မူဆယ်မှာ မိုင်းထိလို့ တပတ်အတွင်းအရပ်သားသုံးဦး ကိုယ်အင်္ဂါဆုံးရှုံး

ဇန်နဝါရီ ၊ ၁၈

ရှမ်းပြည်နယ်​မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တပတ်အတွင်း အရပ်သားသုံးဦးမြေမြှုပ်မိုင်းကြောင့် ပြင်းထန်ဒဏ် ရာရခဲ့ကြပြီး သုံးဦးလုံး ဖြေတဖက်စီဖြတ်တောက်လိုက်ရတာကြောင့် ဆေးကုသဖို့ အကူအညီလိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 ​“သူတို့က သာမန်ပြည်သူ တောင်သူလယ်သမား​တွေ၊ခပ်ဆင်ဆင်​တွေပါပဲနင်းမိတာက၊  ဒီအလုပ်ခွင်သွားတဲ့ချိန် ပေါ့၊တချိုဆိုရင် ​တောင်ယာ​တွေလုပ်ကြတယ်၊လယ်လုပ်ကြတယ်။ တချို့ကျ​တော့ မီး​သွေး​တွေ စိုက်ပျိုး​ရေး​တွေ လုပ်ကြတယ် စသဖြင့် လုပ်ငန်းခွင်သွား​နေတဲ့ချိန်မှာဖြစ်သွားတာ” လို့  သူကပြောပါတယ်။

 မူဆယ်မြို့နယ် စွမ်းစော်ကျေးရွာအုပ်စုအတွင်းနေထိုင်တဲ့ အသက်(၅၄) နှစ်အရွယ် ဦးစိုင်းဆမ်ခေါင်ဟာ ဇန်နဝါ ရီလ ၁၁ရက် ညနေ လေးနာရီကျော်က ရွာအနီးမှာ ထင်းခုတ်ဖို့သွားချိန် မိုင်းနင်းမိပြီး ညာဘက်ခြေ ထောက်ပြင်း ထန်ဒဏ်ရာရခဲ့ပါတယ်။

 ဦးစိုင်းဆမ်​ခေါင်ဟာ ​မွေးရာပါ စကားမ​ပြောတတ်သူဖြစ်ပြီး မိုင်းနင်းမိတာကြောင့် ညာဘက်ခြေထောက်ကို ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရတယ်လို့ ညီမဖြစ်သူပြောပြချက်ကိုကိုးကားပြီး တအာင်းအမျိုးသမီး အဖွဲ့ အစည်းကထုတ်ပြန်ထားပါတယ်။

 ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်မှာလည်း မန်မိုင်ကျေးရွာက အသက် (၄၂) နှစ်အရွယ် ဦးစိုင်းခွန်ရီအောင်ဟာ မန်မိုင်ရွာ ဆုတောင်းကုန်းပေါ်ကို ထင်းခုတ်ဖို့သွား​နေချိန် မြေမြှုပ်နင်းမိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်တာကြောင့် ခြေတဖက်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

 အဲ့ဒီနေရာဟာ စစ်တပ်စခန်းလည်းမရှိတာကြာင့် မိုင်းရှိမယ်လို့လည်းမထင်ဘူးလို့ ဦးစိုင်းခွန်ရီအောင်က ဆိုပါ တယ်။ ဦးစိုင်းခွန်ရီအောင်ဟာ မိသားစုမရှိ တကိုယ်တည်းသမားဖြစ်သလိုလက်လုပ်လက်စားတဦးလည်းဖြစ် တာ ကြောင့် လက်ရှိမှာ ဆေးဝါးကုသဖို့၊ခြေတုတပ်ဖို့အပြင် စားဝတ်နေရေးအတွက်ပါ အဆင်မပြေဖြစ်နေတယ်လို့ သူ့ ကိုကူညီပေးနေတဲ့ မူဆယ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကဆိုပါတယ်။

 “သူကတယောက်တည်းဆိုတော့ နဂိုကမှလည်း ရှိတဲ့အလုပ်လေးလိုက်ရှာလုပ်နေရတာ ခုပိုဆိုးသွားပြီပေါ့။ အခုက အလှူငွေကရတော့ရနေပေမယ့်ကျွန်တော်တို့ကချိန်နေရတာပေါ့နော် ခြေထောက်တုကတော့ ခြောက်လနေမှ တပ်ရမယ်ဆိုပေမယ့် ဒီခြောက်လအတွင်းမှာ သူနေဖို့စားဖို့ကျွန်တော်တို့ကတော့ ဖန်တီးပေးရမှာပေါ့” လို့ သူက ရှင်းပြပါတယ်။

