ဇန်နဝါရီ၊ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်နဲ့ ပန်လုံ မြို့နှစ်မြို့ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က လွှဲပြောင်းရယူပြီး ထိန်းချုပ်လိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြောတာမရှိဘဲ နှုတ်ဆိတ်နေပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကျူးကျော်စစ်ဖြစ်တယ်လို့ ဆိုတဲ့အပြင် ဘာသာရေး၊ လူမျိုးရေးအရ ဝါဒဖြန့်တိုက်ခိုက်မှုတွေပါ လုပ်နေတဲ့ စစ်ကောင်စီဟာ ညီနောင်သုံးဖွဲ့အပေါ် ဝေဖန်မှုတွေ လုပ်လေ့ရှိပေမယ့် ဟိုပန်နဲ့ ပန်လုံကို “ဝ” တပ်ဖွဲ့က ထိန်းချုပ်လိုက်တဲ့အပေါ်မှာတော့ ဒီကနေ့အထိ တစုံတရာ မှတ်ချက်ပြု ပြောဆိုတာ မရှိပါဘူး။
ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲ အင်အားအကြီးဆုံးဖြစ်တဲ့ “ဝ” တပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်လာမှာ စိုးရိမ်တာကြောင့် အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်မှု မလုပ်တာလို့ သုံးသပ်ပါတယ်။
“ နယ်မြေကြီး တခုလုံးကိုတောင်မှ နှစ်ပေါင်းများစွာ လွတ်လပ်တဲ့ ဒေသတခုလို မြန်မာစစ်တပ်က ဘာမှ အာဏာစက် မသက်ရောက်တဲ့ ဒေသတခုလို လုပ်ထားတာတောင် မပြောတာ၊ ဒီနှစ်မြို့နယ်လောက်ကတော့ စစ်တပ်အနေနဲ့ ဘာမှပြောစရာမရှိဘူးထင်တယ်၊ ပြောရင်လည်း ရန်မီးပဲပွားပြီးတော့ သူတို့အတွက် အကျိုးတစုံ တရာရှိမှာ မဟုတ်ဘူး ” လို့ ဦးဖေသန်းက သူ့အမြင်ကို ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဟာ လောက်ကိုင်ဒေသတခုလုံးကို ထိန်းချုပ်နိုင်ခဲ့အပြီး နောက်တရက် ဇန်နဝါရီ ၅ ရက်မှာ ဟိုပန်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ UWA “ဝ” တပ်ဖွဲ့ဝင်တွေက ဟိုပန်နဲ့ ပန်လုံမြို့ တွေထဲဝင် ရောက်နေရာယူခဲ့သလို နောက်ထပ်ရက်ပိုင်းအကြာမှာ တရားဝင်အခမ်းအနားနဲ့ လွှဲပြောင်းရယူခဲ့ပါတယ်။
စစ်ကောင်စီခန့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဌ ဦးညီနပ်က ဟိုပန်နဲ့ ပန်လုံမြို့အုပ်ချုပ်ရေး တာဝန်တွေကို “ဝ” တပ်ဖွဲ့ဆီ တရားဝင်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဒီလို လွှဲပြောင်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ “ဝ” တပ်ဖွဲ့တို့ကြား ညှိနှိုင်းမှုတွေ ရှိတယ်လို့ သတင်းတချို့က ဆိုပေမယ့် စစ်ကောင်စီဘက်က တရားဝင်အတည်ပြုတာ၊ ငြင်းဆိုတာတွေ မရှိပါဘူး။
အဲဒီမြို့နှစ်မြို့ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်မှာ “ဝ” တပ်ဖွဲ့ဆီ အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” ဒေသသတင်းတွေကို ဖော်ပြပေးနေတဲ့ Wa Channel က ထုတ်ပြန်ခဲ့ပြီး လက်ရှိမှာ “ဝ” တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ဖို့ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ) ၁၄၅ နဲ့ ၁၄၃ အခြေစိုက်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့တို့ကို မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ လောက်က ပြန်မတိုက်ဘဲ လက်နက်ချ အညံ့ခံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ် မထိုးထားတဲ့ “ဝ” တပ်ဖွဲ့ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ဘက်မလိုက် မူဝါဒကို ကျင့်သုံးမှာဖြစ်ပြီး သူတို့ နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီ တာဝန်ရှိသူတွေဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ “ဝ” တပ်ဖွဲ့တို့ကို နာမည်တပ်မပြောဘဲ ညွှန်းဆိုဝေဖန်တာမျိုးတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး ကာလတလျှောက်လုံး ဘက်မလိုက်ရေး မူဝါဒ ကျင့်သုံးမယ်လို့ ထုတ်ဖော်ကြေညာကာ တိုက်ပွဲတွေမှာ လက်ရှောင်နေခဲ့တဲ့ “ဝ” တပ်ဖွဲ့က သူ့ရဲ့ ထိန်းချုပ်နယ်မြေကို သေနတ်မဖောက်ရဘဲ ချဲ့ထွင်လိုက်နိုင်တာနဲ့ပတ်သက်လို့တော့ စစ်ခေါင်းဆောင်တွေ နှုတ်ဆိတ်နေကြရပါတယ်။
