ပေါက်မှာ ရဲဲစခန်းကို သွားတိုက်တဲ့ လမ်းပြအမျိုးသမီးအပါအဝင် PDF နှစ်ဆယ်ကျော်ကျဆုံး

နိုဝင်ဘာ၊ ၁၆
 
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ လမ်းပြအမျိုးသမီးတဦး အပါအဝင် ပြည်သူ့ကာကွယ်ရေး (PDF)တပ်ဖွဲ့ဝင် ၂၁ ဦး ကျဆုံးပြီး လက်နက်ငယ်တချို့ ဆုံးရှုံးခဲတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကတည်းက တိုက်ခိုက်နေတဲ့ ဇီးပြားရွာရဲစခန်းကို မနေ့က ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ရဲ့ မထင်မှတ်တဲ့ ဗျူဟာကြောင့် အခုလို ရဲဘော်အများအပြား ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
 
“ အဲ့မှာ ကျွန်တော်တို့ တရွာလုံး စီးနိုင်နေပြီဗျ။ သူတို့က ရဲရော၊ ပျူရော ရှိတာ။ ရွာထဲမှာ ဘန်ကာတွေ ဘာညာနဲ့ ပျူတွေက နေတာလေ။ ဘုန်းကြီးကျောင်းမှာရော။ အဲ့ချိန်ကျွန်တော်တို့က ဝင်လုံးဖို့သွားတဲ့ခါ သူတို့က ထင်မှတ်မထားဘဲ သူတို့ ဝိုင်းတာခံလိုက်ရတာ “ လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်လကျ်ာက ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း ဇီးပြားရွာကို ပျူစောထီးတွေ စိုးမိုးနေလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတဦးလည်း တော်လှန်ရေးတပ်တွေကို လမ်းပြရင်း စစ်ကောင်စီဘက်တော်သားတွေရဲ့ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။
 
ဒါ့အပြင် ကျဆုံးသူတွေထဲ မြိုင်နဲ့ပေါက် ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တွေ ပါဝင်ပြီး ကျဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရဘဲ ရဲဘော် ငါးဦးရဲ့ ရုပ်အလောင်းသာ ပြန်ရပြီး ကျန်တဲ့သူတွေရဲ့ အလောင်းကို ကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
 
မြိုင် PDF တပ်ရင်း ၁၊ ၂ နဲ့ ပေါက်ကျေးရွာကာကွယ်ရေးတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဒီလ ၁၀ ရက်က ဇီးပြားရွာ ရဲစခန်းကို စတင်ချဉ်းကပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက် ဒရုန်းကို ပစ်ချနိုင်ခဲ့သလို အဲဒီဒရုန်းကို လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ရာ နှစ်ဦးသေဆုံးခဲ့ပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဟာ စတိုက်တဲ့ရက်ကနေ ၁၄ ရက်အထိ ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး တထောင်ခန့် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၃၁ ဦး သေဆုံးခဲ့သလို ကျေးရွာတရွာလုံး စီးနင်းနိုင်ချိန်အခုလို ကျဆုံးခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာတဲ့သူတွေ ရဟတ်ယာဉ်နဲ့ ဒီနေ့မှာ သယ်သွားတယ်လို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး Mi 35 ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး စက်လက်တွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ပေါက်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)၂၄ ကလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေအတွက် ပေးဆပ်မှုကြီးမားတဲ့အပြင် ပြင်ဆင်မှုကောင်းကောင်းလုပ်ဖို့ လိုတယ်ဆိုတဲ့ သင်ခန်းစာရတယ်လို့ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်လင်္ကျာက ဆိုပါတယ်။
 
” ဒီဟာနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုကောင်းကောင်းလုပ်ပြီး ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက်၊ အဲဒီစခန်းပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ရဲဘော်တွေ ကျဆုံးမှုအပေါ် ပြန်လည် တိုက်ခိုက်သွားမှာ ” လို့ ဗိုလ်လင်္ကျာက ပြောပါတယ်။
 
ဓာတ်ပုံ – People Media
ပုံစာ – မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ စစ်ကောင်စီရဲကင်းစခန်းကို တော်လှန်ရေးအင်အားတွေရဲ့ တိုက်ခိုက်ခံရပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က တွေ့ရစဉ်။