ရေစကြို စခန်းသိမ်းတိုက်‌ပွဲ စစ်ကောင်စီတပ်စစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရ

ဇန်နဝါရီ ၊ ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ အထွေထွေအုပ်ချုပ်ရေး ရုံးနဲ့ငြိမ်းဇာနည်တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က ဇန်နဝါရီ ၁၇ ရက်မှာ  စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်တွေက အဲဒီ စခန်းကို မနက် ၆ နာရီဝန်းကျင်မှာသွားရောက်တိုက်ခိုက်ခဲပြီး ၂ နာရီကျော်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က စစ်ကူရောက်လာခဲ့တာကြောင့် မနက်၈နာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။

“စခန်းသိမ်းနိုင်တော့မယ့် အနေအထားတခုမှာ သူတို့ဘက်က နောက်ကစစ်အင်အားက ပြန်ပြီးတော့ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ကျွန်တော်တို့အ‌ရေးပေါ်ပြန်ဆုတ်ခွာခဲ့ရတဲ့အနေအထားပါ” လို့ မြင်းခြံကျားနက်( Myingyan Black Tiger- MBT)တာဝန်ခံ ဗိုလ်မိုက်ခဲကပြောပါတယ်။

အဲ့ဒီ ငြိမ်းဇာနည်တပ်စခန်းဟာ ဘန်ကာတွေနဲ့ အခိုင်မာဆောက်လုပ်ထားတဲ့ တပ်စခန်းတခုဖြစ်ပေမဲ့  ကာကွယ်ရေးတပ်တွေအနေနဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ သိရပါတယ်။

 တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့  လည်း အဲဒီတာဝန်ခံက ဆိုပါတယ်။

 “စကစအကျဆုံးကို မျက်မြင်နဲ့ရော၊ ဖရဲသီးနဲ့ပါတဆင့် အတည်ပြုခဲ့တာပါ။ ကျွန်တော်တို့ဘက်ကထိတဲ့သူတွေက စိုးရိမ်စရာတော့မရှိဘူး။ တယောက်ကတော့နည်းနည်းလေးတော့များတယ်ဗျ”လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ DNAအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီလုံခြုံရေးတွေက  လမ်းတွေပိတ်ဆို့ကာ ဒေသခံတွေကို စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်ကလည်း ရေစကြို ဒေသခံ သုံးဆယ်ကျော် ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ရေစကြိုပကဖက တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတဦးသေဆုံးခဲ့သလို ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။