ကွန်ဂို-ဘရက်ဇာဗီးလ်မှာ စစ်သားသစ် စုဆောင်းတဲ့နေရာကို အလုအယက် တိုးဝှေ့ကြရာက လူလေးဆယ်နီးပါး သေဆုံး

နိုဝင်ဘာ၊ ၂၂

ကွန်ဂို-ဘရက်ဇာဗီးလ် နိုင်ငံမှာ စစ်သားသစ် စုဆောင်းရေး လျှောက်လွှာတင်ကြတဲ့ နေရာတခုမှာ လူတွေ စုပြုံတိုးဝှေ့ရင်း အချင်းချင်း တက်နင်းမိတာကြောင့် ၄၀ နီးပါး သေဆုံးခဲ့ပါတယ်။

အာဖရိကတိုက် အလယ်ပိုင်းဒေသတွင်း နိုင်ငံရဲ့ မြို့တော် ဘရက်ဇာဗီးလ်က အားကစားရုံ တခုထဲမှာ တပ်သားသစ် စုဆောင်းရေး လျှောက်လွှာတွေ လက်ခံနေတဲ့အချိန် လူတွေ စုပြုံ တိုးဝှေ့ကြရာက အခုလို ဖြစ်ရပ်ဆိုး ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

ကွန်ဂို-ဘရက်ဇာဗီးလ် စစ်တပ်က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အလေးအနက် စုံစမ်း စစ်ဆေးသွားမယ်လို့ နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်က ၃၇ ဦးထက်မနည်း ရှိနေပြီး ဒဏ်ရာရသူတွေလည်း ဒါဇင် တော်တော်များများ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံ ဝန်ကြီးချုပ် အနာတိုလီ ကိုလင်နက် မာကော့ဆိုက ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးအတွက် အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်း၊ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးအဆင့် တာဝန်ရှိသူတွေကို ညွှန်ကြားထားကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကွန်ဂို-ဘရက်ဇာဗီးလ် စစ်တပ်က အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြား တပ်သားသစ် ၁၅၀၀ ကို စုဆောင်း ခေါ်ယူသွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ညပိုင်းက မစ်ချယ်ဒီ အိုနာနို အားကစားရုံကြီးထဲမှာ လျှောက်လွှာတွေ လက်ခံနေတဲ့အချိန် လူတွေ ပြုံတိုးရင်း အခုလို ဆိုးဆိုးရွားရွား သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

လူဦးရေ ၅.၈ သန်းလောက်ရှိတဲ့ ကွန်ဂို-ဘရက်ဇာဗီးလ်မှာ အလုပ်လက်မဲ့ ပြဿနာတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတာကြောင့် စစ်တပ်က အလုပ်ခေါ်ချိန်မှာ လျှောက်လွှာတင်ဖို့ လူငယ်တွေ အသည်းအသန် ကြိုးစားခဲ့တာပါ။

ကွန်ဂို သမ္မတနိုင်ငံလို့လည်း ခေါ်တွင်တဲ့ ကွန်ဂို-ဘရက်ဇာဗီးလ်ဟာ လူသိများတဲ့ ကွန်ဂိုနိုင်ငံ (ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ)နဲ့ မတူပါဘူး။ ကွန်ဂို-ဘရက်ဇာဗီးလ်မှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေတာ၊ ဒါမှမဟုတ် ကြုံရာကျပန်းနဲ့ အာမခံချက် အခိုင်အမာ မရှိတဲ့ အလုပ်ခွင်တွေမှာ လုပ်ကိုင်နေရတာမျိုး ကြုံတွေ့နေတယ်လို့လည်း သိရပါတယ်။

 

Ref: Al Jazeera