ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ CNA ပြောခွင့်ရ အတည်ပြု

နိုဝင်ဘာ၊ ၁၃
 
အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNA)နဲ့ ပူးပေါင်းတပ်တို့က ဒီကနေ့မနက်မှာ သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားတယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက DNA ကို အတည်ပြုပြောပါတယ်။
 
” မြို့ထဲမှာရှိတဲ့ စခန်းကိုတော့ ကျွန်တော်တို့ သိမ်းလိုက်တယ်၊ သို့သော် အဲဒီရိဒ်ခေါဒါရ်ရဲ့ အမှတ်(၂) အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းပေါ်မှာရှိတဲ့ စခန်းအသေးလေးတခုတော့ ကျန်သေးတယ်ပေါ့နော်၊ အခုအဲဒါ (တိုက်ပွဲ) ဖြစ်နေတုန်း ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
 
လက်ရှိ ရိဒ်ခေါဒါရ်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ဘဲ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
“ သိမ်းပြီးမှတော့ သူတို့ မရှိတော့ဘူးလေ၊ ဆိုတော့ ကျွန်တော်တို့ပဲ (မြို့ကို)ထိန်းချုပ်ထားတယ်ပေါ့နော်၊ ဒါပေမယ့် အခုက ဂျက်ဖိုက်တာက လာနေတယ် ” လို့ ဆလိုင်းထက်နီက ဆက်ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက မြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဒေသခံ အရပ်သားနှစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရထားလို့ အိန္ဒိယနိုင်ငံဘက်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ရိဒ်ခေါဒါရ် ဒေသခံတဦးက ပြောပါတယ်။
 
ရိဒ်ခေါဒါရ်မြို့ကို မနေ့က နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီဝန်းကျင်လောက်ကတည်းက CNA ဦးဆောင်ကာ ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ CDF Hualngo၊ ထန်တလန် CDF ဒရုန်းအဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီမနက် ခြောက်နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေ ရှိခဲ့ပြီး အရေအတွက် အသေးစိတ်နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ CNA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
 
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံဘက်က ချင်းပြည်နယ် ဖလမ်းခရိုင်ထိစပ်ဒေသမှာရှိတဲ့ ရိခေါဒါရ် မြို့ဟာ နယ်စပ်ကုန်သွယ်ရေးစခန်း ရှိရာမြို့ ဖြစ်သလို နာမည်ကျော် ရိဒ်ရေကန် ရှိရာမြို့လည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း စစ်ကိုင်းတိုင်းဘက်က အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့ ခမ်းပတ်မြို့နဲ့ အဲ့ဒီမြို့အနီးတဝိုက် စစ်စခန်းတချို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စကြေညာပြီးတဲ့နောက် CNA၊ KNDF၊ BPLA နဲ့ ဒေသကာကွယ်ရေးတပ်တို့ကလည်း တပြိုင်နက် ထိုးစစ်ဆင်ခဲ့ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြုကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်း၊ သိန္နီ၊ စစ်ကိုင်းတိုင်း ကော့လင်း (ခရိုင်မြို့)နဲ့ ခမ်းပတ်မြို့ တို့ကို သိမ်းပိုက်ရရှိထားကြပြီ ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media