“ စစ်တပ်က အင်အားအဘက်ဘက်လျော့ချိန် အင်အားများသူကို ကြောက်တာ မဆန်းပါဘူး ” လို့ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှမ်းမြောက်ဒေသခံတဦးက ပြောပါတယ်။
ဟိုပန်နဲ့ ပန်လုံမြို့တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲ ပါဝင်ပေမယ့် စစ်ကောင်စီတပ်ကပဲ အဓိက ထိန်းချုပ်ထားတဲ့ မြို့တွေ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းထဲမှာ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း နဲ့ ပန်ဆန်း (ပန်ခမ်း)စတဲ့ ခြောက်မြို့နယ်ပါဝင်ပါတယ်။ ပန်လုံမြို့ကတော့ ဟိုပန်မြို့နယ်ထဲက မြို့နယ်ခွဲအဆင့်ရှိတဲ့ မြို့ငယ်တခု ဖြစ်ပါတယ်။
အဲဒီခြောက်မြို့နယ်ထဲက ဟိုပန်နဲ့ မက်မန်း နှစ်မြို့နယ်ကိုသာ စစ်အုပ်စုရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရတွေက ထိန်းချုပ်နိုင်ပြီး ကျန်တဲ့လေးမြို့နယ်ကိုတော့ “ဝ” တပ်ဖွဲ့က ထိန်းချုပ်ထားတာပါ။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းကိုယ်တိုင် “ဝ” ဒေသရဲ့ မြို့တော် ပန်ခမ်း ကိုသွားပြီး UWSA တာဝန်ရှိသူတွေနဲ့ ရွေးကောက်ပွဲအတွက် ဆွေးနွေးညှိနှိုင်းခဲ့ရတာကို ကြည့်ရင် ဒီအချက်ကို သိနိုင်ပါတယ်။
လက်ရှိမှာတော့ ဘက်မလိုက်မူဝါဒ ကိုင်စွဲထားတယ်လို့ ကြေညာထားတဲ့ “ဝ” တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဟိုပန်နဲ့ပန်လုံမြို့တွေကို သေနတ်မဖောက်ရဘဲ ထိန်းချုပ်နိုင်သွားပြီ ဖြစ်ပါတယ်။
လေ့လာသူတချို့ကတော့ ဒီအခြေအနေကို ညီနောင်သုံးဖွဲ့က “ဝ” တပ်ဖွဲ့ အတွက်ပေးတဲ့ လက်ဆောင်လို့ တင်စားကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ဇော်ခိုင်ကတော့ ဟိုပန်နဲ့ ပန်လုံမြို့တွေဟာ နဂိုကတည်းက သတ်မှတ်ပေးထားတဲ့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲ ပါနေတဲ့အပြင် စစ်ရေးအကျပ်အတည်း ဖြစ်နေလို့ စစ်ကောင်စီက အဲဒါနဲ့ပတ်သက်ပြီး တစုံတရာ တုံ့ပြန်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ လက်ရှိ မြောက်ပိုင်းသုံးဖော်နဲ့တင် စစ်က အလူးအလဲဖြစ်နေတာ၊ “ဝ” ကိုသွားပြီး စစ်ပွဲထဲ ခေါ်လိုက်မယ်ဆိုလို့ရှိရင် နောက်ထပ် စစ်ဒေသတခုကို ၁၀၂၇ စစ်ဆင်ရေးထဲ ဆွဲသွင်းလိုက်သလို ဖြစ်သွားလိမ့်မယ်၊ အဲလောက်ထိ သူတို့လုပ်မှာ မဟုတ်ဘူး ” လို့ ဦးကျော်ဇောခိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေး စစ်နွှဲနေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကတဆင့် ရှမ်းမြောက်ဒေသအတွင်း နှစ်ဖက် အပစ်ရပ်လိုက်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်က အပစ်ရပ်ဖို့ သဘောတူညီလိုက်တဲ့အကြောင်း ထုတ်ပြန်ပြောဆိုပေမယ့် ဒီသဘောတူညီချက်ဟာ ရှမ်းမြောက်ဒေသတခုတည်းအတွက်လား ဒါမှမဟုတ် ညီနောင်သုံးဖွဲ့လှုပ်ရှားရာ ဒေသတွေအားလုံးအတွက်လား ဆိုတာကို ရှင်းပြတာ မရှိပါဘူး။
ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ အာဏာမသိမ်းခင်ကာလတွေကတည်းက အပြန်အလှန် အပစ်ရပ်ကြေညာခဲ့တာတွေ ရှိသလို လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာလည်း ကိုးကန့်ဒေသထဲမှာ ယာယီအပစ်ရပ်ခဲ့ကြဖူးပါတယ်။
ဒါကြောင့် အခုအပစ်ရပ်သဘောတူညီချက်ကို ရေရှည်ခိုင်မြဲဖို့ ဆက်လုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နိုင်သေးတယ်လို့ စစ်ကောင်စီထောက်ခံသူတွေကရော၊ တော်လှန်ရေးထောက်ခံသူတွေကြားမှာပါ သုံးသပ်မှုတွေ ရှိနေပါတယ်။
အကယ်၍ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် ညီနောင်သုံးဖွဲ့လက်ထဲက တခြားဒေသတွေလို မဟုတ်ဘဲ “ဝ” တပ်ဖွဲ့လက်ထဲ ရောက်သွားတဲ့ မြို့နှစ်မြို့ကိုရော ပြန်တိုက်ယူမလားဆိုတာ စစ်အုပ်စုဖြေရမယ့် မေးခွန်းဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသူ ဦးကျော်ဇော်ခိုင်ကတော့ အဲဒီမေးခွန်းအတွက် အဖြေကို အခုလိုသုံးသပ်ပါတယ်။
“ ပြန်ပစ်ပြီဆိုရင်လည်း ဟိုပန်၊ ပန်လုံဘက်ကို ဗုံးကြဲရဲမယ် မထင်ဘူး”