နိုင်ငံတကာ နိုင်ငံရေးမှာအစွန်းမထွက်ဖို့ NUG ယာယီသမ္မတသတိပေး

ဇန်နဝါရီ၊ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား မူဝါဒခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ဖို့လိုပြီး နိုင်ငံတကာ နိုင်ငံရေးဇာတ်ခုံပေါ်မှာအစွန်းမထွက်ဖို့လိုကြောင်း NUG ယာယီ သမ္မတ ဒူဝါလရှီးလကသတိပေးပြောဆိုပါတယ်။

“ကျွန်တော်တို့ဟာ ဒေသတွင်း နိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲဖြစ်လို့လည်း မရသလို ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ နောက်လိုက်လည်း ဖြစ်လို့ မရပါဘူး၊ကိုယ့်မူ ကိုယ့်ဟန်နဲ့ ခိုင်ခိုင်ကြည်ကြည် ရပ်တည်လျှောက်လှမ်းဖို့လိုပါတယ်” လို့ ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတကပြောပါတယ်။

လက်ရှိမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒသဘောထားတွေဟာ ပြည်တွင်းရေး အခြေအနေတွေအပေါ်လွှမ်းမိုးမှုရှိနေတာတွေ့ရတယ်လို့သူကပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံနဲ့ ထိစပ်နေတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ မူဝါဒသဘောထား အတိမ်းအညွှတ်တွေကို လည်း ကျွန်တော်တို့ အားလုံး မျက်ဝါးထင်ထင် မြင်တွေ့နေကြရပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ နွေဦးတော် လှန်ရေးဟာ မူမဲ့ လမ်းစဉ်မဲ့ မဟုတ်ဘူးဆိုတာ အားလုံး သတိတရ ရှိဖို့ လိုပါတယ်”လို့ ယာယီသမ္မတ ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီးလွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ၊လက်တွေ့ကျတဲ့ နိုင်ငံခြားရေး သဘောထားတွေကိုချမှတ်ထားသလို တဖက်မှာလည်း ပြည်တွင်းက လူထုရဲ့သဘောထားနဲ့မဆန့်ကျင်တဲ့ အမြင် သဘောထားတွေကို ကိုင်ဆွဲကျင့်သုံးဖို့လိုတယ်လို့လည်းသူကဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အခုလ ဇန်နဝါရီ  ၁ရက်က တရုတ်နိုင်ငံဆိုင်ရာ သ ဘောထားကိုထုတ်ပြန်ရာမှာ တရုတ်တနိုင်ငံတည်းမူဝါဒကိုဆက်လက်ထောက်ခံကျင့်သုံးမယ်လို့ ဖော်ပြခဲ့တာ ကြောင့် ထိုင်ဝမ်အရေးကိုထောက်ပြပြီး NUG ကိုဝေဖန်မှုတွေရှိခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီကို အားပေးထောက်ခံခဲ့ပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကိုထောက်ခံ ကြောင်းပြသခဲ့တဲ့ ထိုင်ဝမ်နိုင်ငံဟာ တရုတ်ပိုင်နက် ဟုတ်မဟုတ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိနေတာကြောင့် NUG ရဲ့ တရုတ်တနိုင်ငံတည်း  မူဝါဒအပေါ် ဝေဖန်မှုတွေရှိခဲ့တာပါ။

NUG ယာယီသမ္မတကတော့ “ပြည်တွင်းက တော်လှန်ရေးဒီရေဟာ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အလှည့်အပြောင်း တွေကြားမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်ပါတယ်၊ဘယ်လိုပဲ ရှိသည်ဖြစ်စေ၊ ကျွန်တော်တို့ဟာ ဦးတည်ချက် ကို မျက်ခြေပြတ်လို့ မရပါဘူး”လို့ ဒီကနေ့ပြောပါတယ်။

ဒါ့အပြင် လက်ရှိတော်လှန်ရေးမှာ မဟာမိတ်တပ်ပေါင်းစု ညီညွတ်ရေး ကိစ္စတွေဟာ ပိုမိုအရေးပါလာတယ်လို့ လည်း သမ္မတဒူဝါလရှီးကပြောပါတယ်။တိုင်းရင်းသားမဟာမိတ်တွေနဲ့ NUGတို့ကြား ပိုမိုခိုင်မြဲတဲ့ နိုင်ငံရေးဘုံ သဘောတူညီချက်တွေ ဆက်လက်ရရှိနိုင်ဖို့ လက်ရှိနှစ်သစ်မှာလည်း ကြိုးပမ်းရမှာဖြစ်တယ်လို့ တိုက်တွန်း ပါတယ်။

“မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတည်ဆောက်ရာမှာ၊ အကဲဆတ်တဲ့ နိုင်ငံရေး မိုင်းဗုံးတွေကို သတိထား ရှောင်ကြဉ်ကြဖို့ သတိပေးလိုပါတယ၊ဒါ့အပြင် အမျိုးသားညီညွတ်ရေးမူကို ထိပါးစေ တဲ့ နိုင်ငံရေး ထောင်ချောက် တွေကို သတိထား ရှောင်ရှားကြဖို့ အလေးအနက်ထား ပြောကြားလို ပါတယ်”လို့ ယာယီသမ္မတ ကထောက် ပြပါတယ်။

အလားတူNUG အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးအောင်မြင်ပြီး စစ် ကောင်စီ ကကျူးလွန်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် တော်လှန်ရေးကိုဦးဆောင် နေတဲ့ အစု အဖွဲ့တွေရဲ့ စုပေါင်းအားလိုအပ်တယ်လို့ ပြောပါတယ်။

“မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ ဆွေးနွေးမှုလုပ်ငန်းစဥ်တွေလည်း ပိုမို အား ကောင်းလာတာကို အားတက်ဖွယ် တွေ့ရပါတယ်”လို့သူကဆိုပါတယ်။