ဇန်နဝါရီ၊ ၁၆
စစ်ကောင်စီက နိုင်ငံကိုအာဏာသိမ်းထားတာလည်း ၃ နှစ်ကျော်စပြုလာပါပြီ။ ထိခိုက်ခံစားရတဲ့ နယ်ပယ်တွေထဲမှာ စီးပွားရေးနယ်ပယ်လည်း သက်ရောက်မှုကြီးပါတယ်။
စီးပွားရေးနယ်ပယ်ထဲမှာမှ လုပ်ငန်းကြီးတွေထက်၊ လုပ်ငန်းငယ်တွေက ပိုပြီး ထိခိုက်ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းငယ်လေးတွေက ငွေကြေးအင်အားနည်းပါးတာ၊ ထိခိုက်မှုအတွက် ခံနိုင်ရည်နည်းတာ၊ ဈေးကွက်အပြောင်းအလဲကို အလွယ်တကူ လိုက်ပါမစီးမျောနိုင်တာနဲ့ ကုန်ဈေးနှုန်းက မြင့်တက်လာတော့ ရင်းနှီးမြှုပ်နှံရတဲ့ အရင်းပမာဏများလာတာကို လိုက်ပါမဖြည့်ဆည်းနိုင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီတော့ အနှစ်ချုပ်ပြောရင် လူတွေစီးပွားရေးကျပ်တည်းလာပါတယ်။ ဒါပေမယ့် အောက်ခြေပြည်သူတွေအနေနဲ့ နိစ္စဓူဝ ဝင်ငွေရလမ်းတစ်ခုခုကိုတော့ လုပ်နေရပါတယ်။ ဒါမှလည်း စားဝတ်နေရေးပြေလည်မှာ မဟုတ်ပါလား။ ဒီနေရာမှာ နှစ်ပိုင်းခွဲပြောလို့ရပါတယ်။ ဝင်ငွေရလမ်း အနေနဲ့ ဝန်ထမ်းလုပ်တာက တစ်ပိုင်း၊ ကိုယ်ပိုင်အသေးစား စီးပွားရေးလုပ်ကိုင်တာက တစ်ပိုင်းပါ။ ဒီဆောင်းပါးမှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူတွေအတွက် အဓိကထား ပြောသွားမှာပါ။
အဲဒီလိုကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စဉ်းစားကြတဲ့အခါ ဘယ်လိုစီးပွားရေးကို လုပ်သင့်လဲဆိုတာက ဒီနေ့ခေတ် မြန်မာပြည် ကိုယ်ပိုင်စီးပွားရေးလေး စတင်လုပ်ကိုင်လိုသူတွေရဲ့ အဓိကပြဿနာဖြစ်လာပါတယ်။ ဒီတော့ မေးခွန်းက ၃ ခုဖြစ်လာပါတယ်။
၁) ဘာစီးပွားရေးလုပ်ကြမလဲ။
၂) ဘာတွေသတိထားရမလဲ။
၃) ဘယ်လိုလုပ်ကြမလဲ။
▪ဘာစီးပွားရေးလုပ်ကြမလဲ
ဘာစီးပွားရေးလုပ်ကြမလဲစဉ်းစားကြတဲ့အခါ အင်မတန်ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းလေးတွေ ခေါင်းထဲပေါ်လာဖို့ အမျိုးအမည်အများအပြားကို ကူပြီးစဉ်းစားပေးလိုက်ပါတယ်။ အဲဒါတွေကို ခေါင်းစဉ်ခွဲရင်တော့ အခုလိုတွေ့ရပါလိမ့်မယ်။
– စားသောက်ကုန်
– (ကုန်ခြောက်ဆိုင်/ကုန်စိမ်းဆိုင်/ရေသန့်၊ အအေးနှင့်အဖျော်ယမကာဆိုင်/ စားသောက်ဆိုင်/ ရေသန့်ထုတ်လုပ်ဖြန့်ချိရေး/ မုန့်မျိုးစုံဆိုင်/ ကြက်ဥ၊ဘဲဥ သီးသန့်အရောင်းဆိုင်)
– လူသုံးကုန်
– (အဝတ်အထည်/ပလတ်စတစ် အသုံးအဆောင် ပစ္စည်း/ကလေးအသုံးအဆောင်နဲ့ ကစားစရာဆိုင်/အလှကုန် နှင့် ဖန်စီပစ္စည်းဆိုင်/ အိတ်မျိုးစုံဆိုင်/ ဖိနပ်ဆိုင်/ လျှပ်စစ်ပစ္စည်း/ အသေးစား မီနီမတ်/စောင်၊ခြင်ထောင် စတဲ့ ခန်းဝင်ပစ္စည်းအရောင်းဆိုင်)