 လက်ရှိမှာတော့ လာရောက်ကူညီသူတချို့ရှိပြီး ဦးစိုင်းခွန်ရီအောင် ရဲ့အလုပ်ရှင်ကလည်း နေစရာနဲ့ အစားအ သောက်တွေ ကူညီပေးထားတယ်လို့ သိရပါတယ်။

 အလားတူ မူဆယ်မြို့နယ်ဝိန်းနန်းတံတားဘက်မှာရှိတဲ့ နတ်စဉ်နားမှာ နှီးထိုးဖို့ ဝါးသွားရှာတဲ့ အသက် (၄၄) အရွယ် ဦးစိုင်းထွန်းမြင့်ဆိုသူဟာလည်း ဇန်နဝါရီ ၁၅ ရက် ညနေသုံးနာရီလောက်က မိုင်းနင်းမိလို့ ဘယ်ဘက်ခြေ တဖက် ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။

 မိုင်းနင်းမိတဲ့ ရှမ်းအမျိုးသားသုံးဦးဟာ သာမန်လူတန်းစာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတွေ နဲ့ လက်လုပ်လက် စားသမားဖြစ်ပြီး စီးပွားရေးအဆင်မပြေသူတွေဖြစတယ်လို့သိရပါတယ်။

 “အခက်ခဲ​တွေ​တော့အများကြီးရှိတာ​ပေါ့​နော် တဖက်မှာလည်းစားဝတ်နေ​ရေး ဒီလိုဒဏ်ရာရသွားတဲ့ခါကျ​တော့ စားဝတ်​နေ​ရေးတွက်လစ်ဟသွားတာမျိုး​ရှိတာ​ပေါ့၊တဖက်မှာလည်း​ဆေးကုသစရိတ်​တွေလိုအပ်​နေတယ်၊ဒါ​ကြောင့် မိုင်းထိတဲ့လူနာ​တွေကို ကူညီ​ပေးတဲ့အဖွဲ့စည်း​တွေရှိရင်လည်းကူညီပြီးချိတ်ဆက်​ပေး​စေချင်ပါတယ်” လို့  တအာင်း အမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူ(TWO) က DNA ကိုပြောပါတယ်။

 ၁၉၉၇ ခုနှစ် နိုင်ငံတကာ မြေမြှုပ်မိုင်းအသုံးပြုခြင်းတားဆီးပိတ်ပင်ရေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ထိုး မထားတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းအသုံးပြုမှုအဆပေါင်းများစွာ တိုးလာတယ်လို့ နိုင်ငံ တကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။

 မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ဝဦးနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ပထမခြောက်လအတွင်း ၅၅၆ ဦးအထိရှိလာကာထိခိုက်သေဆုံးသူတွေထဲက သုံးပုံတပုံဟာ ကလေးသူ ငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF) က ထုတ်ပြန်ထား ပါ တယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းတာဝန်ရှိသူအမျိုးသမီးကတော့ လက်ရှိမှာ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ တိုက်ပွဲဖြစ်ရာဧရိယာတွေအပြင် တိုက်ပွဲဧရိယာမဟုတ်တဲ့ နေရာတွေမှာတောင် မိုင်းထောင်တာတွေ လုပ်နေကြတာတွေ့ရတယ်လို့ ဆိုပါတယ်။

 “အကယ်လို့များလိုအပ်ချက်အရစစ်​ရေးလိုအပ်ချက်အရ၊မိုင်းအသုံးပြုတာမျိုး​တွေ မိုင်း​ထောင်တာမျိုး​တွေ လုပ်ခဲ့ သည်ရှိ​သော် ပြန်လည်ရှင်းလင်းဖို့လိုအပ်တယ်၊ပြည်သူလူထု​တွေကိုလည်း​သေ​သေချာချာမှာ​ပေးဖို့လိုအပ်တယ်​ပေါ့​နော် ဘယ်​ဒေသ ဘယ်ဧရိယာမှာဆိုသွားလို့မရဘူး မှာဖို့လိုအပ်သလို ပြီးသွားရင်လည်း ​သေချာပြန်ရှင်းလင်းဖို့ လိုအပ်တယ်​ပေါ့​နော် အ​ကောင်းဆုံးက​တော့ ပြည်သူ​တွေရဲ့ လုပ်ငန်းခွင်သွားတဲ့ဧရိယာ​တွေမှာ မလုပ်တာကအ​ကောင်းဆုံးပဲ” လို့သူကထောက်ပြပါတယ်။