အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်အုပ်စုကို ပါဝင်ခွင့်မပေးဖို့ တောင်းဆို

နိုဝင်ဘာ၊ ၁၁

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး(ADMM) နဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ ပလက်ဖောင်းဖြစ်တဲ့ ADMM-Plus အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို ပါဝင်ခွင့်မပေးဖို့ တော်လှန်ရေးအင်အားစုတွေ အပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၇၇ ဖွဲ့က နိုင်ဝင်ဘာ ၁၀ ရက်၊ မနေ့က စာပို့တောင်းဆိုခဲ့ပါတယ်။

လက်ရှိ ADMM နဲ့ ADMM Plus ဥက္ကဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံကာကွယ်ရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးတို့ထံ တောင်းဆိုထားတာပါ။ 

ADMM နဲ့ ADMM Plus မှာ မြန်မာနိုင်ငံကိုယ်စား လက်ရှိဆောင်ရွက်နေတဲ့ တရားဝင်အခန်းကဏ္ဍအားလုံးကနေ စစ်အုပ်စုကို ဖယ်ရှားဖို့အပြင် လာမယ့် အစည်းအဝေးတွေ၊ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခွင့်မပေးဖို့ပါ တောင်ဆိုးထားတာပါ။

“စစ်အုပ်စုက ADMM နဲ့ ADMM Plus မှာ ပါနေသရွေ့၊ သူတို့ကို စစ်ရေးနည်းပညာတွေ၊ လက်နက်ကိရိယာတွေ ပံ့ပိုးနေသရွေ့ ကျွန်တော်တို့တွေ နေ့စဥ်နဲ့အမျှ ဒီထက်မက ဒုက္ခရောက်ဖို့ ရှိပါတယ်” လို့ စာပို့တောင်းဆိုတာကို ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီကာကွယ်ရေးအဖွဲ့ဝင် နော်အောင်က DNA ကို ပြောပါတယ်။

ADMM မှာတော့ မြန်မာအပါအဝင် အာဆီယံဆယ်နိုင်ငံပါဝင်ပြီး ADMM Plus မှာတော့ အာဆီယံဆယ်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ပါဝင်ပါတယ်။

ADMM နဲ့ ADMM Plus အစည်းအဝေးတွေမှာတော့ ဒေသအတွင်း လုံခြုံရေး၊ ကာကွယ်ရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ပူးပေါင်းလုပ်ဆောင်ဖို့တွေအပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက်ပါ အဓိကထားဆွေးနွေးကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကမ္ဘောဒီးယားနိုင်ငံမှာလုပ်တဲ့ ADMM အစည်းအဝေးမှာတော့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တက်ရောက်ခွင့်မပေးခဲ့ပါဘူး။

ဒါပေမယ့် အခုနှစ် သြဂုတ်လအတွင်းမှာတော့ ADMM Plus ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးကို နေပြည်တော်မှာ စစ်အုပ်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သလို စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကိုလည်း မြန်မာစစ်အုပ်စုက ပူးတွဲဥက္ကဌအနေနဲ့ ဦးဆောင်ခွင့်ရခဲ့ပါတယ်။

မြန်မာမှာ ပြုလုပ်တဲ့ အဲဒီ အစည်းအဝေးနဲ့ ရုရှားမှာပြုလုပ်တဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေမှာတော့ စင်္ကာပူ၊ သြစတြေးလျ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မပါဝင်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

ADMM Plus ရဲ့ ၁၇ ကြိမ်မြောက် အစည်းအဝေးနဲ့ ADMM Plus ရဲ့ ဆယ်ကြိမ်မြောက် အစည်းအဝေးတွေကိုတော့ လာမယ့် နိုဝင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။

“သူတို့အနေနဲ့(အာဆီယံ) မြန်မာပြည်သူတွေအတွက် ကောင်းရာကောင်းကြောင်း မလုပ်နိုင်သည့်တိုင်အောင် အခုလိုမျိုး မြန်မာနိုင်ငံသားတွေကို သတ်ဖို့ဖြတ်ဖို့လုပ်နေတဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက်နဲ့ ကူညီပေးနေတဲ့ဟာကို ရပ်တန့်ဖို့လိုတယ်” လို့ နော်အောင်က DNA ကို ပြောပါတယ်။

တဖက်မှာလည်း အဲဒီ ADMM နဲ့ ADMM Plus အစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးကို မြန်မာကိုယ်စားပြု တက်ရောက်ခွင့်ပေးဖို့ မြန်မာအဖွဲ့တွေက တောင်းဆိုထားပါတယ်။

“အဲလိုဖြစ်ဖို့တော့ NUG ကို တရားဝင်အစိုးရအနေနဲ့ အသိမှတ်ပြုဖို့ ပထမအဆင့် လိုအပ်ပါတယ်၊ အဲဒါကတော့ အန္တိမရည်မှန်းချက်ဖြစ်ပါတယ်၊ အခုချက်ချင်းလက်ငင်းဖြစ်ဖို့က ခဲယဥ်းပါတယ်” လို့ နော်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာတော့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌနေရာအတွက် မြန်မာအစား ဖိလစ်ပိုင်ကို ခန့်အပ်တာဝန်ပေးဖို့အပြင် အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိသူကိုသာ တက်ခွင့်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။