နိုဝင်ဘာ၊ ၁၅
ရှမ်းမြောက်က တိုက်ပွဲတွေကြောင့် လောက်ကိုင်မှာ ကျန်ရှ်ိနေသေးတဲ့ နေရပ်ပြန်ချင်တဲ့ ရွှေ့ပြောင်းလုပ်သားတချို့ကို လားရှိုးကို ပို့ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်မှုတွေ ရှိနေတယ်လို့ ကိုယ်တိုင်အလိမ်ခံရသူတွေနဲ့ ကားဂိတ်တာဝန်ခံတွေက DNA ကိုပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး တိုက်ပွဲတွေကြောင့် လောက်ကိုင်မှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေချိန် အခုလို လိမ်လည်မှုတွေ ရှိလာတာပါ။
လောက်ကိုင်-လားရှိုး ခရီးကို အရင်က Van ကားနဲ့ ပုံမှန်ကားခ ရှေ့ခန်း လေးသောင်း၊ နောက်ခန်း ၃၅,၀၀၀ စျေးနှုန်းကို အခုအချိန်မှာ တရုတ်ယွမ် ၂,၅ဝဝ ယွမ် (မြန်မာငွေ ၁,၁၅၀,၀၀၀ ခန့်)နဲ့ ယွမ် သုံးထောင် (မြန်မာငွေ ၁,၃၈၀,၀၀၀ ခန့်) ကားဂိတ်ပေါ်မူတည် ကောက်ခံနေကြတယ်လို့ ကားဂိတ်တာဝန်ခံတွေက ဆိုပါတယ်။
ဒါ့ကြောင့် အဲဒီခရီးကို မြန်မာငွေသုံးသိန်းနဲ့ ပို့ပေးမယ်ဆိုပြီး လိမ်လည်ကြတာပါ။
” ကျွန်မနဲ့ ကျွန်မသူငယ်ချင်း။ ကျွန်မတို့က အိမ်ကိုပြန်ချင်တယ်လေနော်။ အဲ့တာ အသိအမက Tik Tok ကနေ တွေ့လို့ လာပြောပြတာ သူကလည်း လိမ်မှန်းမသိဘူး။ ကျွန်မလည်း လိမ်မှန်းမသိဘူး ” လို့ ကိုယ်တိုင်အလိမ်ခံရသူ မဖြူပြာ (အမည်လွှဲ)က ပြောပါတယ်။
သူတို့နှစ်ဦးစလုံးဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကနေ လောက်ကိုင်က အလှပြင်ဆိုင်မှာ အလုပ်လုပ်နေကြတာပါ။
လိမ်လည်တဲ့သူဟာTik Tok အကောင့်မှာ ထွန်းတောက်လှိုင်၊ ထွန်း၊ မိုးထွန်း စတဲ့ ကားဂိတ်ကပါဆိုပြီး လိမ်လည်ပြောဆိုကာ လောက်ကိုင်-လားရှိုး ခရီးကို တဦး သုံးသိန်းကျပ်နဲ့ ပို့ဆောင်ပေးမယ်ပြောတဲ့အတွက် စရန်ငွေ တဦး ကျပ်တသိန်းခွဲနဲ့ နှစ်ယောက် ကျပ်သုံးသိန်း ပေးလိုက်တယ်လို့ ဆိုပါတယ်။
” စရန်ပေးပြီး တကယ်ဆက်သွယ်တော့ ဆက်သွယ်လို့ မရမှ လိမ်မှန်းသိတာ ” လို့ မဖြူပြာက ပြောပါတယ်။
အခုလို လောက်ကိုင်-လားရှိုး ကို သွားလာဖို့ ခက်ခဲနေချိန်မှာ လိမ်လည်တာတွေ ရှိတယ်လို့ ကားဂိတ်တချို့ကလည်း အတည်ပြုပြောဆိုပါတယ်။
