သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကျဆုံး၊လေးဆယ်နီးပါးဒဏ်ရာရ

 

ဇန်နဝါရီ၊ ၁၆

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းရွာက စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ် ကောင်စီဘက်က အားလုံးသေဆုံးသလို ချင်းပူးပေါင်းတပ်တွေဘက်က ရှစ်ဦးကျဆုံးကာ၊လေးဆယ်နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ CDF-CDM Siyin က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၂ရက်ကစလို့ ငါးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီကနေ့ မနက် ခုနစ်နာရီခွဲမှာ စခန်းသိမ်း နိုင်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က စစ်သား ၁၂ဦးနဲ့ ရဲ ၁၈ဦးဟာ မဆုတ်တန်းခုခံခဲ့ပြီး အားလုံးသေဆုံးသွား တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက ပြင်းတော့ ကျွန်တော်တို့ လည်းပစ်တာပေါ့ ။နယ်မြေရှင်းတော့မှ အားလုံးကျတာ သိရတာ”သိုင်းငင်း တိုက်ပွဲနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော် CNAရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက DNAကိုပြောထား ပါတယ်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကတော့ CDF-KKG က ဆေးမှူးတဦးအပါအဝင် လေးဦး၊CDF ဟားခါး ၊CDF ထန်တလန် CNAနဲ့ CDF -CDM Siyin တပ်ဖွဲ့ဝင်တဦးစီကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ခြောက်ကြိမ် လှည့်ပတ်ပျံသန်းပစ်ခတ်ခဲ့သလို လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့ပေမယ့် သိမ်းပိုက်နိုင်ခဲ့တာလို့ CDF -CDM Siyin တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုမှတ်တမ်းဓာတ်ပုံအရ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲကနေ လက် နက်မျိုးစုံ လေးဆယ်ဝန်းကျင်၊ကျည်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို ချင်းပူးပေါင်းတပ်တွေရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ(၂၆၉)လက်အောက်ခံတပ်ဖွဲ့ဝင်တွေ တပ်စွဲစခန်းချထားတဲ့ သိုင်းငင်းရွာစခန်း ဟာ စစ်ကိုင်းတိုင်းကလေးမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာမှာရှိပြီး စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ် ဆက်သွယ်ရေး လမ်းကြောင်းပေါ်က အရေးပါတဲ့နေရာမှာ ရှိနေတာပါ။

စစ်ကိုင်းတိုင်းကလေးမြို့ကနေ ချင်းတောင်တန်းဒေသတွေဆီတက်လာမယ်ဆိုရင် သိုင်းငင်းရွာကိုဖြတ်သန်းပြီးမှ မြောက်ဘက်မှာ တီးတိန်၊တွန်းဇံ၊တောင်ဘက်မှာ ဖလမ်း၊ဟားခါး၊ထန်တလန်စတဲ့ မြို့တွေဆီ ဆက်သွားနိုင်မှာ ဖြစ်ပြီး သိုင်းငင်းရွာဟာ အရေးပါတဲ့ လမ်းဆုံ၊လမ်းခွတခုဖြစ်ပါတယ်။

“ အဲ့စခန်းက အင်မတန်ဗျူဟာမြောက်တဲ့ စခန်း”လို့ CANပြောခွင့်ရ ဆလိုင်းထက်နီကဆိုပါတယ်။

အဲ့ဒီနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းပြီးနောက် တနှစ်ဝန်းကျင်အကြာ ၂၀၂၂ခုနှစ် ဇန်နဝါရီ လကစလို့ တပ်စွဲထားခဲ့တာဖြစ်ပြီး ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြရသလို မွေးမြူရေးနဲ့ အသက်မွေးကြတဲ့ ဒေသခံတွေအတွက်လည်း ဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ CDF -CDM Siyin ကဆိုပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးစစ်ဆေးတာ၊အဓမ္မပြုကျင့်သတ်ဖြတ်မှုတွေလည်း အကြိမ် ကြိမ်ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုစခန်းသိမ်းတိုက်ပွဲမတိုင်ခင်ကလည်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ သိုင်းငင်းစခန်းကို တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ကြပြီး ကလေး-သိုင်းငင်းလမ်းမကြီးကိုလည်း  စခန်းသိမ်းတိုက်ပွဲမတိုင်မီ နှစ်လနီးပါးလောက် ပိတ်ဆို့ထားခဲ့တာပါ။

လမ်းပိတ်ထားတဲ့ကာလအတွင်း စိတ်ရှည်သည်းခံပေးခဲ့တဲ့ ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေ၊စစ်ကူပေးခဲ့တဲ့ တော်လှန်ရေးညီနောာင်တပ်ဖွဲ့တွေ၊တိုက်ပွဲအတွက်ကူညီပေးခဲ့သူတွေ ကို ကျေးဇူးတင်တယ်လို့ CDF -CDM Siyin ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။