လွိုင်ကော်တက္ကသိုလ်က NON-CDM ဝန်ထမ်းတွေကို စစ်ကောင်စီက တိုက်ပွဲအတွင်း စွန့်ပစ်ခဲ့တယ်လို့ဆို

နိုဝင်ဘာ၊ ၁၅
 
ကရင်နီ (ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့အချိန် လွိုင်ကော်တက္ကသိုလ်မှာရှိတဲ့ Non CDM ဝန်ထမ်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို စစ်ကောင်စီတပ်က ကယ်ဆယ်ရေးမလုပ်ဘဲ လျစ်လျူရှု စွန့်ပစ်ထားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်တင်ခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
 
“ စစ်တပ်ရှိတဲ့ ဝန်ကြီးအိမ်ယာ၊ အစိုးရဂေဟာတွေနဲ့ တက္ကသိုလ်က လမ်းလျှောက်ရင် ဆယ်မိနစ်လောက်ပဲ ဝေးတာ၊ အဲ့ဒါကို လာခေါ်ထုတ်မသွားဘူး ” လို့ IEC အတွင်းရေးမှူး (၂) ဖြစ်သူ ကိုဗညားက DNA ကို ပြောပါတယ်။
 
အဲဒီ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို လွိုင်ကော်တိုက်ပွဲ သုံးရက်မြောက် အခုလ ၁၃ ရက်မှာ ကရင်နီ တော်လှန်ရေးတပ်တွေ ကယ်ထုတ်ပြီး ဘေးလွတ်ရာနေရာကို ပို့ပေးခဲ့တယ်လို့လည်း ကိုဗညားက ပြောပါတယ်။
 
လွိုင်ကော်မြို့တွင်းမှာပဲရှိတဲ့ အဲဒီ လွိုင်ကော်တက္ကသိုလ်ဝင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရင်ကတည်းက တပ်စွဲထားတာဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
 
အခု နိုဝင်ဘာ ၁၁ ရက်နေ့က ကရင်နီပူးပေါင်းတပ်တွေ စတင်ခဲ့တဲ့ (၁၁၁၁) စစ်ဆင်ရေး အတွင်းမှာတော့ လွိုင်ကော်တက္ကသိုလ်ဝင်းထဲက အဲဒီစစ်ကောင်စီတပ်တွေကိုပါ ဝင်တိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှာ လွိုင်ကော်တက္ကသိုလ်ကို ကရင်နီတပ်တွေ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
“ ကျွန်တော်တို့တပ်တွေနဲ့ သူသေကိုယ်သေ တိုက်နေတဲ့ စစ်ကောင်စီတပ်တွေကိုတောင် လက်နက်ချရင် လုံခြုံအောင်လုပ်ပေးရသေးတာ၊ အခုက အရပ်သား ဝန်ထမ်းတွေ ဖြစ်နေတော့ ပိုပြီးတောင်လုပ်ပေးရသေးတယ်၊ အသက်အန္တရာယ်ရှိနေတဲ့ မည်သူကိုမဆို ကျွန်တော်တို့ ကယ်ဆယ်ရမှာပဲ ” လို့လည်း ကိုဗညားက ပြောပါတယ်။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ မနေ့ နိုဝင်ဘာ ၁၄ ရက်ထုတ် ကြေးမုံ သတင်းစာကနေ တဆင့် ထုတ်ပြန်ပြောဆိုထားသလို ကရင်နီတပ်တွေက အဲဒီဝန်ထမ်းတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီအသုံးချခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
 
“ သူတို့ ကယ်ထုတ်တယ်ပြောတာက ဝါဒဖြန့်သက်သက်လို့ပဲထင်တယ်၊ ၁၁ ရက်နေ့ (နိုဝင်ဘာ) ကတည်းက သူတို့ (စစ်တပ်) အေးအေးဆေးဆေး လာကယ်ထုတ်လို့ရတယ်၊ အဲတုန်းက အဲ့ဘက်တိုက်ပွဲ မပြင်းထန်သေးဘူး ” လို့ ကိုဗညားက ပြောပါတယ်။
 
IEC ကတော့ အဲဒီဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ” CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း ” ပါ Non CDM ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ကိုးကားပြီး စီမံဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်အသိပေးထားပါတယ်။
 
လွိုင်ကော်မြို့ပေါ်နဲ့ အနီးအနားတဝိုက်မှာတော့ လက်ရှိအချိန်ထိလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ရှိနေပြီး ပစ်ခတ်မှုတွေ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေကြောင့် ပိတ်မိနေတဲ့ မြို့ခံတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
 
ဓာတ်ပုံ – IEC
ပုံစာ – ကရင်နီ တော်လှန်ရေးတပ်တွေ ကယ်ထုတ်ခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတွေနဲ့ မိသားစုဝင်တချို့။