီယာတွေမှာ အငြိမ်းစားတပ်အရာရှိကြီးတချို့နဲ့ တပ်ထောက်ခံသူတွေအကြား ရေးသားပြောဆိုမှုတွေရှိပေမဲ့ အခုလို လူသိရှင်ကြားပြောဆိုမှုကတော့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်တဦးက စေတီတဆူကို တူနဲ့ ထုရိုက်ဖျက်ဆီးတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတခုမှာ မဘသ ဘုန်းကြီး ပေါက်ကိုယ်တော် အရှင်အရိယဝံသ အခုလို တောင်းဆိုခဲ့တာပါ။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုချုပ်ကြီးကို ပေးလိုက်။ အရပ်ဘက်နဲ့ အင်မတန်မှ ကိုက်ညီတဲ့ ဝန်ကြီးချုပ်ရာထူးကို ဘုရားဒကာကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးလိုက်”လို့ ပေါက်ကိုယ်တော်က ဆန္ဒပြပွဲမှာ စင်ပေါ်ကနေ ပြောပါတယ်။

အရပ်ဘက်၊ စစ်ဘက်နှစ်ခုစလုံးကို တာဝန်ယူထားရလို့ ပင်ပန်းနေတဲ့အပြင် ရွှင်ရွှင်ပျပျ မျက်နှာထားရှိလို့ စစ်ဘက်ရာထူးကို စွန့်လွှတ်ပြီး အရပ်ဘက်မှာပဲ တာဝန်ယူဖို့ ပြောပါတယ်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အရပ်ဘက်နဲ့ဆို အရမ်းလိုက်ဖက်တာပဲ။ အရမ်းလည်းကြည့်လို့ကောင်းမှာ” လို့လည်း မဘသဘုန်းကြီး ပေါက်ကိုယ်တော်က ပြောပါတယ်။

တပ်ချုပ်ရာထူး ရယူစေလိုတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ မျက်နှာအနေအထား၊ လုပ်ပုံကိုင်ပုံတွေကအစ စစ်သားတယောက်ရဲ့ ပုံစံဖြစ်ကြောင်းလည်း ပေါက်ကိုယ်တော်က ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တထောင်ဝန်းကျင်ရှိ တပ်ထောက်ခံသူတွေကတော့ ပေါက်ကိုယ်တော်ရဲ့ ပြောဆိုမှုကို လက်ခံကြောင်း စင်အောက်ကနေ တပြိုင်တည်း တုံ့ပြန်ခဲ့ကြပါတယ်။

အခုလို ပြောဆိုမှုဟာ သူတို့ဆန္ဒကို ပြောတာလား၊ ဒါမှမဟုတ် နောက်ကွယ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖြုတ်ချလိုသူတွေရှိလို့ ဒါမှမဟုတ် လာမယ့်ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းသက်တမ်းသုံးနှစ်မြောက်မှာ အပြောင်းအလဲတခုလုပ်ချင်လို့ ပြောတာဆိုပြီး သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံးများမှုက အခုလို တပ်ချုပ်ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့အထိ ဖြစ်လာစေတဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရေးတာဝန်ယူနိုင်တဲ့ အရည်အချင်းမရှိလို့ တပ်က နှုတ်ထွက်ပြီး ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေရာယူဖို့၊ အဲလိုအမြင်မျိုး တပ်ထဲမှာဖြစ်နေတာက ကြာပါပြီ။အခုတော့ တရားဝင်ထုတ်ပြောလိုက်တာပေါ့” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်ချုပ်ရာထူးကနေ အနားယူပြီးနောက် ၂၀၁၁ ခုနှစ်၊ မတ်လကတည်းက တပ်ချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်မှာတော့ တပ်ချုပ် ရာထူးကို မစွန့်လွှတ်တဲ့အပြင် နိုင်ငံတော် ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဌ ရာထူးတွေကိုပါ ယူထားသူဖြစ်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းကာလ သုံးနှစ်ပြည့်ခါနီးတဲ့အထိ တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးတဲ့အပြင် ရှမ်းမြောက်က မြို့ပေါင်း ၁၇ မြို့အပါအဝင် နိုင်ငံတဝှမ်း မြို့ပေါင်း နှစ်ဆယ်ကျော်ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်း အကြီးအသေး ငါးရာကျော်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို တိုက်ပွဲအတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေပစ်ချခံရတာ၊ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ထိပ်တန်း စစ်တပ်အရာရှိတွေ ဖမ်းဆီးခံရတဲ့ အခြေအနေအထိ ရှိလာနေပါတယ်။

CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်တပ်အသိုင်းအဝိုင်းမှာရော စစ်တပ်ထောက်ခံသူတွေကြားမှာပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးနဲ့ ကိုက်ညီတဲ့ အရည်အချင်း မရှိဘူးဆိုပြီးမြင်လာကြလို့ အခုလို တောင်းဆိုတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“အရည်အချင်းမရှိတာ တကယ်လည်းဟုတ်တယ်။ တပ်ချုပ်ဖြစ်တာတော့ သူ့ဆရာတွေက ခန့်တာပေါ့။ အာဏာကောက်သိမ်းပြီးတော့ နိုင်ငံကိုအုပ်ချုပ်မယ်ဆိုပြီးလုပ်လိုက်တာ၊ ကိုယ့်ကိုယ်ကို ယ်ယုံကြည်မှုလွန်ကဲပြီးလုပ်လိုက်လို့ တိုင်းပြည်လည်းပျက်၊ သူတို့လက်ကိုင်တုတ် စစ်တပ်ပါ ပျက်တဲ့အဆင့်ထိရောက်သွားတာပေါ့” လို့ CDM တပ်ကြပ်ကြီး ဇေယျက DNA ကို ပြောပါတယ်။