– ဆောက်လုပ်ရေးပစ္စည်း
(ကုန်မာဆိုင်/ဆောက်လုပ်ရေးပစ္စည်းမျိုးစုံအရောင်းဆိုင်)
– ဆေးဝါးမျိုးစုံဆိုင်
– ပညာရေးဆိုင်ရာ ကုန်ပစ္စည်း (စာရေးကိရိယာဆိုင်/ဖတ်စာအုပ်နှင့်ဗလာစာအုပ်အရောင်းဆိုင်/သင်ထောက်ကူပစ္စည်းဆိုင်/
– တခြားစီးပွားရေးလုပ်ငန်းများ
အလွယ်ဆုံးပြောရရင် ဘာစီးပွားရေးလုပ်ရမလဲဆိုတာ မစဉ်းစားခင် ကိုယ့်မှာ ဘာတွေ အားကောင်းတာရှိလဲ။ ဘာတွေတော့မရှိသေးဘူး။ ဘာတွေလိုအပ်နေလဲဆိုတာကနေစပြီး စဉ်းစားဖို့လိုပါလိမ့်မယ်။
ပထမဆုံး လိုအပ်ချက်ကတော့ အားလုံးသိတဲ့အတိုင်း ငွေကြေးပါပဲ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ ငွေရင်းဘယ်လောက်လိုမလဲ။ လုပ်ငန်းရင်းဖို့ ငွေရင်းအပြင် ထပ်ဆောင်းငွေကလည်း အရင်းရဲ့ သုံးပုံတစ်ပုံကနေ တစ်ဝက်လောက်အထိ ရှိသင့်ပါတယ်။ ဥပမာ ကိုယ်က ငွေ ၁၀ သိန်းရင်းမယ်ဆို နောက်ထပ် ၃ သိန်းကနေ ၅ သိန်းလောက်အထိ လက်ထဲမှာ ကိုင်ထားနိုင်ရပါမယ်။ ငွေရင်းမလောက်ရင် ဘယ်ကနေ ငွေရင်းထပ်ရနိုင်လဲ။ ဥပမာ ချေးငှားမှာလား၊ ပေါင်နှံမှာလား။ ဒါတွေကိုပါ ထည့်စဉ်းစားသင့်ပါတယ်။ အဲဒီလို ချေးငှားပေါင်နှံပြီး လုပ်ကိုင်မယ်ဆိုရင်ရော အမြတ်နဲ့ ကိုက်မကိုက်ချိန်ဆရမှာဖြစ်ပါတယ်။
(ဘယ်လုပ်ငန်းက အရင်းဘယ်လောက်ကုန်နိုင်မယ်ဆိုတာမျိုးကိုတော့ “အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ အပိုင်း(၂)” မှာ အသေးစိတ်ဆက်လက်ဖော်ပြပေးသွားပါမယ်။
နောက်တစ်ခုက နေရာပါ။ ကိုယ့်လုပ်ငန်းအတွက်နေရာကို ပြောတာပါပဲ။ ကိုယ်က အွန်လိုင်းကနေ ဖွင့်မှာလား။ ဒါဆိုရင်တော့ ကိုယ့်အိမ်ဟာ ကိုယ့်ဆိုင်ပါပဲ။ ဒါမှမဟုတ် အိမ်မှာပဲ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ ဆိုင်လေးဖွင့်မှာလား။ ဈေးထဲမှာ ဖွင့်မှာလား။ ဆိုင်ခန်းကရော ကိုယ်ပိုင်လား၊ ငှားမှာလား။ ဒါတွေကို ရှာဖွေရပါဦးမယ်။
ဒီတော့ ကိုယ့်မှာငွေကြေးလည်းရှိပြီ၊ ဆိုင်နေရာလည်းရှိပြီ ဆိုပါစို့။ ဒါပေမယ့် ဘာဆိုင်ဖွင့်မရလဲ ဆိုပြန်တော့လည်း မသိပြန်ဘူး။ ဒါဆိုရင်တော့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်ဆိုင်ဖွင့်ချင်တဲ့နေရာက လူတွေရဲ့ လိုအပ်ချက်ကို လေ့လာပါ။ လူတွေရဲ့လိုအပ်ချက်ဟာ ဈေးကွက်လိုအပ်ချက်ပါပဲ။ အဲဒီကွက်လပ်ကို ကိုယ်က ဖြည့်စွမ်းပြီး ဆိုင်တည်ရမှာပါ။ ဥပမာ ဈေးသွားရတာဝေးတယ်၊ အနားမှာလည်း ကုန်ခြောက်ဆိုင်မရှိဘူးဆိုရင် တည်ဖို့အကောင်းဆုံးကတော့ ကုန်ခြောက်ဆိုင် ဖြစ်နိုင်ပါတယ်။ ဆံပင်ညှပ်ဆိုင်မရှိရင် ဆံပင်ညှပ်ဆိုင်ပေါ့။ ကိုယ့်ဒေသမှာ ဆောက်လုပ်ရေးပစ္စည်းတွေကို ခပ်ဝေးဝေးသွားဝယ်နေရတယ်၊ ကိုယ်ကလည်း ထိုက်သင့်တဲ့ ငွေကြေးတတ်နိုင်တယ်ဆို အဲဒီလုပ်ငန်းလုပ်ကြည့်ဖို့ စပြီး လေ့လာသင့်ပါတယ်။
