ထီးချိုင့်မှာ လေကြောင်းက တိုက်ခိုက်လို့ အရပ်သား၁၈ ဦးသေဆုံး၊ နှစ်ဆယ်ကျော်ဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၄

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က က လေကြောင်းကနေ သုံးရက်ဆက်တိုက် ‌ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်တွေထံက သိရပါတယ်။

 “ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အတော်ဝေးတယ်ဗျ ။မဆိုင်တဲ့နေရာတွေကို ကြဲသွားတာ ။ဘာမှမဆိုင်တဲ့ ကလေးတွေလည်းထိကုန်တာပေါ့ “ လို့  ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့  နိုဝင်ဘာ ၇ ရက်က စပြီး ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး လက်ရှိမှာတော့ မြို့တွင်းနေရာ တော်တော်များများကို စိုးမိုးထားနိုင်ပြီလို့ သိရပါတယ်။

မြေပြင်တိုက်ပွဲမှာ အခြေအနေမလှတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးပစ်ကူသာမက လေကြောင်းကပါ အရပ်သားတွေပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာလည်း ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

 စစ်ကောင်စီတပ်ဟာ   နိုဝင်ဘာ ၁၄ ရက်၊ ဒီကနေ့နေ့လယ်၁၂ နာရီခန့်မှာ မန္တလေးမြို့ တံတားဦး လေဆိပ်ကတက်လာတဲ့  တိုက်လေယာဉ်နဲ့ အလယ်တော ရွာ အပါအဝင် အင်းတိန်ရွာနဲ့ ပိန္နဲကုန်း ရွာဘက်ကိုတိုက်ခိုက်ခဲ့လို့  ကလေးငယ် တွေ အပါအဝင် ဒေသခံ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တာပါ။

အလယ်တော ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ထီးချိုင့် မြို့ နဲ့ မိုင်ဆယ်ချီကွာဝေးပြီး စစ်ကောင်စီက  အရပ်သားတွေကို ပစ်မှတ်ထားကာ တိုက်လေယာဉ်နဲ့တိုက်ခိုက်ခဲ့လို့ အခုလို ဒေသခံတွေ သေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့စစ်ကောင်စီတပ်က လေကြောင်းကတိုက်လို့ နိုဝင်ဘာ  ၁၂ ရက်ကသခွတ်ချောင်း မှာရှိတဲ့ ဘုန်းကြီးကျောင်းထိမှန်ခဲ့ကာ တနှစ်ခွဲ ကလေးငယ် တဦး နဲ့ အမျိုးသမီးတဦးသေဆုံးခဲ့သလို နိုဝင်ဘာ ၁၃ ရက်ကလည်းငါးနှစ်အောက် ကလေးငယ်နှစ်ဦး နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတချို့က နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးမှု ရှိသလို  နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ရှမ်းမြောက်ပိုင်းမှာ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ ပန်ဆိုင်း(ကြူကုတ်)၊ ဖောင်းဆိုင်၊ မုံးကိုး၊ နမ့်ခမ်းစတဲ့မြို့တွေနဲ့ စစ်ကိုင်းတိုင်းက ကောလင်း(ခရိုင်မြို့)နဲ့ ခမ်းပတ်မြို့တွေလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ကျန်တဲ့မြို့တွေ တော်လှန်ရေးအင်အားစုလက်ထဲ မကျရေးအစွမ်းကုန်ခုခံနေတာပါ။