ရခိုင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ တညအတွင်း လေးဦးသေ၊ နှစ်ဆယ်နီးပါး ဒဏ်ရာရ

 
နိုဝင်ဘာ၊ ၁၅
 
ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ အမ်းမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် မနေ့က တညတည်းအတွင်း အရပ်သားသေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦးထက်မနည်း ရှိခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
 
တပ်စခန်းအချို့ သိမ်းပိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် တပ်အရာရှိတချို့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်အတွင်း မြို့နယ်တွေမှာ ညဘက်ရောက်တိုင်း အထိုင်စခန်းတွေဆီကနေ လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။
 
အဲဒီလက်နက်ကြီးတွေဟာ မြို့ပေါ်ရပ်ကွက်နဲ့ လူနေရွာတွေထဲ ကျရောက်ပေါက်ကွဲမှုတွေ ရှိနေပြီး မနေ့ညမှာ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် (မူဆလင်)ရွာမှ အစ္စလာမ်ဘာသာဝင် အမျိုးသမီး တဦး၊ အမျိုးသား နှစ်ဦးနဲ့ အမ်းမြို့နယ်၊ သဲကမ်းထောင်းရွာမှ သက်ကြီးအမျိုးသား တဦးတို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
 
” နေမှောင်ပြီဆိုတာနဲ့ စပစ်ပြီ၊ တပ်ရင်းတွေကရော၊ ကျိန်းတောင်အမြှောက်စခန်းကရော ပစ်တယ်။ စက်သေနတ်တွေနဲ့ပါ လျှောက်ပစ်တာ။ တိုက်ပွဲဖြစ်တာလည်း ဘာမှမရှိဘဲ ဒီအတိုင်း အသားလွှတ်ကို ပစ်နေတာ။ ဗုံးခိုကျင်းရှိတဲ့သူတွေဆို တညလုံး ကျင်းထဲမှာပဲ နေကြရတယ် ” လို့ မင်းပြားမြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ဒဏ်ရာရသူတွေကတော့ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် (မူဆလင်)ရွာမှ ရှစ်ဦး၊ ဘူးပင်ရွာမှ နှစ်ဦး၊ မင်းပြားမြို့ပေါ် ကျွန်းညိုရပ်ကွက်မှ တဦး၊ အမ်းမြို့နယ် သဲကမ်းထောင့်ရွာမှ တဦးနဲ့ အမ်းမြို့နယ် အလယ်ကျွန်းရွာမှ ခြောက်ဦး တို့ဖြစ်ကြပါတယ်။
 
အဲဒီ သေဆုံး၊ ဒဏ်ရာရသူတွေဟာ မနေ့က နိုဝင်ဘာ ၁၄ ရက် တညတည်းအတွင်းမှာ ရှိခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ အသက် တနှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် ၁၈ နှစ်အောက် ခြောက်ဦးနဲ့ အမျိုးသမီး ဆယ်ဦး ပါဝင်ပါတယ်။
 
” ရွာထဲကို ဘယ်နှစ်လုံးကျမှန်းတောင် မသိဘူး။ အများကြီးပဲ ပစ်နေတာ အခုထိ ရွာထဲမှာ မပေါက်သေးတဲ့ လက်နက်ကြီး တလုံးတောင် ရှိသေးတယ် ” လို့ မင်းပြားမြို့နယ်၊ ဘူးပင်ရွာသားတဦးက DNA ကို ပြောပါတယ်။
 
အလားတူပဲ အမ်းမြို့နယ်မှာဆိုရင်လည်း တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိဘဲ ကစုကိုင်း အထိုင်စခန်းကနေ လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ရမ်းသမ်းပစ်ခတ်နေခဲ့တာဖြစ်ပြီး မနေ့က တညတည်းမှာ လက်နက်ကြီးအချက်ပေါင်း ခုနှစ်ဆယ် ဝန်းကျင်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ညနေ လေးနာရီလောက်ကတည်းကနေ မနက် ၂ နာရီလောက်အထိ တောက်လျောက်ပစ်နေခဲ့တာ၊ အတွဲလိုက်ဒုံးတွေနဲ့ရောပဲ ” လို့ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှု ရှိခဲ့တဲ့ အမ်းမြို့နယ် အလယ်ကျွန်းရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
 