ဈေးကွက်လိုအပ်ချက်မဟုတ်ဘဲ ကိုယ်ရောင်းချင်တာ ရောင်းရင် ဈေးကွက်ဝေစုကို မျှယူရတတ်ပါတယ်။ ဥပမာ ရပ်ကွက်ထဲ ကုန်ခြောက်ဆိုင်တစ်ဆိုင်ရှိနေတယ်၊ သူကလည်း တစ်နေ့ကို ကျပ် ၃ သိန်းဖိုးလောက် ရောင်းရတယ်ဆိုရင် ကိုယ်ထပ်ဖွင့်ရင်လည်း နှစ်ဆိုင်ပေါင်းမှ ၃ သိန်းဖိုးလောက်ပဲ ရောင်းရမှာပါ။ အကြောင်းရင်းကတော့ ရပ်ကွက်ဖြစ်နေတဲ့အတွက် အမြင့်ဆုံး ဝယ်လိုအားက အကန့်အသတ်ရှိနေလို့ ဖြစ်ပါတယ်။
အဲဒီလို ငွေရင်းရှိပြီ၊ ဆိုင်နေရာရှိပြီ၊ ဘာရောင်းရမလဲသိပြီဆိုရင်တော့ ရောင်းကုန်ပစ္စည်းတွေကို ဘယ်ကဝယ်မလဲဆိုတာ ရှိလာပါတယ်။ ကုန်ထုတ်လုပ်ငန်းတစ်ခုအတွက်ဆိုရင် ကုန်ကြမ်းပေါ့လေ။ ကုန်ခြောက်ဆိုင်တစ်ခုအတွက်ဆိုရင် ရောင်းကုန်ဖြစ်မှာပါ။
အဲဒီလို ကိုယ်ရောင်းမယ့်ပစ္စည်းတွေကို ဘယ်နေရာကနေ ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်တယ်ဆိုတာမျိုး သိရှိတာကလည်း ရောင်းရေးဝယ်တာမှာ အင်မတန်မှကို အဓိက ကျပါတယ်။ ဒီလိုတွေသိဖို့ လုပ်ငန်းမစခင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် စတင်လေ့လာထားဖို့ လိုပါတယ်။ ဒီလိုဝယ်ခြမ်းတဲ့ နေရာမှာလည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေကို ထည့်တွက်ရမှာဖြစ်ပါတယ်။
လုပ်ငန်းတစ်ခုစီအတွက် ရောင်းကုန်ပစ္စည်းတွေကို ဘယ်မှာဝယ်လို့ရနိုင်တယ်ဆိုတာမျိုးကို “အကျပ်အတည်းကာလ ဘာစီးပွားရေး ဘယ်လိုလုပ်ကြမလဲ အပိုင်း(၂)” မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
▪ဘာတွေသတိထားကြရမလဲ
အရင်ဆုံး သတိထားရမှာက နိုင်ငံရေးမတည်ငြိမ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်နေမှုနဲ့ လူတွေရဲ့ ဝယ်လိုအား ကျဆင်းမှုပါပဲ။ နိုင်ငံရေးမတည်ငြိမ်တော့ တတ်နိုင်တဲ့လူတွေကလွဲပြီး အများစုသော လူတွေက မလိုအပ်တဲ့ပစ္စည်းကို သိပ်ပြီးဝယ်လေ့မရှိတော့ပါဘူး။
