အပစ်ရပ် သဘောတူညီချက်တွေကို လိုက်နာကြဖို့ “ဝ”အဖွဲ့ တိုက်တွန်း

ဇန်နဝါရီ၊ ၁၇
 
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား နှစ်ဖက် သဘောတူညီမှုရရှိထားတဲ့ အပစ်ရပ် ကတိကဝတ်တွေကို အဖွဲ့အားလုံးက လိုက်နာကြဖို့ “ဝ”တပ်ဖွဲ့ UWSA က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
 
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ ပြုလုပ်တဲ့ သုံးကြိမ်မြောက် ဆွေးနွေးပွဲ အတွင်း ရှမ်းမြောက်ဒေသမှာ နှစ်ဖက် အပစ်ရပ်ကြဖို့ ဇန်နဝါရီ ၁၁ရက်ညပိုင်းမှာသဘောတူညီခဲ့ကြတာပါ။
 
အဲ့ဒီသဘောတူညီချက်ကို လက်နက်ကိုင်အဖွဲ့တွေအားလုံးလိုက်နာကြဖို့မျှော်လင့်တယ်လို့ “ဝ”အဖွဲ့က တရုတ် ဘာသာနဲ့ မနေ့ကထုတ်တဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ “ဝ”တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက DNAကိုအတည်ပြုပေ မယ့် အသေးစိတ်တော့ ဆက်လက်ဖြေကြားခြင်းမရှိပါဘူး။
 
လတ်တလောမှာ “ဝ”တပ်ဖွဲ့က ကျိုင်းတုံမြို့ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုပြီး လှုမှုကွန်ရက်ပေါ်မှာ မမှန်မကန် ရေးသားဖော်ပြမှုတွေပျံ့နှံ့နေတာကြောင့် “ဝ”တပ်ဖွဲ့အနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေကို လိုက်နာသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
“ဝ”တပ်ဖွဲ့ဟာ နအဖ စစ်အစိုးရခေတ် ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရနဲ့အပြန်အလှန်အပစ်ရပ်ရေးလက်မှတ်ရေးထိုး ထားတာဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာတော့ပါဝင် လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။
 
လက်ရှိစစ်ကောင်စီနဲ့ညီနောင်မဟာမိတ်သုံးဖွဲ့တို့ရဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ အရင်ကထုတ်ပြန်ထားတဲ့ အတိုင်းဘက် မလိုက်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ “ဝ”တပ်ဖွဲ့က ဆိုပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်တွေမှာတော့ အပစ်ရပ်ပြီးနောက် ဇန်နဝါရီ ၁၂ရက်က ကျောက်မဲမြို့မှာ နှစ်နာရီကြာ တိုက်ပွဲဖြစ်ခဲ့တာနဲ့ ကိုးကန့်ဒေသအတွင်းမှာ လက်ကျန်စစ်ကောင်စီတပ်က ချောင်း မြောင်းတိုက်ခိုက်လို့ မိနစ်နှစ်ဆယ်လောက် တိုက်ပွဲဖြစ်ခဲ့တာစတဲ့နှစ်ဖက် ထိတွေ့တိုက်ပွဲတွေရှိခဲ့တယ်လို့ဆိုထား ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီး၊လေကြောင်းပစ်ခတ်မှုတွေလည်း မနေ့ကအထိ ဆက်လုပ်နေဆဲပဲလို့ ဆိုထားပြီး စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကဝေ ဖန်ထားပါတယ်။
 
စစ်ကောင်စီကတော့ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်ပြီးတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက် တွေကို ငြင်းဆိုထားပြီး ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေကို သတင်းပြန်လည်ဖော်ပြတဲ့ မီဒီယာတချို့ ကိုပါ မမှန်သတင်း ဖြန့်တယ်ဆိုပြီး တုံ့ပြန်စွပ်စွဲထားပါသေးတယ်။
 
လက်ရှိ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်တွေက သဘောတူညီချက်တွေကို ချိုးဖောက် ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေအပြင် စစ်အင်အားဖြည့်တင်းတာတွေ ဆက်လုပ်နေ တာကြောင့် စောင့်ကြည့်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှာပါဝင်တဲ့ တအာင်းတပ်(TNLA) အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးရုံး အရာရှိ တဦးက DNA ကိုပြောပါတယ်။
 
“(အပစ်ရပ်ထားတဲ့အပေါ်) သက်ရောက်မှုတော့ရှိမှာပါ၊ဒါပေမယ့်ကျွန်မတို့က စောင့်ကြည့်နေတဲ့ အခြေအနေဆိုတော့ ပြောဖို့တော့ စောပါသေးတယ်၊တခြားတော့ ပြောဖို့မရှိသေးဘူး၊အပစ်ရပ်ထားပေမယ့်ကျွန်မတို့ရှိနေတဲ့ ဘက်တွေကို သူတို့ ကထိုးစစ်ဆင်နေတဲ့အနေအထားပါ” လို့ သူကဆိုပါတယ်။
 
တအာင်းအရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)အဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတဦး ကတော့ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ကြား အပစ်ရပ်ဖို့သဘောတူကြောင်း လူသိရှင်ကြား ထုတ်ပြန်ထား ပေ မယ့် မြေပြင်မှာ အပြန်အလှန်ပစ်ခတ်မှုတချို့နဲ့ စစ်ကောင်စီဘက်က လေကြောင်း၊လက်နက် ကြီးတိုက်ခိုက်မှု တွေ ဆက်ရှိနေတုန်းပဲ လို့ဆို ပါတယ်။
 
“အပစ်အခတ်ရပ်စဲ​ရေး​တွေ​ပြော​နေတယ်ဆို​ပေမယ့်လည်း ​ပြောရမယ်ဆိုရင်​တော့ အခုက on the paper လိုမျိုးပဲ​တွေ့​နေ ရတယ်​ပေါ့​နော်၊ground(မြေပြင်) မှာကျတော့ အပြန်လှန်ပစ်ခတ်​နေတာ​မျိုး​တွေရှိတယ်၊အထူးသဖြင့် ဒီ စစ်ကောင်စီဘက် ကလေယာဥ်​တွေနဲ့ လက်နက်ကြီး​တွေနဲ့ ဆက်တိုက်ပဲပြန်လုပ်​နေတာ​တွေ့ရတယ်​”လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – UWSA