အလယ်ကျွန်းမှ လက်နက်ထိမှန် ဒဏ်ရာရခဲ့ကြသူတွေဟာ စစ်ကောင်စီတပ်က လမ်းပိတ်ထားတာကြောင့် မြို့ပေါ်ဆေးရုံသို့ သွားခွင့်မရဘဲ အနောက်ရွာရှိ ဆေးပေးခန်းမှာသာ ကုသနေရပြီး ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ်တဦး အပါအဝင် သုံးဦးမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
 
အခုအခါစစ်ကောင်စီတပ်နဲ့ AA တို့က ရွာအတွင်းမှ ထွက်သွားကြဖို့ ဆက်သွယ်ပြောကြားလာတာကြောင့် ရွာသားတွေအားလုံး ထွက်ပြေးနေကြရတယ်လို့လည်း အလယ်ကျွန်းရွာသားတဦးက ပြောပါတယ်။ ” ဆေးရုံလည်း သွားလို့မရ၊ ပြေးစရာလည်း မရှိဘူး ” လို့ အဲဒီရွာသားက ပြောပါတယ်။
 
ဒါ့အပြင် တိုက်ပွဲတွေ စဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့အတွင်းက အရပ်သား ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ဆယ်ဦးထက်မနည်း ရှိခဲ့ပါတယ်။
 
အလားတူပဲ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထရွန်အိုင်ရွာမှ အရပ်သား လေးဦးထက်မနည်း သေဆုံးမှု ရှိတယ်လို့ ပလက်ဝဒေသခံတွေက ပြောထားကြပါတယ်။
 
တနှစ်နီးပါး ရပ်ထားခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ရခိုင်ပြည်တွင်း တိုက်ပွဲတွေဟာ နိုဝင်ဘာ ၁၃ ရက်မှာ AA က စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကြောင်းတွေကို ဝင်တိုက်ရာကနေ ပြန်စခဲ့တာဖြစ်ပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်း ရသေ့တောင်မြို့နယ်အတွင်းက နယ်ခြားစောင့် ရဲကင်းစခန်းနှစ်ခုကို သိမ်းပိုက်ရရှိထားကာ ဒုတပ်ရင်းမှူးတဦး အပါအဝင် ၁၁ ဦးကို အရှင်ဖမ်းဆီးရမိထားပြီး လက်နက်ချ၊ အညံ့ခံလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း သုံးဆယ်ဝန်းကျင်အထိ ရှိနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်း၊ နယ်ခြားစောင့်ရဲစခန်းနဲ့ နယ်မြေရဲစခန်း အများအပြားဟာလည်း သူတို့ရဲ့စခန်းတွေကို ဆုတ်ခွာ၊ ရုပ်သိမ်းသွားခဲ့ပြီး တိုက်ပွဲသုံးရက်တာအတွင်း ငါးဆယ်ဝန်းကျင်လောက်ထိ ရှိနိုင်တယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောထားကြပါတယ်။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်အတွင်းက အင်အားနည်းတဲ့ ရဲစခန်းတွေကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်နေတယ်လို့ နိုဝင်ဘာလ ၁၄ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီတပ်အနေနဲ့ အခုလို တိုက်ပွဲမရှိဘဲ အရပ်သားရွာတွေဆီ ဦးတည်ပစ်ခတ်မှုတွေ လုပ်နေတာဟာ တိုက်ပွဲဖြစ်ရင် ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်မယ်လို့ ကြိုတင်ခြိမ်းခြောက်ထားတဲ့အတိုင်း အကောင်အထည်ဖော်လာတာလို့ ဒေသခံတက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ အမ်းမြို့နယ်၊ ကစုကိုင်း အထိုင်စခန်းမှ ဒုတပ်ရင်းမှူး အဆင့်ရှိသူဟာ တိုက်ပွဲ‌တွေ စမဖြစ်ခင် နိုဝင်ဘာ ၅ ရက်က ဒေသတွင်း ကျေးရွာအုပ်ချုပ်ရေးမှုးတွေကို တိုက်ပွဲမဖြစ်အောင် ထိန်းပေးဖို့နဲ့ ဖြစ်ခဲ့ရင် ရွာတွေထဲ လက်နက်ကြီးတွေနဲ့ လှမ်းပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာပါ။
 
” ဘယ်တုန်းကမှ အရပ်သားတွေကို မညှာဘူး။ အခုလည်း အရပ်သားရွာတွေကို တမင်ပစ်တာဖြစ်တယ် ” လို့ ရခိုင်ပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media/ABN