အလစ်သုတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ နယူးဇီလန် လွှတ်တော်အမတ် နုတ်ထွက်

ဇန်နဝါရီ၊ ၁၇

အလစ်သုတ်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့နောက် နယူးဇီလန် လွှတ်တော်အမတ် အမျိုးသမီး တဦးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

ဂရင်းပါတီ ကိုယ်စားပြု အမတ်တဦးဖြစ်တဲ့ ဂေါလ်ရစ်ဇ် ဂါဟ်ရာမန်ဟာ အဝတ်အထည်ဆိုင်တွေမှာ အနည်းဆုံး သုံးကြိမ် အလစ်သုတ်မှုတွေ ကျူးလွန်ခဲ့ဖူးကြောင်း စွပ်စွဲ ခံထားရပါတယ်။ တကြိမ်က အုက္ကလန်မှာဖြစ်ပြီး နောက်နှစ်ကြိမ်ကတော့ မြို့တော် ဝယ်လင်တန်မှာပါ။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေဟောင်း တဦးလည်းဖြစ်တဲ့ ဂါဟ်ရာမန်ဟာ ၂၀၁၇ မှာတော့ နယူးဇီလန်ရောက် ရွှေ့ပြောင်း ဒုက္ခသည်တွေထဲမှာ ပထမဆုံး အကြိမ်အဖြစ် အစိုးရ အဖွဲ့ထဲ ပါဝင်ခွင့် ရသူဆိုတဲ့ သမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပါတယ်။ သူဟာ ဂရင်းပါတီရဲ့ တရားရေး ဌာနမှာလည်း အရေးပါတဲ့ တာဝန်တွေ ရယူခဲ့ဖူးပါတယ်။ 

လောလောဆယ်တော့ ဂါဟ်ရာမန်ဟာ အလစ်သုတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်း မေးမြန်းမှုကို ခံနေရပါတယ်။ သူက အလုပ်ခွင်မှာ မတန်တဆ ဖိစီးမှုတွေကြောင့် သူ့ရဲ့ ကိုယ်ပိုင် အမူအကျင့်တွေ၊ စံတန်ဖိုးတွေကနေ လွဲချော်သွားတာမျိုးတွေ ရှိခဲ့ကြောင်း ပြောပါတယ်။

ဂါဟ်ရာမန်ဟာ မိသားစုနဲ့အတူ အီရန်ကနေ ထွက်ပြေးလာတာဖြစ်ပြီး နယူးဇီလန်မှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိခဲ့ပါတယ်။

အုက္ကလန်မြို့မှာရှိတဲ့ ဖက်ရှင်စတိုး တခုကနေ ဒီဇိုင်နာ လက်ကိုင်အိတ် တလုံးကို ဆိုင်ဝန်ထမ်းတွေ မသိအောင် ယူဆောင်သွားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယို ထွက်ပေါ်လာချိန်မှာတော့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးဟာ ပါတီကရော၊ လွှတ်တော်ကနေပါ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အထိတော့ ဂါဟ်ရာမန်ဟာ ရာဇဝတ်ကြောင်း စွဲချက် တခုခုနဲ့ တရားစွဲဆို ခံထားရတာမျိုး မရှိသေးပါဘူး။ ဒီကိစ္စမျိုးဟာ သူ့ရဲ့ အမူအကျင့်မှန် မဟုတ်ကြောင်း၊ ဒါပေမဲ့ အများလက်ခံလာအောင် ရှင်းပြဖို့ မလွယ်ဘူး ဆိုတာကို သဘောပေါက်ကြောင်း၊ သူကိုယ်တိုင်က စိတ်ကျန်းမာရေး အခြေအနေ သိပ်မကောင်းဘူး ဆိုတာကို နားလည်ထားပြီး ကျွမ်းကျင်သူတွေနဲ့ ပြသနေရကြောင်း ဂါဟ်ရာမန်က ဆိုပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဆင်ခြေပေးသွားမှာ မဟုတ်ဘူးလို့လည်း ဆက်ပြောပါတယ်။

 

Ref: BBC