ဇန်နဝါရီ၊ ၁၆
ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက နှစ်ဦး သေဆုံးသွားပြီဆိုတဲ့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ အပူတပြင်း စုံစမ်းနေကြောင်း အစ္စရေးက ပြောပါတယ်။
ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားတွေက ဇန်နဝါရီ ၁၅ ရက်နေ့မှာ အစ္စရေး ဓားစာခံ နှစ်ဦးလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေကို ဗီဒီယိုတခုထဲမှာ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြသွားပါတယ်။ အဲဒီ မတိုင်ခင် အစောပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဟားမားစ်တွေက အစ္စရေးတပ်တွေ ဂါဇာမှာ ဗုံးကြဲ တိုက်ခိုက်နေတာတွေ ရပ်တန်းက မရပ်ရင် အသက် ၅၃ နှစ်အရွယ် ယိုဆီ ရှာရာဘီနဲ့ အသက် ၃၈ နှစ်အရွယ် အိုင်တေး ဆီဗီစကီတို့ နှစ်ဦးတို့ သေကြရလိမ့်မယ်လို့ ခြိမ်းခြောက်ထားခဲ့ဖူးပါတယ်။
ဒါ့အပြင် ဟားမားစ်တွေက တတိယမြောက် အစ္စရေး ဓားစာခံ တဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူ နိုအာ အာဂါမာနီက အဲဒီနှစ်ယောက်ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေခဲ့ရတာဆိုတဲ့ စာကို ဖတ်ပြနေရတာကိုပါ ဗီဒီယို ရိုက်ပြထားခဲ့ပါတယ်။
ဟားမားစ် နောက်ဆုံးထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ဓားစာခံ နှစ်ဦးဟာ သေဆုံးနေပြီလို့ ယုံကြည်ရပြီး သူတို့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မိကြောင်း အစ္စရေးက ပြောပါတယ်။ နောက်ပြီး ဗီဒီယိုထဲမှာ တွေ့ရသူ တဦးဟာ ဆီဗီစကီဆိုတာ အတည်ပြုခဲ့ပြီး အစ္စရေး စစ်တပ်ရဲ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးတာမျိုး မဟုတ်ကြောင်းလည်း ငြင်းဆိုသွားပါတယ်။
အစ္စရေး စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရေတပ်ရဲ့ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက ဓားစာခံတွေဟာ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ် ဆိုတာက ဟားမားစ်တွေရဲ့ လိမ်လည်မှု သက်သက်သာဖြစ်ပြီး အစ္စရေးဖက်က တိုက်ခိုက်မှုတွေ လုံးဝ မရှိခဲ့ဘူးလို့ ပြောပါတယ်။ နောက်ပြီး ဓားစာခံတွေ ဖမ်းဆီးထားတဲ့ နေရာတခုမှန်းသိရင် အစ္စရေး စစ်တပ်က ဘာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ရမှာလဲလို့လည်း သူက တန်ပြန် မေးခွန်းထုတ်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ ဟားမားစ် တပ်ဖွဲ့ဝင်တွေ ဂါဇာ နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို အလစ်စီးနင်း တိုက်ခိုက်ခဲ့တဲ့နောက် ဓားစာခံ ၂၄၀ လောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် စစ်သုံ့ပန်း လဲလှယ်မှု အစီအစဉ်အရ ဓားစာခံ ၁၀၀ လောက် ပြန်လွတ်လာခဲ့ပေမယ့် ဂါဇာမှာ ဖမ်းဆီးခံထားရသူ ၁၃၂ ဦး ကျန်ခဲ့ပြီး ၂၅ ဦးက သေဆုံးသွားပြီလို့ အစ္စရေးက ထုတ်ပြန်ထားပါတယ်။
Ref: CNA