မူဆယ်မှာ တနှစ်သက်တမ်းရှိ နယ်စပ်သွားလာခွင့်စာအုပ်အနီ ပြန်ထုတ်ပေး

ဇန်နဝါရီ ၊ ၁၈

သက်တမ်း တနှစ်ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်သွားလာခွင့်လက်မှတ်(စာအုပ်အနီ)တွေကို မူဆယ်မြို့မှာ ဇန်နဝါရီ ၁၇ ရက်၊ မနေ့ကစပြီး ပြန်လည်ထုတ်ပေးနေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။

“အားသာချက်အများကြီးရှိသွားတာပေါ့။ သူက တံဆိပ်တုံးထုပြီး နေ့တိုင်းအဝင်အထွက်လုပ်လို့ရတယ်။ သက်တမ်းလည်း တနှစ်ရှိတယ်။တရုတ်ဘက်ရောက်ရင်လည်း နေထိုင်ခွင့်လုပ်ပြီး အလုပ်လုပ်ရလွယ်တယ်” လို့ မူဆယ်မြို့ခံတဦးက DNA ကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယာယီရပ်ဆိုင်းထားတဲ့ စာအုပ်အနီလုပ်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းမှာ ပြန်ခွင့်ပြုပေးခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ပြန်လည်ရပ်နားထားခဲ့ပါတယ်။

လက်ရှိမှာတော့ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ် အိမ်ထောင်စုစာရင်း ရှိသူတွေသာ စာအုပ်အနီလုပ်ခွင့်ရနေပြီး ကုန်ကျစရိတ်အနေနဲ့ ကျပ် တသောင်းခွဲဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

“အလိမ်အညာတွေလည်း ပေါ်လာတော့မှာ။ အရင်ကဆို မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စုထဲမရှိတဲ့လူတွေကို ပိုက်ဆံ သိန်း သုံး၊ လေးဆယ်ယူပြီး ရအောင်လုပ်ပေးမယ်ဆိုပြီး လိမ်သွားတာတွေရှိတယ်” လို့လည်း အထက်ပါ မူဆယ်မြို့ခံက ပြောပါတယ်။

လက်ရှိမှာတော့ နယ်စပ်ဂိတ်ပေါက်တခုဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ စာအုပ်အနီလုပ်ပေးနေပြီး စာအုပ်အနီလုပ်ဖို့အတွက် ပတ်စ်ပို့ ဓာတ်ပုံ၊ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ၊ အိမ်ထောင်စုမိတ္တူ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီစာအုပ်အနီကိုင်ဆောင်သူတွေဟာ တရုတ်ဘက်ခြမ်း ယူနန်ပြည်နယ်၊ တယ်ဟုတ်ပြည်နယ်ခွဲအတွင်းရှိတဲ့ ရွှေလီ၊ ကျယ်ဂေါင်၊ လွယ်ဂျယ်၊ မန်စီ စတဲ့ ဒေသတွေအတွင်းသား သွားလာခွင့်ရှိပြီး နယ်ကျော်သွားလာပါက တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာခံရနိုင်ပါတယ်။

စာအုပ်အနီဟာ သက်တမ်းတနှစ်ရှိပေမယ့် တရုတ်ဘက်မှာနေထိုင်တာ ခုနစ်ရက်ပြည့်တိုင်း နယ်စပ်ဂိတ်တွေမှာ တံဆိပ်တုံးပြန်လာထုဖို့လည်း လိုတယ်လို့ သိရပါတယ်။

“သွားလုပ်နေကြတဲ့လူတွေ တိုးနေတာပဲ၊ ဒါပေမယ့် မူဆယ်ဆို ဘယ်နေ့လုပ်ပေးမယ်၊ နမ့်ခမ်းဆိုဘယ်နေ့လုပ်ပေးမယ်ဆိုပြီး ရက်ခွဲထားတယ်ကြားတယ်” လို့လည်း နောက်ထပ် မူဆယ်မြို့ခံတဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကတည်းက ပိတ်ထားတဲ့ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကနေ လူ ဝင်ထွက်သွားလာခွင့်ကို ၂၀၂၃ ခုနှစ်၊ စက်တက်ဘာ ၄ ရက်မှာ တရုတ်အာဏာပိုင်တွေက ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။

အဲလို ခွင့်ပြုပြီးနောက်မှာတော့ ခုနစ်ရက်သာသက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP ကတ်) တရုတ်ဘက်ခြမ်း ဝင်ထွက်သွားလာနေကြပါတယ်။

TBP ကတ်ကိုတော့ မူဆယ်နဲ့ နမ့်ခမ်း အိမ်ထောင်စုရှိတဲ့လူတွေပဲမဟုတ်ပဲ မှတ်ပုံတင်ရှိတဲ့ ဘယ်သူမဆိုလုပ်နိုင်ပေမယ့် ခုနှစ်ရက်ပဲ သက်တမ်းရှိတာ၊ လုပ်တဲ့လူများတာကြောင့် ကတ်ရဖို့ ရက်ရှည်စောင့်ရတာ၊ တရုတ်ဘက်ခြမ်း အလုပ်ရှာရခက်တာ စတဲ့အခက်အခဲတွေရှိပါတယ်။

လက်ရှိမှာလည်း TBP ကတ်ရဖို့ မူဆယ်မှာစောင့်နေကြတဲ့ မူဆယ်နဲ့ နမ့်ခမ်း အိမ်ထောင်စုထဲမရှိသူတွေ ထောင်ချီရှိနေပြီး သူတို့အနေနဲ့ကတော့ မှတ်ပုံတင်ရှိတဲ့ ဘယ်သူ့ကိုမဆို စာအုပ်အနီလုပ်ခွင့်ပေးဖို့ လိုလားနေကြပါတယ်။