ထိုင်းမှာ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲပြီး လူနှစ်ဒါဇင်နီးပါး သေဆုံး

ဇန်နဝါရီ ၊ ၁၈

ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ မီးရှူးမီးပန်း စက်ရုံတခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 ဇန်နဝါရီ ၁၇ ရက်နေ့က ဆူဖန်ဘူရီ ပြည်နယ်ထဲမှာရှိတဲ့ ဆာခါခေါင် မြို့နယ်ထဲမှာ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

 အခင်းဖြစ်ပြီး မှတ်တမ်း ဓာတ်ပုံတွေအရ နေရာတိုင်းမှာ အပျက်အစီးတွေ ပြန့်ကြဲနေပြီး မီးလောင်ပြင် နေရာမှာ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ရပါတယ်။ စက်ရုံ အဆောက်အအုံကတော့ အကောင်းအတိုင်း မကျန်တော့လောက်အောင် ပျက်စီးနေပါတယ်။

 လက်ရှိ အချိန်ထိ အသေအပျောက် ၂၃ ဦးထိ အတည်ပြုထားနိုင်ပြီး ဒီထက်လည်း မြင့်တက်လာနိုင်ခြေတွေ ရှိတယ်လို့ ဆူဖန်ဘူရီ ပြည်နယ် အုပ်ချုပ်ရေးမှူး နတ်တာပတ် ဆူဝမ်ပရာတိက ပြောပါတယ်။

 မီးရှူးမီးပန်း စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ စက်ရုံဟာ သတ်မှတ်ထားတဲ့ ခွင့်ပြုမိန့် လိုင်စင်တွေနဲ့အညီ လုပ်ငန်း လည်ပတ်နေတာလို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

 ကယ်ဆယ်ရေး အဖွဲ့တွေဟာ နောက်တနေ့ထိ အပျက်အစီးတွေကြားမှာ ရုပ်အလောင်းတွေ ကြွင်းကျန်နေသေးသလား ဆိုတာကို ဖြန့်ကျက် ရှာဖွေနေပါတယ်။ အဲဒီ စက်ရုံဟာ ပုံမှန်ဆိုရင် နေ့တိုင်း ဝန်ထမ်း ၂၀ နဲ့ ၃၀ ကြားလောက် အလုပ်လုပ်နေလေ့ ရှိတယ်လို့လည်း သိရပါတယ်။

 ထိုင်းမှာတော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှိနေတဲ့ စက်ရုံတွေမှာ မီးလောင်တာတွေ၊ ပေါက်ကွဲတာတွေက ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေ မဟုတ်တော့ပါဘူး။ မနှစ်တုန်းကလည်း နိုင်ငံ တောင်ပိုင်း၊ နာရာသီဝပ် ပြည်နယ်ထဲမှာရှိတဲ့ မီးရှူးမီးပန်း စက်ရုံတခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ စက်ရုံရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဂဟေဆော်ရာကနေ မီးကူးစက်ရာက ဆိုးရွားတဲ့ အခြေအနေတွေ အစပြုခဲ့တာပါ။

 မနှစ်တုန်းကပဲ မြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်မှာလည်း မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲရာက ၁၁ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။

Ref: CNA