လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတပ်တွေ သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် လက်နက်ချ

နိုဝင်ဘာ၊ ၁၅
 
ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ပြီဖြစ်ပြီး အဲဒီတက္ကသိုလ်ထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ၃၂ ဦး လက်နက်ချကာ တရာကျော်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
“ တက္ကသိုလ်ကို ကျွန်တော်တို့ အပြည့်အဝ ထိန်းချုပ်သွားနိုင်ပါပြီ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တယောက်မှ မရှိတော့ပါဘူး ” လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့အပါအဝင် ၁၁၀ ကျော် သေဆုံးကာ လက်နက်မျိုးစုံ ၁၂၈ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
 
“ လက်နက်ချတဲ့ သုံးဆယ်ကျော်ကလွဲပြီး ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကုန်လုံးကို ချေမှုန်းနိုင်ခဲ့တာပါ၊ တိုက်ပွဲဖြစ်နေတုန်း စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲတာတော့ အခေါက်ရေ မရေနိုင်လောက်အောက်ပဲ ” လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
 
ကရင်နီ ပူးပေါင်းတပ်တွေက အခုလ ၁၁ ရက်မှာ “၁၁၁၁” စစ်ဆင်ရေး အနေနဲ့ လွိုင်ကော်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်တွေကိုတော့ နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တာပါ။
 
အဲဒီထိုးစစ်အတွင်း နိုဝင်ဘာ ၁၃ ရက် တရက်တည်း စစ်ကောင်စီဘက်က ခမရ (၄၂၅) တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့အပါအဝင် တရင်းလုံးနီးပါးသေဆုံးခဲ့သလို ခမရ(၆)ရဲ့အင်အားတဝက်လောက်လည်း သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တက္ကသိုလ်ဝန်းထဲ နောက်ဆုံးကျန်နေတဲ့ ခမရ (၆) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့က မနက်ပိုင်းကစလို့ တနေ့လုံး ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ အခွင့်အရေး ပေးခဲ့တာလို့ ဆိုပါတယ်။
 
လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် လွိုင်ကော်တက္ကသိုလ်တိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၃၈ ဦးကို စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့ စစ်သုံ့ပန်းဆိုင်ရာ မူဝါဒတွေအတိုင်း ခံစားခွင့်ပေးထားသလို ကျန်းမာရေးစောင့်ရှောက်မှုပါပေးပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
 
“ တနိုင်ငံလုံး ထိုးစစ်ဆင်ခံနေရတော့ သူတို့တပ်အင်အားလည်း မဖြည့်တင်းနိုင်ဘူး၊ သူတို့က စိတ်ဓာတ်နဲ့ တိုက်နေတာမျိုးထက် မဖြစ်မနေမို့လို့သာ တိုက်နေရတဲ့ပုံစံမျိုး ဖြစ်နေတာ၊ စိတ်ဓာတ်တော်တော်ပျက်ပြားနေပြီ ”လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။
 
ဓာတ်ပုံ – KNDF