” ကျွန်တော်တို့က ခုက ပုံမှန်ဆွဲတာက လားရှိုး-မန်းလေး သွားလို့ရတဲ့အကြောင်းကို လိုင်းပေါ်မှာ တင်တယ်။ အဲ့တာကို သူက အဲ့ပုံလေးတွေကို တခြားဂိတ်က ပုံတွေနဲ့ သူကိုယ်တိုင်သွားတဲ့ပုံစံမျိုးနဲ့ လုပ်နေတယ် ” လို့ လောက်ကိုင်-လားရှိုး-မန္တလေး ပြေးဆွဲနေတဲ့ ကားဂိတ်တာဝန်ခံ တဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ လောက်ကိုင်မြို့အပါအဝင် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကုန်းကြမ်း စတဲ့မြို့နယ် ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး သတ်မှတ်လိုက်ကြောင်း နိုဝင်ဘာ ၁၂ ရက်၊ ညပိုင်းမှာ ကြေညာထားပါတယ်။
ဒါ့ကြောင့် အရင်က ပုံမှန် ၅ နာရီဝန်းကျင်သာ ကြာတဲ့ လောက်ကိုင်-လားရှိုး ခရီးဟာ အခုအချိန်မှာ တိုက်ပွဲတွေကြောင့် ရှောင်ကွင်း မောင်းနှင်ရတာ၊ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတာတွေကြောင့် သုံးညအိပ် လေးရက်သွားလာနေရတဲ့ ခရီးဖြစ်လာတယ်လို့လည်း အဲဒီကားဂိတ်တာဝန်ခံက ဆိုပါတယ်။
ဒါ့အပြင် လိမ်လည်သူတွေဟာ ကားခစရန်ငွေ ကြိုပေးမှ လာကြိုမယ်လို့ ပြောတာကြောင့် အလိမ်ခံရတဲ့သူတွေဟာ တချို့က စရန်ငွေ သုံးသိန်း ပေးထားရတာ ရှိသလို တချို့က စရန်ငွေတသိန်း ပေးထားရတာလည်း ရှိတယ်လို့ သိရပါတယ်။
စရန်ငွေသွင်းပြီး နောက်တရက် လာကြိုမယ်လို့ ပြောပေမယ့် နောက်တရက်မှာ လာမကြိုတာကြောင့် ဖုန်းဆက်မေးလိုက်တဲ့အချိန်မှာ ပိုက်ဆံအပြည့်မပေးထားလို့ လာမကြိုတာလို့ အကြောင်းပြပြီး နောက်တကြိမ် ထပ်မံဆက်သွယ်တဲ့ချိန်မှာ ဆက်သွယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။
” သူက တယောက်ကို သုံးသိန်းတဲ့၊ အပြည့်ပေးရမယ်တဲ့။ အဲ့တာနဲ့ ညီမလည်း တသိန်းပေးထားမယ်။ လားရှိုးရောက်မှ ထပ်ပေးမယ် ရလားဆိုတော့၊ ရတယ်တဲ့ အဲ့တာနဲ့ လွှဲပေးလိုက်တာ ” လို့ နောက်ထပ် အလိမ်ခံရသူ အမျိုးသမီးတဦးက ဆိုပါတယ်။
သူကလည်း လားရှိုးမြို့ကနေ လောက်ကိုင်က အလှပြင်ဆိုင်မှာ အလုပ်လုပ်နေသူပါ။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်-မြန်မာ နယ်စပ်နဲ့ မြန်မာနိုင်ငံထဲက အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို နှိမ်နင်းဖို့ကလည်း စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ထဲက တခုအပါအဝင် ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး လောက်ကိုင်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ တခြားလုပ်ငန်းတော်တော်များများဟာ ပိတ်ထားကြရပြီး လူအများအပြားလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ်အထူးတပ်ဖွဲ့တွေဟာ လောက်ကိုင်မြို့ထဲ ဝင်ရောက်ပြီး ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးနေသလို ကိုးကန့်တပ် (MMDAA) က လောက်ကိုင်မြို့ကို ဝင်တိုက်တော့မယ်လို့ ဒီလ ၁၄ ရက်က ထုတ်ပြန်ထားတာ ရှိပါတယ်။
