ဟိုသီ သူပုန်တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမေရိကန် ပြန်လည် သတ်မှတ်

ဇန်နဝါရီ ၊ ၁၈

ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် အမေရိကန်က ပြန်လည် သတ်မှတ် ကြေညာလိုက်ပါတယ်။

 အီရန် အစိုးရရဲ့ အားပေး ထောက်ခံမှုကို ရရှိထားတဲ့ ဟိုသီတွေကို အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်တုန်းက အကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက အဲဒီ သတ်မှတ်ချက်ကနေ ပြန်လည် ဖယ်ရှားပေးခဲ့ပြီး ဖြစ်ပါတယ်။

 နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရကို တော်လှန်ပြီး မြို့တော် ဆာနား အပါအဝင် ကျယ်ပြောတဲ့ ဒေသတွေကို ထိန်းချုပ် သိမ်းပိုက်ထားတဲ့ ဟိုသီတွေဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ စစ်ပွဲ စတင်လာချိန် ကတည်းက အေဒန် ပင်လယ်ကွေ့နဲ့ ပင်လယ်နီ ရေပြင်မှာ ခုတ်မောင်းသွားလာနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ စီးနင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။

 သူတို့ရဲ့ ပစ်မှတ်ဟာ အစ္စရေးနဲ့ အစ္စရေးကို ထောက်ခံတဲ့ နိုင်ငံတွေရဲ့ ရေယာဉ်တွေသာ ဖြစ်တယ်လို့ ဟိုသီတွေက ပြောပေမယ့် အပြည့်အဝ မှန်ကန်မှု မရှိသလို အရှေ့အလယ်ပိုင်းဒေသ အရပ်ဖက် ကုန်သွယ်ရေကြောင်း ကဏ္ဍတခုလုံးကို ကြီးကြီးမားမား ခြိမ်းခြောက်လာပါတယ်။

 အမေရိကန်နဲ့ ဗြိတိန်တို့က ဒီအခြေအနေကို လက်တုံ့ပြန်တဲ့ အနေနဲ့ ယီမင် ပိုင်နက်ထဲက ဟိုသီ စစ်ရေး ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့တဲ့နောက် ဟိုသီတွေက အမေရိကန် စစ်သင်္ဘော တစီးနဲ့ အရပ်ဖက် ရေယာဉ်တွေကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

 ဇန်နဝါရီ ၁၇ ရက်မှတော့ အမေရိကန် အစိုးရက ဟိုသီတွေကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တခုအဖြစ် ပြန်လည် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အမေရိကန်ဟာ ဟိုသီတွေရဲ့ ပစ်မှတ်တွေနဲ့ စစ်ဦးစီးတွေကို တိုက်ခိုက်ဖို့ လုပ်ထုံးလုပ်နည်းတွေ ပိုပြီး လွတ်လပ်လာတော့မှာ ဖြစ်ပါတယ်။

 အမေရိကန်က ဟိုသီတွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ချက်ဟာ ရက်ပေါင်း ၃၀ စောင့်ကြည့် ကာလ ကြာမြင့်မှာဖြစ်ပြီး အဲဒီအတွင်း နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာနဲ့ သတ်မှတ်ချက်ဟာ ချက်ချင်း အသက်ဝင်မယ်လို့ သတိပေးခဲ့ပါတယ်။ နာရီပိုင်း အကြာမှာပဲ ဟိုသီတွေက အေဒန် ပင်လယ်ကွေ့မှာ ခုတ်မောင်းနေတဲ့ အမေရိကန် ကုန်တင်သင်္ဘော တစီးကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

 ဟိုသီ ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အက်ဒူဆာလမ်က အမေရိကန်ရဲ့ သဘောထားနဲ့ ကြေညာချက်တွေဟာ ဒေသတွင်းမှာ ဖြတ်သန်းနေတဲ့ အစ္စရေး ရေယာဉ်တွေ၊ အစ္စရေးဆီ ဦးတည် ခုတ်မောင်းတဲ့ ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ တုံ့ပြန်ထားပါတယ်။

 အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ ပဋိပက္ခတွေကို ကျယ်ပြန့်မလာအောင် တားဆီးဖို့ ကြိုးစားနေပေမယ့် ဟိုသီတွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရတဲ့ အခြေအနေမျိုးက တင်းမာမှုတွေကို ပိုမို ဆိုးရွားသွားစေနိုင်ကြောင်း သုံးသပ်ထားပါတယ်။

 Ref: Al Jazeera