ဒါ့အပြင် အာဏာစသိမ်းချိန်ကတည်း အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အယုံအကြည် မရှိခဲ့ကြဘူးလို့လည်း CDM တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။

“စစ်တပ်နဲ့ ပေါင်းလို့ အကျိုးစီးပွားဖြစ်တဲ့ လူတန်းစားတရပ်ကတော့ မြှောက်ပေးတာပေါ့ သူတို့ခေတ်ရောက်ပြီဆိုပြီး။အဲလိုထောက်ခံထားတဲ့လူတွေတောင်မှ ဒီကောင်ဆက်လုပ်နေရင်တော့ ငါတို့အကျိုးစီးပွားတွေလည်း ပျက်ရချည်ရဲ့ဆိုပြီး Mindset(စိတ်ထား) အခုမှ သူတို့မှာ ဝင်လာတာ၊ အငြိမ်းစားယူထားတဲ့လူတွေလည်းပါတယ်။ ဒီလူတန်းစားတွေက စစ်တပ်တော့ အပျက်မခံနိုင်ဘူး။ ကစားကွက်တကွက်လုပ်ပြီးတော့ ဖန်တီးနေတာလည်း ဖြစ်နိုင်တယ်”လို့ သူက ဆက်ပြောပါတယ်။

အရေးပေါ်ကာလသက်တမ်းတိုးတာ လေးကြိမ်ရှိပြီဖြစ်တဲ့ စစ်ကောင်စီကတော့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ အရေးပေါ်ကာလသက်တမ်းကုန်ဆုံးမှာဖြစ်လို့ အဲဒီနေ့မတိုင်ခင် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလသက်တမ်းထပ်တိုးတာ၊ ဒါမမဟုတ် တခြားအပြောင်းအလဲတခုလုပ်တာမျိုး လုပ်လာနိုင်ပါတယ်။

CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်ကောင်စီတပ်ရဲ့ အခြေအနေ ဒီထက်ပိုဆိုးလာပါက စစ်ခေါင်းဆောင်နေရာ အပြောင်းအလဲရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

“စီစဉ်ထားတဲ့ နိုင်ငံရေးကစားကွက်ကြီးဆိုရင်တော့ သူအသာတကြည်ဖယ်ပေးလိမ့်မယ်။ စီစဉ်ထားတာမဟုတ်ဘူး။ မင်းအောင်လှိုင်က သူ့ဟာဖယ်မပေးချင်ဘူးဆိုရင်တော့ ပြဿနာတွေ ဖြစ်လိမ့်မယ်။ ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ၊ သူ့လူငါ့လူထိ ဖြစ်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။

အငြိမ်းစားတပ်အရာရှိကြီးတချို့ကတော့ ဒုတပ်ချုပ် စိုးဝင်းသာ တပ်ချုပ်ဖြစ်လာရင် လက်ရှိစစ်ရေးအခြေအနေတွေကို လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထက်ပိုပြီး ကိုင်တွယ်နိုင်မယ် လို့ ယူဆကြတာလည်းရှိပါတယ်။

‘’ဒုချုပ်(စိုးဝင်း)ကတော့ စစ်ရေးအရပိုပိုင်နိုင်မယ်ထင်တယ်။ စစ်ဗျူဟာပိုကျွမ်းကျင်မယ်လို့ ကျနော်အပါအဝင် အများကယူဆကြတယ်’’ လို့ အသက် ၄၅ နှစ်အရွယ် အငြိမ်းစားတပ်ရင်းမှူးတဦးက ပြောပါတယ်။

မြန်မာစစ်တပ်သမိုင်းမှာ ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ကို အဲဒီတုန်းက ဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ပြီး ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ ရာထူးက ဖယ်ရှားခဲ့တဲ့ အစဉ်အလာလည်းရှိပါတယ်။

ဒါပေမယ့် လက်ရှိ စစ်တပ်ဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတော့ တပ်ချုပ်မင်းအောင်လှိုင်ကို ကျော်ပြီး အာဏာသိမ်းမယ့်သူမဟုတ်တဲ့အကြောင်း ၂၀၂၂ ခုနှစ်၊သြဂုတ်လ ၁၉ ရက်က ဧရာဝတီသတင်းဌာန(မြန်မာပိုင်း)မှာ CDM ဗိုလ်ကြီးဟောင်းညီသုတက ပြောဆိုထားပါတယ်။

တိုက်ပွဲတွေဆက်တိုက်ရှုံးနေတဲ့မြန်မာစစ်တပ်ဟာ စစ်ခေါင်းဆောင်နေရာ အပြောင်းအလဲလုပ်လည်း လက်ရှိစစ်ကောင်စီတပ်ရဲ့ အခြေအနေ တိုးတက်မှုရှိလာမှာမဟုတ်ဘူးလို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

“အစားထိုးလည်း အခုဖြစ်နေတဲ့ စစ်တပ်ရဲ့ ပြိုကွဲမှုကို တားဆီးကာကွယ်နိုင်မယ့် အနေအထားမရှိဘူး။ လက်နက်ချမှုတွေ၊ လက်နက်ပစ္စည်းကိရိယာအမြောက်အမြားဆုံးရှုံးမှုတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တယောက်တည်းကြောင့်မဟုတ်ဘူး” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။