စားသောက်ကုန်တွေကတော့ မရှိမဖြစ်ကုန်စည်ဖြစ်လို့ ဒါတွေကတော့ ရောင်းနေရပါတယ်။ တခြားအဝတ်အထည်၊ အသုံးအဆောင်တွေကလည်း အာဏာမသိမ်းခင်ကလို ရောင်းအားမကောင်းပေမဲ့ သူလည်းရောင်းနေရတာပါပဲ။ သို့သော် ကိုယ်ရောင်းချမဲ့ ဈေးကွက်နဲ့တော့ ပိုသက်ဆိုင်ပါလိမ့်မယ်။ ကိုယ်ရောင်းမဲ့နေရာက လူတွေရဲ့ဝင်ငွေကိုချိန်ပြီး ကိုယ့်ကုန်ပစ္စည်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကလည်း အားလုံးသိထားတဲ့ကိစ္စဖြစ်ပေမဲ့ ကြိုတင်မျှော်လင့်ထားရပါမယ်။ ဒီနေ့ ဒီဈေးနဲ့သွားဝယ်ပေမဲ့ နောက်ရက်ကဈေးတက်သွားတော့ ပြန်ဝယ်တဲ့အခါ အိတ်စိုက်လိုက်ရတာမျိုး ဖြစ်နေတတ်ပြန်ပါတယ်။ ဒါကို ချင့်ချိန်ဖို့ ၊ ကြိုတင်မျှော်လင့်ထားဖို့ လိုပါတယ်။ တက်ရင်တက်ဈေး၊ ကျရင်ကျဈေးနဲ့ ရောင်းရတာဖြစ်လို့ ငွေကြေးအားဖြင့်တော့ မရှုံးပါဘူး။ ဒါပေမဲ့ ငွေရင်းမလိုက်နိုင်ရင် ရောင်းကုန်တွေ လျှော့နည်းသွားတာမျိုးဖြစ်တတ်ပါတယ်။
နောက်တစ်ချက်ကတော့ အရှုံးအမြတ်စာရင်းလုပ်ထားဖို့ပါ။ နေ့စဉ် ဘယ်လောက်ရောင်းရပြီး အရင်းက ဘယ်လောက်ရှိတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်က ဘယ်လောက်။ အမြတ်က ဘယ်လောက်ဆိုတာကို စာရင်းပြုစုထားဖို့လည်း လိုပါတယ်။ ဒီအတွက်ကတော့ ဆိုင်တွေမှာ သုံးတဲ့ စာရင်းကိုင်ဆော့ဝဲလ်ကို အားကိုးလို့ရသလို၊ ကိုယ်တိုင်စာရင်းလုပ်ထားလို့လည်း ရပါတယ်။ သေသေချာချာ၊ မမေ့မလျော့၊ မပျက်မကွက် လုပ်ဖို့တော့ လိုပါတယ်။
နောက်တစ်ခုကတော့ ကိုယ့်ဆိုင်ကိုကျော်ပြီး တခြားဆိုင်ကိုသွားဝယ်မဲ့ ဈေးဝယ်သူတွေကိုလည်း တွေ့ရပါဦးမယ်။ ဈေးရောင်းတဲ့အခါ ဈေးနှုန်းက အဓိကကျပေမဲ့လည်း ဝန်ဆောင်မှုအပိုင်းကလည်း ဈေးနှုန်းနည်းတူ အရေးကြီးပါတယ်။ ဒါကြောင့် ပစ္စည်းတစ်ခု ကျပ် ၅၀၊ ၁၀၀ ဈေးပိုနေပေမဲ့ ကိုယ်ကသာ ဝန်ဆောင်မှုကောင်းရင် ကိုယ့်ဆိုင်ကို ဝယ်သူရောက်လာမှာဖြစ်ပါတယ်။ ဈေးနှုန်းကို အများနည်းတူ ရောင်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဈေးနှုန်းပေါ်မူတည်ပြီး အပြိုင်အဆိုင်ရောင်းဝယ်ကြတဲ့အခါမှာ အရောင်းတွင်ကျယ်တဲ့ပစ္စည်းကို အများနည်းတူ ဈေးနှုန်းထားပြီး အရောင်းထိုင်းပစ္စည်းဆိုရင် ဈေးတင်ထားတာမျိုးလည်း လုပ်လို့ရပါတယ်။
ပြီးတော့ စီးပွားရေးလုပ်တဲ့အခါ စိတ်ရှည်ဖို့၊ ဇွဲရှိဖို့လည်း လိုအပ်ပါတယ်။ ဘယ်လုပ်ငန်း၊ဘယ်ဆိုင်မှ ချက်ချက်ကြီး လပိုင်းအတွင်း တအားကြီးရောင်းရပြီး၊ အမြတ်တွေ အများကြီးရနေတာမျိုး မရှိသေးပါဘူး။ ကာလတစ်ခုကြာ ရင်းနှီးထားရမယ်။ တစ်နှစ်-နှစ်နှစ် အတွင်း ခပ်မှန်မှန်လေး ရောင်းနိုင်အောင် ကြိုးစားရမှာပါ။ အဲဒီကာလမှာ ဖောက်သည်တွေများလာအောင်၊ ကိုယ်ဆိုင်က ဈေးမှန်တယ်ဆိုတာမျိုး ဝယ်သူတွေကြား နာမည်ထွက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ အခုအချိန်မှာ စီးပွားရေးကြပ်တည်းနေချိန်ဖြစ်လို့ ကိုယ်က လုပ်ငန်းလေးစပြီး လည်ပတ်ထားနိုင်ရင် ခေတ်ကောင်းချိန်ကျ ကိုယ့်လုပ်ငန်းလေးက ဖောက်သည်တွေနဲ့ အခြေတကျဖြစ်နေပါပြီ။ ကိုယ်လည်း လုပ်ငန်းကျွမ်းကျင်နေပါပြီ။ အရှည်ကိုတွေးပြီး လုပ်နိုင်ဖို့က အင်မတန်မှ လိုအပ်ပါတယ်။
အခုပြောခဲ့တဲ့အချက်တွေက အကျပ်အတည်းကာလမှာ စီးပွားရေးလုပ်လိုသူတွေအတွက် အထောက်အကူရအောင်ပြောခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောရုံနဲ့ လုပ်ငန်းတစ်ခုအောင်မြင်ပြီလားလို့ပြောရင် ပြောသလောက်တော့ လွယ်မှာမဟုတ်ပေမဲ့ ကိုယ်ကသာ နည်းစနစ်တကျ ပြင်ဆင်ပြီးလုပ်မယ်ဆိုရင် အောင်မြင်ဖို့ပိုနီးစပ်ပါတယ်။
▪စီးပွားရေးလုပ်သင့်တဲ့အချိန်လား
စီးပွားရေးရှုထောင့်ကမဟုတ်ဘဲ တချို့ကတော့ နိုင်ငံရေးမတည်မငြိမ်ဖြစ်၊ ကျေးလက်တောရွာတွေမှာ စစ်ဘေးရှောင်တွေများ၊ အိုးအိမ်တွေ မီးလောင်ပြာကျ၊ ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ တော်လှန်ရေး ကာလကြီးမှာ စီးပွားရေးလုပ်ဖို့ တိုက်တွန်းနေတာဟာ ဖြစ်သင့်ရဲ့လားလို့ မေးကောင်းမေးနိုင်ပါတယ်။
ဒီအတွက်ကတော့ ကိုယ်လုပ်တဲ့စီးပွားရေးလုပ်ငန်းဟာ လူမှုကျင့်ဝတ်နဲ့ညီမယ်၊ မတော်လောဘမဟုတ်ဘဲ ထိုက်သင့်တဲ့ အကျိုးအမြတ်ပဲယူမယ်၊ သူတပါးကိုလည်း မထိခိုက်ဘူး။ ကိုယ့်ဝမ်းရေးအတွက်လည်း တစ်နည်းတဖုံ ပြေလည်စေမယ်ဆိုရင် ဖြစ်သင့်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
ဒီလို စီးပွားရေးလုပ်လို့ ရလာတဲ့ အကျိုးအမြတ်ကိုမှ အများအကျိုးအတွက်ပဲ ဖြစ်စေ၊ တော်လှန်ရေး အတွက်ပဲဖြစ်စေ တာဝန်ရှိတယ်လို့ ခံယူပြီး ပြန်လည်ဝေမျှနိုင်ပါသေးတယ်။
ဒါ့ကြောင့် ကြွယ်ဝအောင်လုပ်ပါ။ ကြွယ်ဝခြင်းဟာ ကျက်သရေရှိပါတယ်ဆိုသလိုပါပဲ။ ချမ်းသာကြွယ်ဝအောင် လုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ မတော်မတရားနည်းနဲ့ ချမ်းသာကြွယ်ဝအောင် လုပ်မှသာ လူ့ဘောင်လောကကို အန္တရာယ်ပေးတာဖြစ်ပါတယ်။ ကိုယ်က ကြွယ်ဝပြီဆိုရင် အများအတွက် ပြန်လည် မျှဝေသင့်ပါကြောင်း…။
(လုပ်ငန်းတစ်ခုချင်းစီရဲ့ မတူညီတဲ့ လိုအပ်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေကိုတော့ ဆောင်းပါးအမှတ် ၂ မှာ ဆက်လက်ဖော်ပြသွားပါဦးမယ်။)
စာပြီးချိန်
ဇန်နဝါရီ ၁၄၊ ၂၀၂၄