ဒါကြောင့် လောက်ကိုင်မှာ ကျန်ရှိနေသေးတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ဆက်လက်နေထိုင်ဖို့ အဆင်မပြေတာကြောင့် အားလုံးနီးပါးဟာ နေရပ်ပြန်ချင်နေကြတာကို အခုလို အခွင့်ကောင်းယူပြီး လိမ်လည်နေတာလို့ ဆိုပါတယ်။
” လောက်ကိုင်ကနေ ပြန်ထွက်လာချင်ကြတဲ့သူတွေ မနည်းဘူးလေ။ သုံးသိန်း၊ ငါးသိန်းဆိုလည်း ပေးမှာပဲ။ အခုဆို ဘယ်လောက်တောင် အလိမ်ခံနေရပြီလည်း မသိဘူး။ သူအကောင့်မှာ လာမေးထားတဲ့လူတွေမှ အများပဲ ” လို့ မဖြူပြာ (အမည်လွှဲ)က ဆိုပါတယ်။
Moe Htet ဆိုတဲ့ Tik Tok အကောင့်မှာ Follower တထောင်ကျော်ရှိပြီး လောက်ကိုင်-လားရှိုး ပြေးဆွဲနေတဲ့ ထွန်းတောက်လှိုင် ကားဂိတ်က အရင်က တင်ထားတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို ယူသုံးပြီး လိမ်လည်နေတာလို့ ကားဂိတ်တာဝန်ခံတွေနဲ့ လိမ်လည်ခံရသူတွေက ဆိုပါတယ်။
” တိတိကျကျ ပိုက်ဆံလွှဲပေးလိုက်တယ်ဆိုပြီး လာပြောတာတော့ သုံးလေးယောက်တော့ ရှိတယ်။ နှစ်သိန်း၊ သုံးသိန်း၊ တသိန်း တို့ လွှဲခိုင်းလိုက်လို့ လွှဲလိုက်တာတို့၊ နေ့တိုင်း ဖုန်းလှမ်းဆက်ပြီး မေးတာတော့ နေ့တိုင်းပဲ။ အဲ့လူတွေကတော့ လိမ်ခံရလား၊ မခံရလား မသိဘူး သူတို့ကလည်း မပြောဘူး ” လို့ လောက်ကိုင်-လားရှိုး-မန္တလေး ပြေးဆွဲတဲ့ ကားဂိတ်တာဝန်ခံ တဦးက ပြောပါတယ်။
ဒါ့အပြင် comment တွေမှာ နေရပ်ပြန်ချင်တဲ့ လူအများအပြားက လာရောက်မေးမြန်းနေတာတွေကိုလည်း တွေ့နေရတာကြောင့် အလိမ်ခံရသူတွေလည်း အများအပြား ရှိနိုင်တယ်လို့ ကိုယ်တိုင်အလိမ်ခံရသူတွေက ပြောပါတယ်။
လောက်ကိုင်မြို့မှာ ဖုန်းလိုင်းတွေ မရတဲ့အတွက် ခရီးသည်တွေဟာ အွန်လိုင်းပေါ်က တွေ့တဲ့ လိမ်လည်သူတွေ တင်ထားတာကို ဆက်သွယ်ပြီး ငွေလွှဲတာမျိုး မလုပ်ဘဲ တရားဝင်ဂိတ်တွေကိုသာ ဆက်သွယ်ဖို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက သတိပေးကြပါတယ်။
” ဆင်းချင်တဲ့လူက များတဲ့တွက်ကြောင့် လိုင်းပေါ်မြင်တိုင်းလည်း မယုံကြပါနဲ့။ ခေတ်ကာလ မကောင်းတာရောဆိုတော့ တရားဝင်စုံစမ်းပြီး မှပိုက်ဆံလွှဲပါ ” လို့ လောက်ကိုင်-လားရှိုး-မန္တလေး ပြေးဆွဲတဲ့ ကားဂိတ် တာဝန်ရှိသူတဦးက အကြံပြုတိုက်တွန်းပါတယ်။
ဓာတ်ပုံ – AP