ညီညွတ်ရေးဦးစားပေးဖို့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတတိုက်တွန်း

နိုဝင်ဘာ၊ ၂၂
 
တော်လှန်ရေးကာလအတွင်း ညီညွတ်ရေးကို ဦးစားပေး အလေးထားရမှာဖြစ်သလို ခုခံတော်လှန်စစ်ဆင်နွှဲရင်း ညီညွတ်ရေးမူအခြေခံပြီး နိုင်ငံရေးအမြော်အမြင်ကြီးကြီးနဲ့ အင်အားစုစည်းဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က NUG အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။
 
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ တိုင်းဒေသတချို့မှာ ကြားကာလဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ဥပဒေပြဌာန်းတာနဲ့ ပတ်သက်လို့ NLD ပါတီနဲ့ NUG အပေါ် ဝေဖန်မှုတွေ ရှိနေချိန်မှာ ယာယီသမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။
 
“ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေး ဖြစ်သလို နိုင်ငံရေးနဲ့ တော်လှန်ရေးအင်အားစုအားလုံး ပေါင်းစည်းထားကြတဲ့ တပ်ပေါင်းစုတော်လှန်ရေး ပုံစံသစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်၊ နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးနဲ့ ထိုက်တန်တဲ့ ဂုဏ်ကို ရဖို့လိုသလို၊ လူထုနိုင်ငံရေးနဲ့ အပ်စပ်တဲ့ ညီညွတ်ရေး အသွင်သဏ္ဍာန် ဖြစ်ဖို့ လိုပါတယ် ” လို့ သူကပြောပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးအတွင်း စစ်ရေးအရ တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံရေးအရ ပြောင်းလဲမှုတွေ ဖော်ဆောင်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ အခြေခံမူတွေအတိုင်း မသွေဖယ်စေဘဲ နိုင်ငံရေးကိုယ်ကျင့်ပြည့်ပြည့်ဝဝနဲ့ ဝိုင်းဝန်းတည်ဆောက်ရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထောက်ပြပါတယ်။
 
လက်ရှိတော်လှန်ရေးကာလအတွင်း ခုခံတော်လှန်မှု အားကောင်းရာ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာဥပဒေကြမ်းတွေ အတည်ပြုလိုက်ကြောင်း လွှတ်တော်ဆိုင်ရာ ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီလို ဥပဒေကြမ်းတွေ အတည်ပြုလိုက်တာကို ကြိုဆိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ခဲ့ပေမယ့် စစ်ကိုင်းနဲ့ တနင်္သာရီဒေသတွင်းက သပိတ်အင်အားစုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
 
ကြားကာလအစီအမံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်ရာမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့အညီဖြစ်ဖို့၊ အဲဒီပဋိညာဥ်နဲ့ တခြားဖက်ဒရယ်ယူနစ်တွေရဲ့ လုပ်ငန်းစဥ်တွေကို ထောက်ရှုနမူနာယူဖို့၊ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေအားလုံး ပါဝင်ကာ တန်းတူမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ မြေပြင်အခြေအနေနဲ့ ကိုက်ညီဖို့ စတဲ့အချက်တွေကို တုံ့ပြန်တိုက်တွန်းတောင်းဆိုခဲ့ကြတာပါ။
 
NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ “ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကို မပျက်ယွင်းစေဘဲ၊ မိမိတို့ရဲ့ အနာဂတ်နိုင်ငံသစ်ကို စုပေါင်းတည်ဆောက်ကြဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုသစ်ကို တည်ဆောက်တဲ့နေရာမှာ အကျယ်ပြန့်ဆုံးသော လူထုနိုင်ငံရေးသစ်ကို စုပေါင်း တည်ဆောက်ကြဖို့ ဖြစ်ပါတယ် ” လို့ မနေ့ကသူ့ရဲ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
 
ဒါ့အပြင် အခုနှစ်အတွင်း တိုးတက်ပြောင်းလဲလာတဲ့ ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်စီမံမှုပုံစံဟာ ရှေ့သွားအနေနဲ့ အတုယူစရာဖြစ်တယ်လို့လည်း ယာယီသမ္မတက ဆက်ပြောပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ကြားကာလ လွှတ်တော်တွေအနေနဲ့ ထုတ်ပြန်ချက်တွေ ထုတ်ရာမှာ ကရင်နီလည်း ပါဝင်ခဲ့ပေမယ့် ကြားကာလလွှတ်တော် ဖွဲ့စည်းတယ်လို့သာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
ကရင်နီပြည်နယ်ရဲ့ လက်ရှိနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေအရ ရွေးကောက်ခံအမတ်တွေနဲ့ တခြားတော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေကြား အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနေတဲ့ အခြေအနေလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြတာပါ။
 
ကရင်နီဒေသတွင်းက ရွေးကောက်ခံအမတ်တွေနဲ့ တခြားတော်လှန်ရေးအင်အားစုတွေကြား လူသိရှင်ကြား ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားမှု ပြင်းထန်တဲ့ အခြေအနေမျိုးကိုလည်း လက်ရှိအထိ မတွေ့ရသေးပါဘူး။
 
နွေဦးတော်လှန်ရေးအတွင်းက နိုင်ငံရေးဖြစ်ထွန်းမှု ပုံစံသစ်အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ရဲ့ အခြေခံမူတွေနဲ့ မသွေဖယ်ဖို့ အထူးလိုအပ်သလို နိုင်ငံရေးအင်အားစုဖွဲ့မှုပုံစံတွေဟာ လူထုသဘောဆန္ဒနဲ့ တထပ်တည်း ကျဖို့လည်း လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
 
“ နိုင်ငံရေးအရ အင်အားစုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ၊ တတ်နိုင်သရွေ့ မိမိတို့ နိုင်ငံရေးအမြင်ကို ကျယ်သထက်ကျယ်အောင် ချဲ့ပြီး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – Social Media